
နေပြည်တော် ဩဂုတ် ၁၂
ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ- ဒေသတွင်း အဆင့်(10th ASEAN Quiz - Regional Level) ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံက အလှည့် ကျအိမ်ရှင်အဖြစ် ဦးဆောင် ကျင်းပနိုင်ရန်နှင့် အဆိုပါ ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများကို အာဆီယံ ဉာဏ်စမ်းပဟေဠိ- နိုင်ငံတော် အဆင့် (10th ASEAN Quiz - National Level) ပြိုင်ပွဲအတွက် ရွေးချယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ကျင်းပ ရာ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တက်ရောက်အမှာ စကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာ ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် မြန်မာ နိုင်ငံမှ 10th ASEAN Quiz - Regional Level ပြိုင်ပွဲအောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် 10th ASEAN Quiz - National Level ပြိုင်ပွဲဝင်များအား ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနက ပြည်နယ်နှင့်တိုင်းဒေသ ကြီးများမှ အသက် ၁၅ နှစ်မှ အသက် ၁၈နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူ ၄၀ခန့် ရွေးချယ်ရေး၊ သက်ဆိုင်ရာဌာန အသီးသီးမှ မေးခွန်းလွှာများ စုစည်းပေးပို့ရေး၊ နိုင်ငံ့ဂုဏ်ဆောင် နိုင်မည့် ကျောင်းသား ကျောင်းသူ များ ထွက်ပေါ်လာစေရေး၊ နည်း ပညာပိုင်းဆိုင်ရာတွင် အခြားနိုင်ငံ များနည်းတူ အဆင့်မြင့်မြင့် အသုံးပြုနိုင်ရေး၊ လိုအပ်သည်များ ကူညီပံ့ပိုးနိုင်ရေး ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြသည်။
အာဆီယံဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲသည် အာဆီယံ ပြန်ကြား ရေးဆပ်ကော်မတီဖြစ်သည့် (SCI) ၏ စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှစတင်၍ နှစ်နှစ်လျှင် (၁) ကြိမ် အာဆီယံအဖွဲ့ဝင်နိုင်ငံများ က အလှည့်ကျ ကျင်းပလျက်ရှိရာ ၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံ၊ ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံနှင့် ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း ၂၀၂၂ ခုနှစ်တွင် (၁၀)ကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ (ဒေသတွင်းအဆင့်) 10th ASEAN Quiz (Regional Level) ပြိုင်ပွဲ အား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်