
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၃၀ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေတာ
နဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေမှုအခြေအနေကို ပြောကြား ပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။ ။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေ၊ အာဆီယံ
ဒေသအတွင်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒေသ ကြီးတွေအခြေအနေ၊ ကျွန်တော်တို့ဆီမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေအားလုံးကို ခြုံငုံသုံးသပ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
တဖြည်းဖြည်းကျလာ
ပထမဦးဆုံး တင်ပြချင်တာက ဩဂုတ် ၂၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၁၈၉ ခုကို စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉၃၂ ဦး တွေ့ရပြီး ပိုးတွေ့ရှိနှုန်းက ၁၆ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်တဲ့ အတွက် ပိုးတွေ့ရှိနှုန်းတွေ တဖြည်းဖြည်းကျလာတဲ့ သဘောရှိပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတို့မှာ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၃၈၉၁၃၄ ဦးရှိပြီး သေဆုံးသူပေါင်း ၁၅၀၇၇ ဦး ရှိပါတယ်။ ဒါတွေက လတ်တလောတွေ့ရှိရတဲ့ အချက်တွေ ဖြစ်ပါတယ်။
ရောဂါကူးစက်မှုလှိုင်းနဲ့ ကာလကိုကြည့်ရင် ပထမလှိုင်းကာလက ၁၄၆ ရက် ကြာခဲ့ပါတယ်။ ဒုတိယလှိုင်းကာလက ၂၈၄ ရက် ကြာခဲ့ပြီး ရောဂါ ဖြစ်ပွားသူပေါင်း ၁၄၂၉၄၄ ဦးနဲ့ သေဆုံးသူပေါင်း ၃၂၁၀ ရှိခဲ့ပါတယ်။ ကူးစက်မှုနှုန်းမြန်ပြီး ရောဂါ ဖြစ်ပွားမှုပြင်းထန်တဲ့ မျိုးဗီဇပြောင်းလဲမှုရှိတဲ့ ပိုးတွေနဲ့အတူ တတိယလှိုင်းကာလက မေ ၂၇ ရက်ကနေ ဩဂုတ် ၂၈ ရက်အထိ ၉၄ ရက်တာ ကာလရှိခဲ့ပြီဖြစ်ပါတယ်။ တတိယလှိုင်းကာလ အတွင်း ပိုးတွေ့ရှိသူပေါင်း ၂၄၅၈၁၆ ဦးရှိပြီး သေဆုံးသူပေါင်း ၁၁၈၆၁ ဦးရှိကာ သေဆုံးမှုနှုန်း အနေနဲ့ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ တက်လာတာကို တွေ့ရပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ တတိယ လှိုင်းတို့ကို ပေါင်းလိုက်ရင် စုစုပေါင်းလူနာ ၃၈၉၁၃၄ ဦး၊ သေဆုံးသူပေါင်း ၁၅၀၇၇ ဦး၊ သေဆုံးမှုနှုန်းအနေနဲ့ ၃ ဒသမ ၉ ရာခိုင်နှုန်းရှိတာကို ပထမဦးဆုံးအနေနဲ့ တင်ပြလိုပါတယ်။
ကျွန်တော့်အနေနဲ့ တတိယလှိုင်းကာလကို ခြုံငုံပြီး ပြန်လည်တင်ပြပါမယ်။ မေ ၂၇ ရက်မှာ စစ်ဆေးသူပေါင်း ၁၇၈၈ ဦးအနက် ၉၆ ဦး အစုလိုက် အပြုံလိုက်အနေနဲ့စတင်တွေ့ရပြီး ပိုးတွေ့ရာခိုင် နှုန်း ၅ ဒသမ ၃၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒါက တတိယလှိုင်းအစလို့ ပြောလို့ရပါတယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ ပိုးတွေ့ရှိနှုန်းက ဇူလိုင် ၂၃ ရက် စစ်ဆေးသူပေါင်း ၁၀၄၈၇ ဦးမှာ ပိုးတွေ့သူပေါင်း ၅၅၀၆ ဦး၊ ပိုးတွေ့နှုန်းက ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း ဆိုတဲ့အတွက် ၄၁ ရာခိုင်နှုန်းနီးပါးအထိ တက်သွား တာကို တွေ့ရပါတယ်။ နောက်ပိုင်း နိုင်ငံတော်က Stay at Home မြို့နယ်တွေ ကြေညာတယ်။ ရုံးပိတ် ရက်ရှည်တွေ သတ်မှတ်ပေးတယ်။ တစ်ဖက်ကလည်း ပြည်သူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေက နည်းစနစ်တကျ ကြပ်မတ်ထိန်းကျောင်းပေးမှု၊ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေ ကြောင့် ပိုးတွေ့ရှိနှုန်းတွေ တဖြည်းဖြည်းနဲ့ ကျဆင်း လာတာကို တွေ့ရပါတယ်။
ဇူလိုင် ၂၃ ရက်မှာ ရောဂါပိုးတွေ့နှုန်း ၄၁ ရာခိုင်နှုန်းနီးပါး တက်ခဲ့ရာကနေ ဩဂုတ် ၃ ရက်မှာ ၃၀ ဒသမ ၀၇ ရာခိုင်နှုန်းအထိ ပြန်ပြီးကျလာတာကို တွေ့ရပါတယ်။ ဩဂုတ် ၂၈ ရက် အနေအထားက ၁၆ ဒသမ ၁၂ ရာခိုင်နှုန်းအထိ ပြန်ကျလာတာက ကောင်းတဲ့အချက် ဖြစ်ပါတယ်။ တတိယလှိုင်းရဲ့ ရောဂါဖြစ်ပွားမှု တကယ့်ထိပ်ဆုံးထိပ်ဖျားကို ကျော်လွန်လာခဲ့တဲ့ အနေအထားမျိုး၊ ပိုးတွေ့ရှိနှုန်းနဲ့ ရောဂါဖြစ်ပွားမှုကျဆင်းလာတဲ့ အနေအထားကို တွေ့ရှိလာရပါတယ်။
ရောဂါဖြစ်ပွားမှု အကျဆင်းဆုံး
ရန်ကုန်တိုင်းဒေသကြီး
ရုံးပိတ်ရက်ရှည်တွေနဲ့ ပတ်သက်ပြီး တင်ပြရရင် ရုံးပိတ်ရက်ကာလက ခြောက်ပတ်ထဲကို ရောက်လာပြီ။ ဒီရုံးပိတ်ရက်မသတ်မှတ်မီ တစ်ပတ် (ဇူလိုင် ၁၄ ရက် ကနေ ၂၀ ရက်အထိ)ကို အခြေခံပြီး ကိန်းဂဏန်း အတက်အကျ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကြည့်တဲ့အခါမှာ နံပါတ်တစ်အနေနဲ့ ရောဂါဖြစ်ပွားမှု အကျဆင်းဆုံးလို့ ပြောရပါမယ်။ ဒါက ရန်ကုန်တိုင်း ဒေသကြီး ဖြစ်ပါတယ်။ ရုံးပိတ်ရက်ရှည်သတ်မှတ်ပြီး ပထမအပတ်မှာပဲ ရန်ကုန်တိုင်းဒေသကြီးက ၂၂ ရာခိုင် နှုန်းအထိ ကျသွားပါတယ်။ ဒုတိယအပတ်မှာ ၄၅ ရာခိုင်နှုန်း၊ တတိယအပတ်မှာ ၆၈ ရာခိုင်နှုန်း၊ စတုတ္ထ အပတ်မှာ ၇၇ ရာခိုင်နှုန်းအထိကျပြီး ပဉ္စမအပတ်ဖြစ်တဲ့ ဩဂုတ် ၂၄ ရက်မှာ ၈၇ ရာခိုင်နှုန်းအထိ ကျဆင်းသွား တာကို တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ရောဂါဖြစ်ပွားမှု တော်တော်ကြီးကို ကျဆင်းသွားတာ ကို တွေ့ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။
ဒုတိယအကျဆင်းဆုံး တိုင်းဒေသကြီးက စစ်ကိုင်း တိုင်းဒေသကြီး ဖြစ်ပါတယ်။ ရုံးပိတ်ရက်ရှည် သတ်မှတ်ပြီးတဲ့အခါ ပထမအပတ်မှာ ခုနစ်ရာခိုင်နှုန်း၊ ဒုတိယအပတ်မှာ ၂၆ ရာခိုင်နှုန်း၊ တတိယအပတ်မှာ ၅၈ ရာခိုင်နှုန်း၊ စတုတ္ထအပတ်မှာ ၅၇ ရာခိုင်နှုန်းနဲ့ ပဉ္စမအပတ်မှာ ၇၂ ရာခိုင်နှုန်းအထိ ရောဂါဖြစ်ပွားသူ ဦးရေ ကျဆင်းလာတာကို တွေ့ရပါတယ်။
ပဲခူးတိုင်းဒေသကြီးအနေနဲ့ ပဉ္စမအပတ် (ဩဂုတ် ၁၈ ရက်ကနေ ၂၄ ရက်အထိ) ကာလ အတွင်းမှာ ရုံးပိတ်ရက်မသတ်မှတ်မီ တစ်ပတ် ကာလ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ၇၁ ရာခိုင်နှုန်း အထိ ကျလာတာကို တွေ့ရပါတယ်။ ဒီလိုရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသ ကြီး၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ ဖြစ်ပါတယ်။
ရုံးပိတ်ရက်အစပိုင်းမှာ သိပ်မကျသေးဘဲ နောက်ပိုင်းမှာကျလာတဲ့ ပြည်နယ်/တိုင်းဒေသကြီး တွေအနေနဲ့ ကချင်ပြည်နယ်က ရုံးပိတ်ရက်ရှည် သတ်မှတ်တဲ့ ပထမအပတ်မှာ ၄၅ ရာခိုင်နှုန်းနဲ့ ဒုတိယအပတ်မှာ ၁၄ ရာခိုင်နှုန်းအထိ ဆက်တက် နေပါတယ်။ တတိယအပတ်မှာ ခြောက်ရာခိုင်နှုန်း ပြန်ကျလာပါတယ်။ စတုတ္ထအပတ်မှာ ၁၅ ရာခိုင်နှုန်း အထိ ကျလာပြီး ပဉ္စမအပတ်မှာ ၂၆ ရာခိုင်နှုန်းအထိ ကျသွားတာကို တွေ့ရပါတယ်။ အစပိုင်းမှာ နည်းနည်း တက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကျလာတာကို တွေ့ရ ပါတယ်။ မန္တလေးတိုင်းဒေသကြီးအနေနဲ့ ရုံးပိတ်ရက် ရှည်သတ်မှတ်တဲ့ ပထမအပတ်မှာ ၃၃ ရာခိုင်နှုန်း၊ ဒုတိယအပတ်မှာ ၃၃ ရာခိုင်နှုန်းနဲ့ တတိယအပတ်မှာ ၆၄ ရာခိုင်နှုန်းအထိ တက်သွားပါတယ်။ စတုတ္ထ အပတ်မှာ ၁၄ ရာခိုင်နှုန်းနဲ့ ပဉ္စမအပတ်မှာ ၃၈ ရာခိုင်နှုန်းအထိ ကျလာပါတယ်။
ရုံးပိတ်ရက်ရှည် ငါးပတ်ကျော် ခြောက်ပတ်ထဲ ရောက်ရှိလာတာတောင် ဆက်ပြီးတက်နေသေးတဲ့ သို့မဟုတ် ဖြစ်ပွားတာတန်းနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် သုံးခု ရှိပါတယ်။ အဓိက ရှမ်းပြည်နယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အနေနဲ့ ပထမအပတ်မှာ ငါးရာခိုင်နှုန်း တက်ပါတယ်။ ဒုတိယအပတ်မှာ နှစ်ရာခိုင်နှုန်း ပြန်ကျပါတယ်။ တတိယအပတ်မှာ ထူးခြားမှု မရှိပါဘူး။ စတုတ္ထအပတ်မှာ လေးရာခိုင် နှုန်းတက်ပြီး ပဉ္စမအပတ်မှာ တန်းနေတဲ့ သဘော ရှိပါတယ်။ ရှမ်းပြည်နယ်အနေနဲ့ ဆက်လက်ပြီး ရောဂါဖြစ်ပွားရာ ဇာစ်မြစ်နဲ့ ရောဂါဖြစ်ပွားမှု များပြားတဲ့ မြို့နယ်၊ ဒေသ၊ ရပ်ကွက်၊ ကျေးရွာအထိ ဆင်းပြီး ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနဲ့ ကုသရေး တွေကို တိုးမြှင့်ဆောင်ရွက်ဖို့လိုပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ပထမ အပတ်မှာ ၄၃ ရာခိုင်နှုန်း၊ ဒုတိယအပတ်မှာ ၁၁၅ ရာခိုင်နှုန်း၊ တတိယအပတ်မှာ ၁၂၅ ရာခိုင်နှုန်း၊ စတုတ္ထအပတ်မှာ ၁၁၇ ရာခိုင်နှုန်းနဲ့ ပဉ္စမအပတ်မှာ ၈၈ ရာခိုင်နှုန်းအထိ ရောဂါဖြစ်ပွားတဲ့ လူဦးရေအရ တက်နေတုန်းဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသ ကြီးအနေနဲ့ တက်တဲ့အထဲမှာပါနေဆဲဖြစ်ပါတယ်။ ရောဂါဖြစ်ပွားသူ လူဦးရေတက်နေမှု အများဆုံးက ကယားပြည်နယ် ဖြစ်ပါတယ်။ ကယားပြည်နယ် အနေနဲ့ ပထမအပတ်မှာ ၆၆ ရာခိုင်နှုန်း၊ ဒုတိယ အပတ်မှာ ၈၈ ရာခိုင်နှုန်း၊ တတိယအပတ်မှာ ၁၄၁ ရာခိုင်နှုန်း၊ စတုတ္ထအပတ်မှာ ၁၈၀ ရာခိုင်နှုန်းနဲ့ ပဉ္စမအပတ်မှာ ၂၂၂ ရာခိုင်နှုန်း တက်နေပါတယ်။ ကယားပြည်နယ်က ဖြစ်ပွားတဲ့လူဦးရေအရ တွက် ကြည့်ရင် နည်းတဲ့အတွက် ကိန်းဂဏန်းအနေနဲ့ ၂၀ ကနေ ၄၀ တက်သွားတာမျိုး၊ ၁၀၀ ကနေ ၂၀၀ ဖြစ်သွားတာမျိုးဖြစ်လို့ တော်သေးတယ်လို့ပြောရ ပါမယ်။ အခြေခံကိန်းဂဏန်းက သောင်းဂဏန်းနဲ့ ရှိပြီး နှစ်ဆသာတက်ရင် စိတ်ပူရမယ့်အနေအထား ပါ။ ကယားပြည်နယ်အနေနဲ့ ဖြစ်ပွားတဲ့ လူဦးရေ က အစကတည်းက နည်းပါတယ်။ အစကတည်းက နည်းတဲ့သဘောကနေ နောက်ပိုင်း နှစ်ဆတက် လာတဲ့သဘောရှိပါတယ်။
ဒီလိုမျိုးရောဂါဖြစ်ပွားမှုတွေ တက်လာရင် တက်နေတဲ့နေရာတွေမှာ တက်လာတဲ့ ကိန်းဂဏန်း ကိုပြန်ပြီး Break Down ချရပါတယ်။ ဘယ်မြို့နယ် က တက်သလဲ၊ မြို့နယ်ထဲက ဘယ်ရပ်ကွက်/ ကျေးရွာကတက်သလဲ၊ ရပ်ကွက်/ကျေးရွာထဲက ဘယ်လမ်းက တက်သလဲနဲ့ နောက်ဆုံး ဘယ်အိမ် က ဖြစ်သလဲအထိ ရောဂါဖြစ်ပွားမှုကို နောက်ကနေ လိုက်ရပါတယ်။ ကိန်းဂဏန်းတစ်ခု တက်လာရင် သူ့ရဲ့နောက်မှာ ရောဂါရာဇဝင်ရှိပါတယ်။ ဒီရာဇဝင် ကိုလိုက်ပြီး သူနဲ့ ဆက်စပ်ထိတွေ့တဲ့သူတွေ ရှာရ ပါတယ်။ ဒါက ရောဂါကွင်းဆက်ဖြတ်ခြင်း ဖြစ်ပါ တယ်။
ဆက်လက်ပြီး ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်း တွေ ရှိပါတယ်။ ကာကွယ်ရေးလုပ်ငန်းတွေကို အားလုံးစုပေါင်းလုပ်ဆောင်ကြဖို့ ကျန်းမာရေး အသိပညာမြှင့်တင်ပေးရတဲ့ အပိုင်းတွေရှိတယ်။ ဒါတွေကို ပူးပေါင်းပြီး ဆောင်ရွက်ရင် ဖြစ်ပွားမှု တက်နေတဲ့ နေရာတွေလည်း လျော့သွားမှာဖြစ်တဲ့ အပြင် ကုသရေးစနစ်အပေါ် သက်ရောက်လာနေတဲ့ လူနာအင်အားများပြားနေတဲ့ကိစ္စတွေ တဖြည်းဖြည်း လျော့ပါးလာပြီး တတိယလှိုင်းကို ကောင်းစွာ ဆက်လက်ကျော်ဖြတ်နိုင်မယ့် အနေအထားကို ရရှိလာမှာဖြစ်ပါတယ်။ ဒါတွေက မြန်မာနိုင်ငံရဲ့ အခြေအနေကို ဦးစွာတင်ပြခြင်းဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ထက်လျှံ