ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်    ၁၆


ပြည်ထောင်စုနယ်မြေ  နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်ရှိ   မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီ များနှင့် သာသနာ့ဗိမာန်တော်  ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

 


အခမ်းအနားသို့  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် ၂၀၂၂ ခုနှစ် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူကြမည့် ဆရာတော်ကြီးများ၊      ဒေသခံဩဝါဒါစရိယ      ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်    ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊    နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်   ဖိတ်ကြား ထားသည့်  ဧည့်သည်တော်များ၊  ဝတ်အသင်းအဖွဲ့များ   တက်ရောက် ကြည်ညိုကြသည်။

 


ဦးစွာ    အခမ်းအနားကို   နမောတဿသုံးကြိမ်ရွတ်ဆို  ဘုရား ကန်တော့ဖွင့်လှစ်ပြီး  ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရား တော်များ    ရွတ်ပွားချီးမြှင့်တော်မူကြသည်။  ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ရတနတ္တယပူဇာဂါထာတော်နှင့်  မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပွားများ  ပူဇော်ကြသည်။

 


ကျောက်စာရုံစေတီ ရတနာပန္နက်တော်တင်


ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပန္နက်တော် စိုက်ထူပူဇော်သည့် ရှေးထုံးစဉ်လာကျမ်းဂန်တော်လာ အစဉ်အလာမြတ် များနှင့်အညီ ကျောက်စာရုံစေတီ ဗဟိုပန္နက်တော်ဌာနတွင် နေရာယူ ကြသည်။   ထို့နောက်   မင်္ဂလာအချိန်တွင်   ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောက်စာရုံစေတီ ဗဟိုပန္နက်တော်ဌာနတွင် ရတနာပန္နက်တော်ကို  စိုက်ထူ၍  ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။

 


ထို့နောက်  ကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊  ဒေါက်တာ  ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့က ကျောက်စာရုံစေတီပန္နက်တော်ဌာနရှိ    သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်များကို စိုက်ထူပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော် ကြသည်။

 


သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင်


ဆက်လက်ပြီး   သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်ဌာနတွင်    အသီးသီးနေရာယူကြပြီး မင်္ဂလာအချိန်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က   ရတနာပန္နက်တော်ကို    စိုက်ထူ၍    ပရိတ်နံ့သာရည်များ   ပက်ဖျန်းပူဇော်သည်။  ထို့နောက် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်၊   ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)   ဗိုလ်ချုပ်ကြီး   မိုးအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ)     ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့က သာသနာ့ဗိမာန်တော် ပန္နက်တော် ဌာနရှိ သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက်တော်များကို စိုက်ထူ ပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်ကြသည်။

 


ထို့နောက်   သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြပြီး ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍ အခမ်းအနားကိုရုပ်သိမ်းကာ   ရတနာရွှေမိုး  ငွေမိုးများ   ရွာသွန်းဖြိုး ခဲ့ကြသည်။

 


အဆိုပါ ကျောက်စာရုံစေတီများ တည်ထားနိုင်ရေး   စီစဉ်ဆောင်ရွက် ခဲ့ရာတွင်  ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီးဖြစ်သည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ခဲ့သည့် မန္တလေးမြို့ မဟာလောက မာရဇိန် ကုသိုလ်တော် ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံ များအား အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊  သမိုင်းမော်ကွန်းကျောက်စာထားရှိမည့် ကျောက်စာရုံ သည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေ ရှိမည်ဖြစ်ပြီး အခြား ကျောက်စာရုံများအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၇၅ လက်မ၊ ထု ၇ ဒသမ ၂ လက်မရှိမည်ဖြစ်ကြောင်း၊ ယခု  ပိဋကတ် သုံးပုံပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများကို   ရေးထိုးပူဇော်ပြီးပါ ကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ နှုတ်ကပါဌ်တော် များကို  ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက်  မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော် ထားရှိမည်ဖြစ်ပြီး   ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက်ဖူးမြော်ရာတွင်     ကျောက်စာတိုက်များ အတွင်းရှိ ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများကိုပါ   တစ်ပါတည်း   ကြည်ညိုလေ့လာနိုင်ရေး   စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊    ယင်းသို့ ရေးထိုးပူဇော်နိုင်ရေး    စိစစ်ဆောင်ရွက်ရာတွင် ပိဋကတ်သုံးပုံပါဠိတော်    အဋ္ဌကထာဋီကာကျမ်းစာများကို   စကျင် ကျောက်တော်များ၌   ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့်ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်းနှင့်      သာသနာ့ဗိမာန်တော်ကြီးကိုလည်း      မြန်မာမှုလက်ရာများဖြင့်         ခမ်းနားထည်ဝါစွာ တည်ဆောက်သွားမည်ဖြစ်ကြောင်း    သတင်းရရှိ သည်။                                                 

သတင်းစဉ်