ဒုတိယသမ္မတ ဦးမြင့်ဆွေ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

 

နေပြည်တော် ဒီဇင်ဘာ ၃၀

 

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမျိုးသားကော်မတီ အဖွဲ့ဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင် မောင်ဝင်း၊ ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်း၊

ဒေါက်တာမြလေးစိန်နှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အစည်းအဝေးသည် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ စတုတ္ထ အကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည် ဆင်းရဲမှုလျှော့ချရေးကို အထောက်အကူပြုရုံသာမက လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လုပ်ငန်းတစ်ခုဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း အစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသော လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအား ပိုမိုထိရောက် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် “လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ” ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ မေ ၁၇ ရက် ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ်(၃၉/၂၀၁၈)ဖြင့် လုပ်ငန်း တာဝန် (၁၁)ရပ် ချမှတ်ကာ ဒုတိယသမ္မတ ဦးဆောင်၍ (၁၂)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။

လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် “ လုပ်ငန်းကော်မတီ ” ၊ “နည်းပညာအထောက်အကူပြုကော်မတီ”နှင့် “စောင့်ကြည့် ကြီးကြပ်ခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းကော်မတီ” တို့ကို ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်နေသည့်အပြင် လုပ်ငန်း လိုအပ်ချက်အပေါ် မူတည်ပြီး “လုပ်ငန်းအဖွဲ့ (Taskforce)” များကိုလည်း ဖွဲ့စည်းပြီး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

“ အမျိုးသားကော်မတီ” ၏ တတိယအကြိမ် အစည်းအဝေးနှင့် စတုတ္ထအကြိမ် အစည်းအဝေးကြားကာလ အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ကြည့်လျှင် တိုးတက်မှုများရှိလာသည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ ပိုမိုကောင်းမွန်အောင်ဆောင်ရွက် ရန် လိုအပ်နေသေးသည့် အကြောင်းအရာများကိုလည်း တွေ့ရပါကြောင်း၊ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း မျှော်လင့်မထားဘဲ ကြုံတွေ့ရသည့် COVID-19 ကမ္ဘာ့ကပ် ရောဂါကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ၏ အကောင် အထည်ဖော်မှုပုံစံများကိုလည်း ပြောင်းလဲဆောင်ရွက်ခဲ့ရပါကြောင်း၊ ထို့ပြင် “ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan- CERP)” ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် “လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်” အသစ်များ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ COVID-19 ကူးစက် ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း CERP အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူချင်းတွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရန် အကန့်အသတ်များ ရှိလာ ပါကြောင်း၊ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်များအား ငွေကြေးအထောက်အပံ့ပေးရန်အတွက် “ငွေဗိုက်အစီအစဉ် Mobile Application” တစ်ခုရေးဆွဲပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုယ်တိုင် စာရင်းရေးသွင်းနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း။

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်း၌ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၏ အရေးပါမှုကို ပိုမိုသတိထားမိလာကြပါကြောင်း၊ မိမိတို့ ကော်မတီဝင်များအနေဖြင့်လည်း အနာဂတ်တွင် အလားတူ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးများနှင့် ကြုံတွေ့လာပါက ပိုမို ကောင်းမွန်စွာ တုံ့ပြန်နိုင်ရေးအတွက် ယခုတွေ့ကြုံနေရ သည့် COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေများအပေါ် သင်ခန်းစာဖော်ထုတ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်သွားရ မည့်လုပ်ငန်းများနှင့် အစီအမံများကို ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရာ၌ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် “လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Social Management Information System - SMIS)” ကို စတင်တည်ဆောက်နေပြီဟု သိရှိရပါကြောင်း၊ အဆိုပါ စနစ် တည်ဆောက်နေမှုသည် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် အရေး ပါသည့် တိုးတက်ဖြစ်ထွန်းမှုတစ်ခုလည်းဖြစ်ပါကြောင်း၊ “လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ်” တည်ဆောက်ပြီးသည့်အခါ အဆိုပါစနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ရေရှည်တည်တံ့နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်” ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာ့ဘဏ်ချေးငွေနှင့် နိုင်ငံတော်ရန်ပုံငွေ ပေါင်းစပ်ကာ “ဧရာဝတီတိုင်းဒေသ ကြီး” နှင့် “ရှမ်းပြည်နယ်” တို့တွင် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ သည်ကိုလည်း တိုးတက်ဖြစ်ထွန်းမှုတစ်ရပ်အနေဖြင့် ရှုမြင်မိပါကြောင်း၊ နောက်ထပ်မြင်တွေ့ခဲ့ရသည့် တိုးတက် ဖြစ်ထွန်းမှုတစ်ခုမှာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာ ၌ “Electronic Cash Transfer နည်းလမ်း” ကို အသုံးပြုပြီး “ဧရာဝတီတိုင်းဒေသကြီး”၊ “ရှမ်းပြည်နယ်” နှင့် “ရခိုင်ပြည် နယ်၊ စစ်တွေမြို့နယ်” တို့တွင် စတင်စမ်းသပ်ဆောင်ရွက် လာနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ ပြုလုပ်သည့်နေရာ၌ ကနဦးကာလတွင် အခက်အခဲများစွာ တွေ့ကြုံရနိုင်ပါကြောင်း၊ အဆိုပါ အခက် အခဲများအပေါ် သင်ခန်းစာရယူကာ ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် အောင်မြင်မှု များနှင့် တိုးတက်ဖြစ်ထွန်းမှုများသာမက အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိနေသည်ကိုလည်း နားလည်သဘောပေါက် ထားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် COVID-19 ကူးစက် ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်နိုင်မှုအကန့်အသတ်ရှိခြင်းများ၊ မူလစီစဉ်ထား သည့် လုပ်ငန်းများကို ပြောင်းလဲပြီး ဆောင်ရွက်ရခြင်းများနှင့် အခြားသော COVID- 19 ကူးစက်ရောဂါ ဖြစ်ပွားနေမှု အခြေအနေများနှင့် ဆက်စပ်သည့်အခက်အခဲများကိုလည်း ကြုံတွေ့ခဲ့ကြရပါကြောင်း၊ ထို့ပြင် လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေသော “ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ”နှင့် “ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန် ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ” အတွက် ရေရှည်ရန်ပုံငွေရရှိရေးသည် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည့်အတွက် “ရေရှည်ရန်ပုံငွေရရှိရေး မဟာ ဗျူဟာ” တစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါမဟာဗျူဟာတစ်ရပ် ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် စတင်ဆောင်ရွက်နေသည်ကိုလည်း သိရှိထားပါကြောင်း။

ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များ ရေရှည် တည်တံ့ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ကျောထောက် နောက်ခံပြုထားနိုင်ရန်လည်း အရေးကြီးပါကြောင်း၊ ထို့အတွက် တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း “လူမှုရေး အထောက်အပံ့ဆိုင်ရာဥပဒေ(မူကြမ်း)” ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ အဓိကမဟာဗျူဟာမြောက် အစီအစဉ်ဖြစ် သည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan - MSDP)” တွင် ပါဝင်သည့် အဓိက လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် “လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း” များသည် နိုင်ငံတော် ၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိစေသည့် လုပ်ငန်းဖြစ်သည့်အတွက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ရန်ပုံငွေရရှိရေးကိစ္စရပ်များတွင် ဝန်ကြီးဌာနများအကြား၊ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့ အစည်းများအကြား ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယနေ့အစည်းအဝေးသို့တက်ရောက် လာကြသည့် တာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေ အနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဝိုင်းဝန်း ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “လူမှုရေး ဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်” တည်ဆောက်နေမှုအခြေအနေ၊ “မြန်မာ့လူမှုရေးအထောက် အပံ့ဆိုင်ရာဥပဒေ(မူကြမ်း)”ကို ရေးဆွဲပြီး ဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေ၊ “လူမှုရေး ပင်စင်အစီအစဉ်” နှင့်“ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်” တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ COVID- 19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan - CERP) အစီအစဉ်များ အရ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များကို ထိရောက် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “ရန်ပုံ ငွေရရှိရေး”၊ “ရေရှည်ရန်ပုံငွေရရှိရေး”နှင့် “လူသားအရင်း အနှီး လုံလောက်စွာရရှိရေး” ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲအခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ငွေကြေးထောက်ပံ့မှုရှင်းလင်း

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးက လူမှုကာကွယ် စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာ ဗျူဟာစီမံချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ပေးရေးလုပ်ငန်း အစီ အစဉ်များ၊ လူမှုရေးပင်စင်ထောက်ပံ့ပေးရေးလုပ်ငန်း အစီ အစဉ်များ၊ ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေ အနေ၊ ဆက်လက်တိုးချဲ့ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းအစီအစဉ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် ဘဏ္ဍာငွေရရှိမှုအခြေအနေနှင့် COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP)အရ COVID-19 ကာလအတွင်း ငွေကြေးထောက်ပံ့ ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူမှုဖူလုံရေးဥပဒေ ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေ၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်အာမခံစနစ် အကောင်အထည်ဖော် ဆောင် ရွက်နေမှု အခြေအနေ၊ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)အစီအစဉ်အရ အလုပ်သမား များကို ထောက်ပံ့ပေးနေမှုအခြေအနေ၊ ရွှေ့ပြောင်းအလုပ် သမားများအား ကူညီစောင့်ရှောက်ပေးနေမှုအခြေအနေ နှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း ၍ လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် စနစ်တကျဝိုင်းဝန်း ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များတွင် ထောက်ပံ့ပေးလျက် ရှိသည့် ကိစ္စရပ်များ၌ ရသင့်ရထိုက်သူများ ရရှိရေးအတွက် စနစ်တကျပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးလှ ကျော်၊ ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်းနှင့် အမြဲတမ်းအတွင်း ဝန် ဒေါ်နိုင်သက်ဦးတို့က သက်ဆိုင်ရာဌာနများအလိုက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက် (၇)ချက် ချမှတ် ကာ အတည်ပြုချက်ရယူသည်။

လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း

ယင်းနောက် အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ရာတွင် ယနေ့အစည်းအဝေး၌ ဆွေးနွေးအကြံပြုချက်များ သည် ကောင်းမွန်ပြီး လွန်စွာအကျိုးရှိပါကြောင်း၊ ဆွေးနွေး အကြံပြုချက်များကိုလည်း ထိရောက်အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် သာမန် အားဖြင့်ကြည့်လျှင် ငွေကြေးအကုန်အကျ များသည်ဟု ထင်ရသော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏ “လူမှုစီးပွား ထိခိုက်လွယ်မှု အခြေအနေများကို လျှော့ချပေးရန်”၊ “လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်” နှင့် “အခြေခံဝင်ငွေ အထောက်အပံ့ဖြစ်စေရန်” အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်ပါ ကြောင်း၊ အဆိုပါလုပ်ငန်းများကို နိုင်ငံတကာတွင်လည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်နေကြ ပါကြောင်း၊ မိမိတို့နိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များအပေါ် ရန်ပုံငွေသုံးစွဲမှုတွင် ပတ်ဝန်းကျင် နိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များကို ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ လိုအပ် သည်များ ကြိုတင်စီမံဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်မှုအနေဖြင့် မြန်မာ နိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်းအစီအစဉ် (၈)ရပ် အနက် “ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ်” ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်ခဲ့ပြီး ပထမအကြိမ် အမျိုးသားကော်မတီ အစည်းအဝေးအပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုနည်းတူစွာ “လူမှုရေးပင်စင်” ထောက်ပံ့ရာတွင်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသက်(၉၀) နှစ်နှင့် အထက် အဘိုးအဘွားများကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက် (၈၅) နှစ်သို့ လျှော့ချပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ပံ့ပေးလျက် ရှိပါ ကြောင်း၊ အသက် (၈၀) နှစ်သို့ လျှော့ချဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း ဘဏ္ဍာရန်ပုံငွေ မလုံလောက်သည့် အတွက် ယာယီရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ မိမိတို့ ကော်မတီသည် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက် ရေး အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်ပါလုပ်ငန်း အစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပေးအပ် ထားသည့် လုပ်ငန်းစဉ် (၁၁) ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခုလို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရရှိ ပြီးသားအခြေအနေများအပေါ် အခြေခံပြီး ပိုမိုတိုးမြှင့် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းပါကြောင်း ပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်