ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများ

Type
1

 

ပြည်ထောင်စုသားတစ်ဦး

 

ဒီမိုကရေစီစနစ်ကို ပြည်သူ့အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဒီမိုကရေစီစနစ်တွင် အစိုးရကို ပြည်သူက ရွေးကောက်တင်မြှောက်ကြရသည်။ တစ်နည်းအားဖြင့် ပြည်သူ့ကိုယ်စား တိုင်းရေးပြည်မှုများကို စီမံခန့်ခွဲမည့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများက ဆန္ဒမဲပေးရွေးချယ်ကြရ၏။ ထို့ကြောင့် ဒီမိုကရေစီစနစ်သို့ သွားမည်ဆိုလျှင် ရွေးကောက်ပွဲလမ်းကြောင်းကို  မလွဲမသွေဖြတ်သန်းကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ဒီမိုကရေစီသက်တမ်းအားဖြင့် နုနယ်သော်လည်း ရွေးကောက်ပွဲ အတွေ့အကြုံအား ဖြင့်မူ အတော်အသင့်ရင့်ကျက်မှု ရှိခဲ့သည်။ ၁၈၈၆ ခုနှစ် သီပေါမင်း ပါတော်မူပြီး ၃၆ နှစ်အကြာ ၁၉၂၂ ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလိပ်အစိုးရက ကျင်းပ ပေးသည့် ဒိုင်အာခီ(Dyarchy) ရွေးကောက်ပွဲများ မှတစ်ဆင့် မြန်မာပြည်သူများသည် ရွေးကောက် ပွဲနှင့် စတင်ထိတွေ့မှုရှိလာကြသည်။

 


ဒိုင်အာခီ ရွေးကောက်ပွဲဆိုသည်မှာ အင်္ဂလိပ် အစိုးရနှင့် ထိုခေတ်ရွေးကောက်ခံ ပြည်သူ့ကိုယ်စား လှယ်   မင်းတိုင်ပင်အမတ်တို့   နှစ်ဦးစပ်  ပူးတွဲ အုပ်ချုပ်ရေးစနစ်တစ်ခု  ဖြစ်သည်။  ပထမအကြိမ် ၁၉၂၂ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခွင့်ရှိသူ တစ်သန်း ခုနစ်သိန်းရှိသည့်အနက် ၆ ဒသမ ၉၂ ရာခိုင်နှုန်းသာ  မဲပေးခဲ့ကြသည်။  လူ ၁၀၀ လျှင်  ခုနစ်ယောက်နှုန်းသာ မဲပေးခဲ့ခြင်းဖြစ်သည်။ ၁၉၂၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ဒိုင်အာခီ ရွေးကောက်ပွဲတွင်မူ မဲဆန္ဒပေးခွင့်ရှိသူ တစ်သန်း ရှစ်သိန်းကျော်အနက် ၁၆ ဒသမ ၂၆ ရာခိုင်နှုန်း မဲလာပေးသည်။ ရွေးကောက်ပွဲကို  စိတ်ဝင်စားမှု မြင့်တက်လာသည့် သဘောဖြစ်သည်။

 


၁၉၃၂ ခုနှစ်  နိုဝင်ဘာလတွင်  ကျင်းပသော ရွေးကောက်ပွဲတွင်မူ မြန်မာနိုင်ငံကို အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုအဖြစ် ဆက်ပြီး တွဲရေး သို့တည်း မဟုတ် သီးခြားခွဲရေးဟူသည့် တွဲရေး၊ ခွဲရေး ဆန္ဒ ခံယူပွဲကိုပါ တစ်ပါတည်း တွဲဖက်ကျင်းပခဲ့၍ မြန်မာ ပြည်သူများ  စိတ်ဝင်တစား  တက်ကြွနိုးကြားစွာ ပါဝင်ခဲ့ကြသည်။

 


တွဲရေးဘက်က   မဲပေါင်း   ငါးသိန်းကျော်ဖြင့် နိုင်ခဲ့သည်။ တွဲရေးကို လှုံ့ဆော်ပြီး ရွေးကောက်ပွဲဝင် သည့်ဘက်က အမတ် ၄၂ ဦး အနိုင်ရရှိခဲ့ပြီး ခွဲရေး ဘက်က အမတ် ၂၉ ဦး၊ တစ်သီးပုဂ္ဂလကြားနေအမတ် ၉ ဦး ရွေးကောက်တင်မြှောက်ခံရသည်။ သို့သော် ဗြိတိသျှ အစိုးရသည် သူတို့မူလရည်မှန်းထားသည့် အတိုင်း  ၁၉၃၇ ခုနှစ်တွင်  ခွဲရေးဘက်က  ဆုံးဖြတ် ခဲ့ကြသည်။

 


ရွေးကောက်ပွဲများ


ထို့နောက်တွင် မြန်မာပြည်သူတို့သည် နန်းရင်း ဝန်(ဝန်ကြီးချုပ်) ဦးပု၊ ဒေါက်တာ ဘမော်၊ ဦးစောတို့ အုပ်ချုပ်ရေးအစိုးရခေတ်   ၉၁  ဌာနအုပ်ချုပ်ရေး ရွေးကောက်ပွဲများ၊ ဒုတိယကမ္ဘာစစ်အပြီး ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်ကြီး သောင်ပြိုကမ်းပြို  အနိုင်ရခဲ့သည့်   ၁၉၄၇  ခုနှစ်  တိုင်းပြုပြည်ပြု     လွှတ်တော်ရွေးကောက်ပွဲ၊ လွတ်လပ်ရေးရရှိပြီး ပါလီမန်ဒီမိုကရေစီခေတ်တွင် ကျင်းပခဲ့သည့် ၁၉၅၂၊ ၁၉၅၆၊  ၁၉၆၀  ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲများ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆ တစ်ပါတီစနစ်      လွှတ်တော်ရွေးကောက်ပွဲများ နှင့်   ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်ပွဲများ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကကျင်းပပေးခဲ့သည့်   ၁၉၉၀  ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ၂၀၀၈ ခုနှစ်   ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်အညီ  ကျင်းပခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နှင့်   ကြားဖြတ်ရွေးကောက်ပွဲများကို  တွေ့ကြုံ ဖြတ်သန်းခဲ့ကြရပြန်သည်။

 


နိုင်သူအကုန်ယူသည့် (FPTP)စနစ်သာဖြစ်ခဲ့


ကမ္ဘာ့နိုင်ငံများတွင်    ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များတွင် မဲများသူ အနိုင်ရသည့် စနစ်(First  Past   the  Post-FPTP)၊  အချိုးကျ ကိုယ်စားပြုစနစ်  (Proportional Representation-PR)၊   တစ်စိတ်တစ်ပိုင်း  အချိုးကျစနစ်  (Semi-Proportional)တို့ရှိသည့်အနက်  မြန်မာနိုင်ငံတွင် အတိတ်ကာလက  ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများမှာ နိုင်သူအကုန်ယူ သည့်(FPTP)စနစ်သာ ဖြစ်ခဲ့သည်။

 


ထို့ကြောင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကြီးမားပြီး အနိုင် မခံ အရှုံးမပေးတတ်သည့် စိတ်အရင်းခံ  ပြင်းထန် လေ့ရှိသော မြန်မာ့လူဘောင်တွင် ရွေးကောက်ပွဲ တိုင်းလိုလိုသည်          အကြိတ်အနယ်ရှိလှသည်။ ပွတ်တိုက်မှုမျိုးစုံနှင့်  အကွဲအပြဲများစွာကိုလည်း မကြာခဏကြုံတွေ့ခဲ့ကြရသည်။

 


ဒိုင်အာခီရွေးကောက်ပွဲကိစ္စကြောင့် ထိုခေတ် ထိုအခါက မြန်မာတစ်မျိုးသားလုံး၏ ရှေ့ဆောင် အသင်းကြီးဖြစ်သည့် ဂျီစီဘီအေအသင်းချုပ်ကြီး သည် နှစ်ခြမ်းကွဲသွားခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေး ကို  လက်ခံပြီး  ရွေးကောက်ပွဲဝင်မည့် ဦးဘဘေ အပါအဝင်  ထင်ရှားသည့်  ဂျီစီဘီအေခေါင်းဆောင် ၂၁ ဦး( ၂၁ ဦးအဖွဲ့)နှင့် ဒိုင်အာခီရွေးကောက်ပွဲကို သပိတ် မှောက်မည့် ဦးချစ်လှိုင်၊ ဦးပုနှင့် ဦးထွန်း အောင်ကျော်(ဝံသာနုအဖွဲ့)တို့   အယူအဆပိုင်း ဆိုင်ရာ ကွဲလွဲခဲ့ကြပြီး လမ်းခွဲခဲ့ကြသည်။

 


တကယ်တော့    ဒိုင်အာခီအုပ်ချုပ်ရေးသည် ပါလီမန်စနစ်ယောင်ယောင် ဟန်ဆောင် မျက်နှာဖုံး တပ်ထားသော အုပ်ချုပ်ရေးသာဖြစ်သည်။ ပါလီမန် အုပ်ချုပ်ရေးကဲ့သို့ တိုင်းသူ ပြည်သူများအား မဲဆန္ဒ ပေးခွင့်ပြုထားခြင်း၊ မင်းတိုင်ပင်အမတ်များ ပါဝင် သော ဥပဒေပြုလွှတ်တော်ထားရှိခြင်း၊ ဝန်ကြီးချုပ် ဟူ၍ခန့်ထားခြင်း  အစရှိသော   ပါလီမန်ဆန်ဆန် မွမ်းမံခြယ်လှယ်ထားသော်လည်း        တိုင်းပြည် အုပ်ချုပ်သော   တန်ခိုးအာဏာအစစ်အမှန်သည် ဘုရင်ခံနှင့်တကွ အရာရှိများလက်တွင်း၌သာ ရှိလေ သည်။

 


ကွဲကြပြဲကြပြန်


နိုင်ငံရေးခေါင်းဆောင်များ  ထိုသို့ကွဲကြလေ သောအခါ ပုဂ္ဂိုလ်ခင်မှ တရားမင်လေ့ရှိသည့် မြန်မာ ပြည်သူအချို့သည် ကွဲကြပြန်သည်။ ခွဲရေး၊ တွဲရေး ကိစ္စပေါ်ပေါက်လာသောအခါတွင်မူ  စိတ်ခံစားမှု ပြင်းထန်သော   မြန်မာ့လူ့အဖွဲ့အစည်းသည်ပိုလို့ ပင်  ကွဲကြ  ပြဲကြပြန်သည်။

 


လွတ်လပ်ရေးရပြီးစတွင် ဖဆပလအဖွဲ့ချုပ် သည် နှစ်နှစ်ကြာသည်အထိ အတိုက်အခံ မည်မည် ရရ   မရှိခဲ့သော်လည်း  လွတ်လပ်ရေးရပြီးနောက် ပထမဆုံးကျင်းပသည့်  ၁၉၅၂ ခုနှစ်  အထွေထွေ ရွေးကောက်ပွဲတွင် ဆိုရှယ်နီခေါ် ဗမာပြည်အလုပ် သမား လယ်သမားပါတီ၊  ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို ဦးအောင်သန်း ခေါင်းဆောင်သည့် ပြည်သူ့ ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစု၊ နိုင်ငံရေးလက်ဟောင်းသမားကြီးများဖြစ်ကြသည့်   ဘကြီး   ဘဘေ၊ ဒေါက်တာ ဘမော်၊ သခင်ဗစိန်  အပါအဝင် ပါတီ အဖွဲ့အစည်းပေါင်းစုံတို့က  ဖဆပလကို   စိန်ခေါ်  ယှဉ်ပြိုင်အရွေးခံခဲ့ကြသည်။ မဲပေးသူ ၆၀ ရာခိုင် နှုန်းက ဖဆပလ အမတ်လောင်းများကို မဲပေးခဲ့ ကြသည်။ လွှတ်တော်အမတ် ၂၃၃ နေရာအနက် ဖဆပလက  နေရာ ၁၈၀ ရရှိခဲ့ပြီး  အတိုက်အခံ ပေါင်းစုံက  ၅၃  နေရာရခဲ့ကြသည်။   သို့ရာတွင်   အတိုက်အခံပါတီအချို့က   ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟူသည့် စွပ်စွဲချက်များထွက်ပေါ် လာသည်။ နယ်များတွင် အတိုက်အခံအမတ်လောင်း များနှင့်  ကိုယ်စားလှယ်များ အသတ်ခံရသည်ဟူသည့်  သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲကို ၁၉၅၆ ခုနှစ်တွင်  ကျင်းပခဲ့ရာ  အတိုက်အခံ အင်အားစုများသည်    ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု   (ပမညတ)ဖွဲ့စည်းတည်ဆောက်၍   ဖဆပလကို  ယှဉ်ပြိုင်ခဲ့ သည်။  ထိုခေတ်ကာလတွင်     ဖဆပလအဖွဲ့ဝင်အချို့၏ မသမာမှုများကြောင့်တစ်ကြောင်း၊    ပမညတက ပြည်တွင်းစစ်      ရပ်စဲရေးကြွေးကြော်သံကြောင့် တစ်ကြောင်း ပမညတမှာ ပြည်သူကြားတွင် ရေပန်း စားလာသည်။ ရွေးကောက်ပွဲတွင် ဖဆပလကအမတ် ၁၄၄ နေရာ၊ ပမညတက ၄၆ နေရာတို့ဖြင့် ဖဆပလ က အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း မဲအရေ အတွက်မှာမူ ကွာဟမှုသိပ်မရှိခဲ့ချေ။

 


၁၉၅၆ ခုနှစ်  အထွေထွေရွေးကောက်ပွဲတွင် ဖဆပလကအနိုင်ရရှိခဲ့သော်လည်း နောက်ဆက်တွဲ  ဂယက်ရိုက်ခတ်မှုများစွာ        ဖြစ်ပေါ်ခဲ့သည်။   ရွေးကောက်ပွဲတွင်  ပမညတ  အမတ်လောင်း သခင်လွင်အတွက် ဆောင်ရွက်ပေးနေသည့် ရဲဘော် လေးဦး     အသတ်ခံရမှုဖြစ်ပွားခဲ့ပြီး    မင်းလှ လေးလောင်းပြိုင်သတ်မှုအဖြစ် ဟိုးလေးတကျော် ကျော် ဖြစ်ခဲ့သည်။

 


သန့်ရှင်း၊  တည်မြဲ  နှစ်ခြမ်းကွဲ


ထို့အပြင် အတိုက်အခံပမညတ အင်အားကြီးမားလာခြင်းနှင့်ပတ်သက်၍ ဖဆပလခေါင်းဆောင် များဖြစ်ကြသည့် ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့နှင့် ဦးနုတို့ တစ်ဖက်နှင့် တစ်ဖက်သဘောထားကွဲလွဲ မှုများ ဖြစ်ပေါ်ခဲ့ကြသည်။ ဦးနုက  အတိုက်အခံ ပမညတတို့ လူထုထောက်ခံမှု        ဆန္ဒမဲတိုးတက်လာ ခြင်းမှာ ဖဆပလအဖွဲ့အတွင်း အာဏာအလွဲသုံးစား မှုများ၊ ခြစားမှုများ၊ လူထုအပေါ် ခေါင်းပုံဖြတ်မှုများ ကြောင့်ဟု  ထင်မြင်ယူဆပြီး  သန့်ရှင်းရေးလုပ်ရ မည်ဟုဆိုသည်။ ထို့နောက်တွင်  ဖဆပလအဖွဲ့ကြီး သည်   သန့်ရှင်း၊   တည်မြဲဟူ၍  နှစ်ခြမ်းကွဲခဲ့ရ လေသည်။

 


အစိုးရအဖွဲ့ထဲက ဆွေငြိမ်းအုပ်စုဝင် ဝန်ကြီး များက  နုတ်ထွက်သွားခဲ့ကြပြီး   ဦးနုအစိုးရကို လွှတ်တော်တွင် အယုံအကြည်မရှိ  အဆိုတင်သွင်း၍   မဲခွဲကြသည်။   ပမညတက   သန့်ရှင်းဘက်သို့ ထောက်ခံမဲပေးခဲ့ကြ၍သာ   ဦးနုအစိုးရသည်   ရှစ်မဲဖြင့်ကပ် အနိုင်ရခဲ့ပြီး အယုံအကြည်မရှိအဆိုကို ကျော်လွှားနိုင်ခဲ့သည်။

 


၁၉၆၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မူ မဲဆန္ဒနယ် ၂၅၀ အနက် ဦးနု၏  သန့်ရှင်းဖဆပလ ခေါ်   ပြည်ထောင်စု ပါတီ(ပထစ)က ၂၀၃ နေရာ၊ တည်မြဲ ဖဆပလက ၃၉ နေရာ အနိုင်ရရှိခဲ့ပြီး အတိုက်အခံပမညတမှာမူ ရေးမြို့ တစ်နေရာမှာပင် အနိုင်ရရှိခဲ့ကာ မရှုမလှအရေး နိမ့်ခဲ့ရလေသည်။

 


သို့ရာတွင်  အာဏာရ  ပထစပါတီအတွင်းမှာ လည်း  ဦး၊  ဗိုလ်၊  သခင်အုပ်စုများ အကွဲအပြဲ ပေါ်ပေါက်လာခဲ့ရုံမက  တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်  ဖက်ဒရယ်အရေးကိစ္စအကျပ် အတည်းများပါ  ပေါ်ပေါက်လာခဲ့ပြီးနောက်တွင် တော်လှန်ရေးကောင်စီ (တပ်မတော်)က အာဏာ သိမ်းယူခဲ့ရာမှ        ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများသည်   မြန်မာနိုင်ငံ၌  ကာလ အတန်ကြာ ကွယ်ပျောက်သွားခဲ့လေသည်။

 


အဟောသိကံဖြစ်သွားခဲ့


ယင်းနောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထု အရေးတော်ပုံအပြီး    နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တပ်မတော်အစိုးရခေတ်တွင် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပြန်လည် ကျင်းပပေးခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက မဲဆန္ဒနယ်မြေ ၄၄၇ နေရာအနက် ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့ရာတွင် နဝတ အစိုးရဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ အမျိုးသားညီလာခံတက်ရောက်ရေး  အယူအဆ တောင်းဆိုမှုများက တစ်ဖက်၊ အနိုင်ရပါတီ NLD က လွှတ်တော်ခေါ်ယူရေး၊ အစိုးရဖွဲ့စည်းရေးအယူ အဆ   တောင်းဆိုမှုများက      တစ်ဖက်၊    ထိုသို့  တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်ရင်ဆိုင်မှုများဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် လိပ်ခဲတည်းလည်း အဟောသိကံဖြစ်သွားခဲ့လေသည်။

 


ထို့နောက်  နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံ      အခြေခံဥပဒေနှင့်အညီ       ကျင်းပပေးခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင် ရရှိခဲ့ပြီး  ရွေးကောက်ခံ   အစိုးရဖြစ်လာသည်။ ပြည်သူက      ရွေးချယ်တင်မြှောက်လိုက်သည့်     လွှတ်တော်ကိုယ်စားလှယ်များနှင့်    ဒီမိုကရေစီ၏   ပြယုဂ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့်     ပြည်နယ်လွှတ်တော်များ ပြန်လည် သက်ဝင်ပေါ်ပေါက်လာသည်။      တစ်ပါတီ စနစ်အောက်တွင် ၁၄ နှစ်၊  တပ်မတော်အစိုးရ အောက်တွင် ၂၃ နှစ်နေခဲ့ရသော မြန်မာပြည်အတွက် ဥပဒေပြုရေးအဖွဲ့အစည်းလွှတ်တော်များ ပေါ်ပေါက် လာခြင်း ဖြစ်ပေသည်။ အတိုက်အခံ NLD ပါတီကမူ No Vote လှုပ်ရှားမှုများဖြင့်  ၂၀၁၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို     သပိတ်မှောက်ခဲ့ လေသည်။
၂၀၁၂  ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ သမ္မတ ဦးသိန်းစိန်က အတိုက်အခံ NLD ပါတီအား နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အတွင်းပါဝင် ရန်   ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး  ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်  ဥပဒေနှင့်နိုင်ငံရေးအရ လိုအပ်ချက်အချို့ကို ပြင်ဆင်လမ်းဖွင့်ပေးခဲ့၍ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာအနက် ၄၃ နေရာအနိုင်ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင်လည်း NLD ပါတီသည်  သောင်ပြိုကမ်းပြို အပြတ် အသတ်အနိုင်ရရှိခဲ့ပြီး ရွေးကောက်ခံအစိုးရ တစ်ရပ်ဖြစ်လာခဲ့သည်။

 


အငြင်းပွားမှုများပေါ်ပေါက်


ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မူ    အာဏာရပါတီ NLD ၏    ရွေးကောက်ပွဲရလဒ်နှင့်   ပတ်သက်၍  အငြင်းပွားမှုများ  ပေါ်ပေါက်လာသည်။  ထို့အတူ ရွေးကောက်ပွဲအကြို ကိုဗစ်- ၁၉ ကာလအတွင်း နိုင်ငံရေးပါတီများ မဲဆွယ်ရေး လုပ်ငန်းများစတင် သည်နှင့် ပါတီအချို့က မဲဆွယ်စည်းရုံးရေးဆိုင်ရာ အခွင့်အရေးများနှင့်ပတ်သက်၍     မျှတမှုမရှိဟု စောဒကတက်မှုများလည်း ရှိလာသည်။ ထို့ပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လက်ရှိ သမ္မတ(သို့) ဒုတိယသမ္မတသည်  နိုင်ငံရေးပါတီတစ်ခု ၏အဖွဲ့ဝင်ဖြစ်လျှင် ၎င်းတို့အနေဖြင့် နိုင်ငံတော် ရာထူးတာဝန်ယူထားသည့်    သက်တမ်းကာလ အတွင်း ပါတီလှုပ်ရှားမှုများတွင်  ပါဝင်ခြင်းမရှိရ ဟူသည့်  ပုဒ်မနှင့်  ပတ်သက်၍ လည်းကောင်း၊ ထိုစဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင်  ရွေးကောက်ပွဲ များအား ဖျက်သိမ်းရာ၌ ကြောင်းကျိုး   ညီညွတ် မျှတမှုမရှိဘဲ             ဆောင်ရွက်ခဲ့မှုတို့ကြောင့် လည်းကောင်း၊ အာဏာရပါတီအပေါ် တိုင်းရင်း သား ပါတီအချို့နှင့်  ပါတီငယ်အချို့တို့၏  ဝေဖန် အငြင်းပွားမှုများလည်း ပေါ်ပေါက်လာခဲ့သည်။

 


တပ်မတော်က   မဲစာရင်းများနှင့် မဲရလဒ်များ အငြင်းပွားမှုအပေါ် ပြန်လည်စိစစ် ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း အာဏာရပါတီ NLD က တုံဏှိဘာဝေမသိ ကျိုးကျွန်ပြုရင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်  လွှတ်တော်ခေါ်ယူ၍ အစိုးရသစ် တစ်ရပ်ဖွဲ့စည်းရန်   ကြိုးပမ်းလာသည်မှအစပြု၍ ရွေးကောက်ပွဲအငြင်းပွားမှုများက   ပိုမိုပြင်းထန် လာသည်။

 


ထို့နောက်တွင် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ  အရေးပေါ်အခြေ အနေ  ကြေညာပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်  နိုင်ငံတော်၏တာဝန်ကို  ထိန်းသိမ်း ဆောင်ရွက်ခဲ့လေသည်။    တပ်မတော်သည် နိုင်ငံတော် တာဝန်ကိုခေတ္တတာဝန်ယူစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊  အိမ်စောင့် အစိုးရတစ်ရပ်ကို  ဖွဲ့စည်း၍ နိုင်ငံတော်ကို  ဒီမို ကရေစီလမ်းကြောင်းမှ     သွေဖည်မည်မဟုတ် ကြောင်း၊   အရေးပေါ်ကာလပြီးဆုံးပါက တရားမျှတ သည့် ရွေးကောက်ပွဲများ   ကျင်းပသွားမည်ဖြစ် ကြောင်းလည်း အတိအလင်း ပြောကြားခဲ့သည်။

 


လက်ရှိကာလတွင်  မြန်မာနိုင်ငံနှင့်သင့်လျော် ကိုက်ညီသည့်    ရွေးကောက်ပွဲစနစ်တစ်ရပ်ဟု ဆိုသည့် အချိုးကျကိုယ်စားပြုစနစ်ကို  ပြောင်းလဲ ကျင့်သုံးရေးအတွက်   လက်ရှိ   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်   နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှုများ  ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

 


သင့်လျော်ကိုက်ညီသည့်  ရွေးကောက်ပွဲစနစ်


အတိတ်ကာလကကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများတွင်  ကျင့်သုံးခဲ့သော  နိုင်သူ အကုန်ယူသည့်(FPTP) စနစ်သည်   လွှတ်တော် အတွင်း အနိုင်ရပါတီတစ်ခုတည်းကို လွှမ်းမိုးသွားစေ ကာ ပါတီငယ်များ၊ လူမျိုးစု၊ လူနည်းစုများ၊ တစ်သီး ပုဂ္ဂလများ ဘေးရောက်သွားစေသည့် မမျှတမှုများ ဖြစ်ပေါ်လာစေကာ မဏ္ဍိုင်သုံးရပ်အတွင်း  အပြန် အလှန်ထိန်းကျောင်းမှုပါ    ပျက်ယွင်းစေသည်၊ အချိုးကျ  ကိုယ်စားပြုစနစ်  (PR)သည် လူမျိုးစုများ၊ နိုင်ငံရေးပါတီများ          အများအပြားရှိနေသည့် ပြည်ထောင်စုပုံစံဖွဲ့စည်းထားသည့်  နိုင်ငံများအဖို့ ပို၍ဒီမိုကရေစီနည်းလမ်းကျသည် စသဖြင့် သုံးသပ် ယူဆချက်များလည်း ထွက်ပေါ်လာသည်။

 


မည်သို့ဆိုစေ ရွေးကောက်ပွဲများသည်   ဒီမို ကရေစီ စနစ်ကျင့်သုံးဖို့ရန်အတွက် မရှိ မဖြစ်လိုအပ် သည့် Essential Condition တစ်ခုပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်သို့ သွားမည်ဆိုလျှင် ရွေးကောက်ပွဲ လမ်းကြောင်းကို မလွဲမသွေဖြတ်သန်းကြရပါမည်။ 
နိုင်သူအကုန်ယူသည့်(FPTP)  စနစ်ပဲဖြစ်ဖြစ်၊ အချိုးကျကိုယ်စားပြု(PR) စနစ်ပင်ဖြစ်စေ အတိတ် ကာလရွေးကောက်ပွဲသင်ခန်းစာများအရ မြန်မာ    နိုင်ငံနှင့်  သင့်လျော်ကိုက်ညီသည့်  ရွေးကောက်ပွဲ စနစ်ဖြစ်ဖို့သာ လိုအပ်သည်။

 


ထို့အတူ တိုင်းရေးပြည်မှုများကို  ဦးဆောင် ဦးရွက်ပြုပြီး စီမံခန့်ခွဲကြမည့် ခေါင်းဆောင်လောင်း များသည် သာမန်လူအဆင့်ထက်ပို၍ မြင့်မားသော ကိုယ်ရည် ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် အကျင့်သိက္ခာပိုင်းကအစ  အရည်အချင်းပြည့်ဝနေ ရေးနှင့် ပြည်သူလူထုကလည်း  ပြည်သူ့ကိုယ်စား တိုင်းရေးပြည်မှုများက စီမံခန့်ခွဲကြမည့် ပြည်သူ့ ကိုယ်စားလှယ်များကို လူမှန်နေရာမှန် ရွေးကောက် တင်မြှောက်နိုင်စွမ်းရှိဖို့သာ အဓိကကျသည်။ မြန်မာ နိုင်ငံတွင်  ဒီမိုကရေစီစနစ်နှင့်  တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ အဓွန့်ရှည်တည်တံ့စေရေးအတွက်     နိုင်ငံသား အားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ပူးပေါင်း ပါဝင် တည်ဆောက်သွားကြစေလိုပါသည်။      ။