
ဒေါက်တာမောင်သင်း
“ကလေးတွေကို ကျောင်းမှာ ဒီမိုကရေစီ လေ့ကျင့် ပေးနိုင်စွမ်းမရှိတဲ့ နိုင်ငံဟာ ဒီမိုကရေစီ လူ့အဖွဲ့ အစည်းကို ဘယ်သောအခါမှ မရောက်နိုင်ပါ”
ဘာစ်ကာရာချာယူလူ
(အိန္ဒိယပညာရေးပညာရှင်)
မြန်မာ့လူမှုဝန်းကျင်တွင် “စာသင်ကျောင်း” ဟု သုံးစွဲခေါ်ဝေါ်နေသော ပရိဝုဏ်သည် “စာသက် သက်သာ သင်သည့်နေရာ” မဟုတ်ပါ။ အနာဂတ် တွင် မိမိကိုယ်ကို “ထိန်းကျောင်း” တတ်ရန် လေ့ကျင့်ပေးသည့်နေရာဖြစ်၍ “ကျောင်း” ဟု ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။
တကယ်တော့ ကျောင်းသည် သင်ကြား၊ သင်ယူမှုနေရာသက်သက် မဟုတ်ပါ။ အနာဂတ် လူ့အဖွဲ့အစည်းအတွက် မျှော်ကိုး၍ ကလေးငယ် များကို ထိုလူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ကြိုတင်ပြင်ဆင် လေ့ကျင့်ပေးသည့် “လူပြင်သည့် နေရာပါ”။ သို့ဖြစ်၍ ကျောင်းနှင့်စာသင်ခန်းသည် “အနာဂတ် လူ့အဖွဲ့အစည်း၏ ရှေ့ပြေးပုံစံငယ်” ပင် ဖြစ်ပါသည်။ ကျွန်တော်တို့ ရှေးရှုသွားနေသည့် အနာဂတ်လူ့ဘောင်သည် “မြန်မာ့ဒီမိုကရေစီ လူ့အဖွဲ့အစည်း” ပင် ဖြစ်ပါသည်။
အိန္ဒိယပညာရေးပညာရှင်၏ အထက်ဖော်ပြပါ အဆိုကို မြန်မာ့ပညာရေးမှာ တာဝန်ရှိသူများက လက်ခံပြီး အနာဂတ်လူ့အဖွဲ့အစည်း၏ ရှေ့ပြေး ပုံစံငယ်ဖြစ်သည့် ကျောင်းနှင့်စာသင်ခန်းတွင် “ဒီမိုကရေစီကျင့်စဉ်” ကို မဖြစ်မနေ လေ့ကျင့်ပေး ရန် လိုအပ်ပေလိမ့်မည်။
ကျွန်တော်တို့ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း ဆီ ချီတက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပါပြီ။ မျိုးဆက်သစ်ကလေးငယ်များကို ဒီမိုကရေစီအလေ့ အကျင့်ရစေမည့် သင်ခန်းစာများ ကျွန်တော်တို့ ကျောင်းများတွင် လေ့ကျင့်ပေး၊ သင်ပေးခဲ့ပါပြီလား။ လေ့ကျင့်ပေးခဲ့လျှင် ကိစ္စမရှိပါ။ မရှိသေးရင်တော့ မဖြစ်မနေ သင်ပေးရပါလိမ့်မည်။ ပညာရေး၏ တာဝန်သည် သူ့ခေတ်သူ့အခါက တောင်းဆိုသည့် လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျစေမည့် အရည် အသွေးများကို ယနေ့ ကလေးများကို လေ့ကျင့်ပေး၊ တပ်ဆင်ပေးရမှာပါ။
ကိုလိုနီခေတ်အခါက အမျိုးသားစိတ်ဓာတ် ပြည့်ဝပြီး လွတ်လပ်ရေးကြိုးပမ်းမှုကို မြှင့်တင်နိုင် မည့် လူငယ်များပေါ်ထွက်လာရန် “အမျိုးသားပညာ ရေး”က (ကိုလိုနီပညာရေးနှင့်အပြိုင်) လေ့ကျင့် ပေးခဲ့ပါသည်။ ထို့ကြောင့် နောင်ဆယ်စုနှစ်အတွင်း မှာ အမျိုးသားရေးဝါဒီ လွတ်လပ်ရေးခေါင်းဆောင် များ ပေါ်ထွန်းခဲ့ပါသည်။ ထိုခေတ် ပညာရေးသည် သူ၏ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါသည်။ ယနေ့ မြန်မာ့လူ့အဖွဲ့ အစည်း ဦးတည်နေသည့်လမ်းကြောင်းက ဒီမို ကရေစီ လူ့အဖွဲ့အစည်းပါ။ ဤလူ့အဖွဲ့အစည်း အတွက် လိုအပ်သည့် “စံပြည့် ဒီမိုကရေစီနိုင်ငံ သား”အဖြစ် လေ့ကျင့်ပေးရမည့် တာဝန်မှာ ကျွန်တော်တို့ခေတ် ပညာရေး၏ပခုံးပေါ် ကျရောက် လာပါပြီ။ ပညာရေးမှတာဝန်ရှိသူများ အားကြိုး မာန်တက် ထမ်းဆောင်ရပါလိမ့်မည်။ ပညာရေးကို ရှေ့တန်းက အကောင်အထည်ဖော်နေသည့်နေရာ များက အမျိုးမျိုးသော “ကျောင်း” များမို့ နောက်ဆုံး တွင် ကျောင်းဆရာများ၏ ပခုံးပေါ် တာဝန် ကျရောက်လာပါပြီ။
ပညာရေးနှင့် သမိုင်းပေးတာဝန် ကျေပွန်မှု
မြန်မာ့ပညာရေးက ဒီမိုကရေစီအရည် အသွေးပြည့်ဝသူများ လေ့ကျင့်ပေးသည်မှာ အထူး အဆန်းမဟုတ်ပါ။ ၁၉၅၄ ခုနှစ်က ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ၏ ရှစ်နှစ်တာပညာရေး အစီရင် ခံစာကို လေ့လာရာတွင် ကျောင်းသူတစ်ဦး ကျောင်း သားကိုယ်စားလှယ် ရွေးချယ်နေသည့် ဓာတ်ပုံကို တွေ့မိပါသည်။ ထိုအချိန် မြန်မာ့ ပါလီမန် ဒီမိုကရေစီ နှင့် လိုက်လျောညီထွေရှိမည့် “ဒီမိုကရေစီ” အလေ့ အကျင့်ကို ကျောင်းသားအရွယ်ကတည်းက ကျောင်းများတွင် စတင်လေ့ကျင့်ပေးခြင်း ဖြစ်ပါ သည်။ ပညာရေးသည် သူ့ခေတ်၊ သူ့အခါတွင် သမိုင်းပေးတာဝန်ကျေခဲ့ပါသည်။
ထို့အပြင် ရန်ကုန်ခရိုင် ပညာဝန် ဦးခင်သန်း (ဗိုလ်ချုပ်အောင်ဆန်းကို ရေနံချောင်း အမျိုးသား ကျောင်းသားဘဝက ပါဠိနှင့် မြန်မာစာ ဂုဏ်ထူး ထွက်အောင် သင်ပေးခဲ့သူ) ရေးသားသည့် “လူမှု ရေးရာ သင်ပြမှု” စာအုပ်ကို ဖတ်မိပါသည်။ လူ့ တန်ဖိုးမြင့်စေရန် သဘောတရားထက် လက်တွေ့ လေ့ကျင့်နိုင်မှုကို ပိုပြီး ဦးစားပေးထားသည့် ၁၉၅၆ ခုနှစ်ထုတ် “ပြဋ္ဌာန်းစာအုပ်” ဖြစ်ပါသည်။ ဆရာ ကြီး၏ စာအုပ်တွင် ရန်ကုန်တက္ကသိုလ် ဆရာ အတတ်သင် မဟာဌာနမှူး ဆရာကြီး ဦးကွန်း၏ အမှာစာ၌ “ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီကျင့်သုံးနေသောနိုင်ငံ ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစနစ်ကို အခြေခံကာ ရေးဆွဲထားသော ဥပဒေဖြစ်သည်” ဟု ဆိုပြီး ထိုခေတ် နိုင်ငံတော်၏ ရည်မှန်းချက်၊ လမ်းစဉ်ကို ဖော်ပြခဲ့ပါသည်။ ပညာရေးသည် နိုင်ငံတိုင်း၏ ရှေ့ဆက်သွားရမည့်မူ၊ လမ်းစဉ်ကို အကောင်အထည် ဖော်မည့် အရည်အသွေးမြင့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန် တာဝန်အရှိဆုံးပါ။
ဒီမိုကရေစီ နိုင်ငံတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲ စေရန် အဓိကထား လေ့ကျင့်ပေးရမည့်သူများကို လည်း ဆရာကြီး၏ အမှာစာတွင် တိတိလင်းလင်း ဖော်ပြထားပါသည်။ ဆရာကြီး၏ ဖော်ပြချက်မှာ “ဒီမိုကရေစီနိုင်ငံတွင် ဒီမိုကရေစီဝါဒ အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေးအတွက် လူကြီးများသာမက ကလေးများအားလည်း ဒီမိုကရေစီဝါဒကို လိုက်နာ ကျင့်သုံးစေသင့်သည်။
ကလေးများအား ငယ်စဉ် ကတည်းက ဒီမိုကရေစီကျသော နေထိုင်မှု၊ အလေ့အထများကို ရစေလျှင် ၎င်းတို့ကြီးပြင်းလာ
သောအခါ ဒီမိုကရေစီစနစ်ကို လိုက်နာကျင့်သုံးသွား ကြလိမ့်မည်။ လူကြီးရော ကလေးပါ ဒီမိုကရေစီစနစ် ကို ကျင့်သုံးသောနိုင်ငံတွင် ဒီမိုကရေစီဝါဒသည် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲလိမ့်မည်။ ထို့ကြောင့် ကလေးသူငယ်များအား ကျောင်းနေစဉ် ကလေး ဘဝမှစ၍ ဒီမိုကရေစီစနစ် နေထိုင်မှုအလေ့အထ များကို ကလေးများအား ရရှိစေသင့်သည်” ဟူ၍ ဖြစ်ပါသည်။
ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ လျှောက်လှမ်း နေသည့် နိုင်ငံတစ်နိုင်ငံတွင် “ဒီမိုကရေစီကျင့်စဉ် အစ ပညာသင်ကျောင်းက” ဟု တိတိကျကျ ဖော်ညွှန်းလိုက်ခြင်း ဖြစ်ပါသည်။ နောင်တစ်ချိန်တွင် နိုင်ငံကို ဦးဆောင်ကြမည့် ယနေ့ခေါင်းဆောင် လောင်းများသည် ဒီမိုကရေစီယဉ်ကျေးမှုနှင့် ကလေး ဘဝကတည်းက ယဉ်ပါးနေပါမှ နိုင်ငံ၏ကောင်းကျိုး တာဝန်ထမ်းဆောင်နိုင်သည့်ဘဝ ရောက်သောအခါ “စံပြည့် ဒီမိုကရေစီသားကောင်းရတနာများ” အဖြစ် အောင်အောင်မြင်မြင် ဦးဆောင်ကြပါလိမ့်မည်။
ကျောင်းနှင့် ဒီမိုကရေစီ အလေ့အကျင့်
ကျွန်တော်တို့၏ ကလေးငယ်များအား လူချွန် လူကောင်းများအဖြစ် သင်ကြားလေ့ကျင့်ပေးနေ သည့် ကျောင်းများတွင် ဒီမိုကရေစီ အလေ့အကျင့် များ ပေါ်ထွန်းလာစေရန် သင်ရိုးများ ထည့်သွင်း ပြဋ္ဌာန်းထားပါသည်။ ကလေးများကို ထိုအလေ့ အကျင့်များ ပိုမိုထွန်းတောက်ဖို့ လေ့ကျင့်ပေးရန်နှင့် ဤသို့ လေ့ကျင့်ပေးနေမှုများသည် “ဒီမိုကရေစီ ကျင့်စဉ်” ၊ “စံ” နှင့် “အနှစ်သာရ” များပင် ဖြစ်ကြောင်း မီးမောင်းထိုးပြ သင်ကြားပေးသင့်ပါ သည်။ ကျောင်းစာလောက်သာသင်ပြီး စာမေးပွဲ ရမှတ် ပြိုင်နေရုံဖြင့်သာ ကျေနပ်နေကြလျှင်ဖြင့် နိုင်ငံသည် “ဒီမိုကရေစီယဉ်ကျေးမှု” နှင့် အလှမ်း ဝေး နေပါလိမ့်မည်။ ကျောင်းများတွင် ရှိပြီးသား ဖွံ့ဖြိုးရေးအချိန်များကို ပြည့်ပြည့်ဝဝ အသုံးချရန် လိုပေသည်။ ထိုဖွံ့ဖြိုးရေးအချိန်များတွင် ပါဝင် လှုပ်ရှားမှုများနှင့် သင်ခန်းစာများသည် ကလေးများ ဘဝအတွက် စာမေးပွဲရမှတ်လွန် အောက်ဖော်ပြပါ “ဒီမိုကရေစီတန်ဖိုး” များ ပေါ်ထွန်းလာစေပါသည်-
(၁) အများနှင့် ငြိမ်းချမ်းစွာ အတူနေတတ်ရန်
ယခုအချက်သည် ကလေးများကို ကျောင်းသို့ ကျွန်တော်တို့ မိဘများ လွှတ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သလို ဒီမိုကရေစီလူ့အဖွဲ့အစည်း တွင် ထိပ်ဆုံးက တတ်ကျွမ်းပြီး ရှင်သန်နေရမည့် ပညာမှာ “လူတွေနှင့်အတူ ငြိမ်းချမ်းစွာ နေတတ်ဖို့” “ပေါင်းသင်းဆက်ဆံတတ်ဖို့” ပင် ဖြစ်ပါသည်။
သို့မှသာ မိမိရော၊ မိမိပတ်ဝန်းကျင်ပါ ငြိမ်းချမ်းမှု ကို ဖော်ဆောင်ပါလိမ့်မည်။ ဒီမိုကရေစီကျင့်စဉ်သည် ငြိမ်းချမ်းမှုကိုသာပေး၏။ လူတွေနှင့်ဆိုသော်လည်း မိသားစုဝင်များနှင့်သာ မဟုတ်ပါ။ ဆွေမတော် မျိုးမစပ် ရွယ်တူများနှင့် ဆော့ကစားရင်း၊ စာသင် ရင်း၊ အတန်းအကျိုး၊ ကျောင်းအကျိုးသယ်ပိုးရင်း ပေါင်းသင်းဆက်ဆံရေး ကြွယ်ဝလာစေရပါမည်။ ရွယ်တူများနှင့် ကစားခုန်စားခွင့်ရခြင်း၊ အတူ ကြီးပြင်းခွင့်၊ ပျော်ရွှင်စွာ ပညာရှာခွင့်ရခြင်းသည်ပင် ကလေးဘဝ၏ အကြီးမားဆုံး လူ့အခွင့်အရေးကို ရရှိခြင်းပါ။ အိမ်မှာ ရွယ်တူ ဘယ်နှဦးရှိနိုင်ပါမည် လဲ။ ကျောင်းမှာလောက် မများနိုင်ပါ။ ထို့အတူ အတန်းကြီးသူ၊ အတန်းငယ်သူများနှင့် ပေါင်းတတ်၊ သင်းတတ်ရပါသည်။ သို့မှသာ ကြီးသူကိုလေးစား၊ ငယ်သူကို စာနာတတ်ခြင်းဆိုသည့် ပြေပြစ်သည့် ပေါင်းသင်းဆက်ဆံရေး၏ အဓိကသော့ချက်ကို ရနိုင်မှာပါ။ ဤသည်မှာ ဒီမိုကရေစီလူ့အဖွဲ့အစည်း အတွင်း အမြဲရှိနေရမည့် စိတ်ထားဖြစ်ပေသည်။
(၂) တန်းတူအခွင့်အရေးရရှိရန်
အိမ်က မိသားစုမှာ ဘဝနောက်ခံ အတူတူ၊ ကိုးကွယ်ရာဘာသာ အတူတူဆိုတော့ မတူကွဲပြား မှု၏တန်ဖိုးကို မသိနိုင်၊ နားမလည်နိုင်ပါ။ ကျောင်း မှာ အတူပညာသင်ကြားကြသည့် အတန်းဖော်များ တွင် ရုန်းကန်လှုပ်ရှားမှုကို အခြေခံကာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု၊ မိဘ၏ ရာထူးဂုဏ်သိန် စသည် ဖြင့် အမျိုးမျိုးသော သားသမီးများ စုံလင်လှသည်။ ကွဲပြားခြားနားနိမ့်ကျသည့် ဘဝများကို စာနာတတ် ခြင်းသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှုကို ဖြစ်ထွန်းစေပါသည်။
ထို့အပြင် ကျောင်းစည်းကမ်းတွင် မိဘ၏ ရာထူးဂုဏ်သိန်၊ စည်းစိမ် အရှိန်အဝါများကို ကျောင်းသို့ သယ်ဆောင်လာခွင့်မပြုပါ။ စာသင်ခန်း တွင် ဆူကြုံနိမ့်မြင့် မရှိပါ။ အဆင့်အတန်း ခွဲခြားမှု ကင်း၏။ တန်းတူကြိုးစားခွင့်၊ အောင်မြင်ခွင့်ရှိ၏။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် “တန်းတူအခွင့် အရေးရရှိမှု” (Equality) ၏ အရသာကို စာသင်ခန်း တွင် စတင်ခံစားရပေသည်။ အကယ်၍ ကျွန်တော်တို့ သားသမီးများသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေခွင့်မရခဲ့လျှင် ဒီမိုကရေစီလူ့အဖွဲ့အစည်း ၏ အနှစ်သာရဖြစ်သည့် တန်းတူအခွင့်အရေးရမှု အလေ့အကျင့်နှင့် ယင်း၏ တန်ဖိုးကို ကျွန်တော်တို့၏ မျိုးဆက်သစ်များ မရနိုင်တော့ပေ။
ကျောင်းတွင် ဘဝနောက်ခံ မတူညီသူအချင်း ချင်း ပျော်ရွှင်ငြိမ်းချမ်းစွာ ပညာသင်တတ်ရန်၊ နားလည်စာနာမှုဖြင့် နေထိုင်တတ်ရန်၊ အတန်း အကျိုး၊ ကျောင်းအကျိုး ပေါင်းစုညီညာစွာ သယ်ပိုး တတ်ရန်နှင့် နောက်ဆုံးတွင် “ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်တတ်သည့် ပြည့်ဝနိုင်ငံသား” များ ဖြစ်ထွန်းလာစေရန် ကျွန်တော်တို့ မဖြစ်မနေ အားပေးရပေမည်။ သို့ဖြစ်၍ ကမ္ဘာတစ်လွှားတွင် “ဒီမိုကရေစီ ကျင့်စဉ်အစ ပညာသင်ကျောင်းက” ဟူသည့်အမြင်ဖြင့် ကလေးများကို ကျောင်းသို့ စေလွှတ်ကာ မိဘများက ဆရာများထံအပ်၍ လေ့ကျင့်ပေးနေပါသည်။
(၃) ကျင့်ဝတ်နှင့် စည်းကမ်းကို
လေးစားလိုက်နာ တန်ဖိုးထားတတ်ရန်
လူနှင့်တိရစ္ဆာန် ကွာခြားချက်မှာ လူတွင် ကျင့်ဝတ်ရှိခြင်းနှင့် ယင်းကိုသိ၍ ကျင့်ကြံလိုက်နာ ခြင်းပါ။ ကျင့်ဝတ်နှင့်စည်းကမ်းကို လိုက်နာတန်ဖိုး ထားတတ်မှုသည် ဒီမိုကရေစီကျင့်စဉ်၏ အနှစ်သာရ ပင်ဖြစ်ပါသည်။
ဒီမိုကရေစီသည် မင်းမဲ့စရိုက်မဟုတ်ကြောင်းနှင့် စည်းကမ်းလိုက်နာနိုင်ရန် စာရိတ္တနှင့် ပြည်သူ့နီတိ တို့ဖြင့် သင်ကြားလေ့ကျင့်ပေးပါသည်။ စာသင်ရာ၊ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာ၊ လမ်းသွားရာ၊ ပေါင်းသင်းဆက်ဆံရာ၊ စာမေးပွဲစစ်ဆေးရာ၊ အား ကစားပြိုင်ပွဲများတွင် စည်းကမ်းကျနစွာ မည်ကဲ့သို့ နေထိုင်ကျင့်သုံးရမည်များနှင့် ရပ်ရွာတွင်း၊ အိမ်တွင်း၊ မိသားစုအတွင်း လိုက်နာရမည့် ကျင့်ဝတ် များလည်း ပါဝင်ပါသည်။
စည်းကမ်းသည် ချုပ်ချယ်တားမြစ်သည့် သဘောမဟုတ်ပါ။ မိမိတို့ဘဝ လွတ်လပ်စွာ ဖွံ့ဖြိုး ရန်အတွက် မိမိတို့၏ “အကာအကွယ်” ဖြစ်ကြောင်း ကလေးများကို ကိုယ်တိုင်နားလည်သဘောပေါက် လာစေရန် လေ့ကျင့်ပေးနေခြင်း ဖြစ်ပါသည်။ စည်းကမ်းလိုက်နာမှုသည် မိမိ၏ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနှင့် ဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေပြီး သူတစ်ပါးကိုလည်း ထိခိုက်နစ်နာစေခြင်းမှ ကင်းဝေးစေပါသည်။ တစ်ဦးချင်း၊ အတန်းတွင်း၊ ကျောင်းတွင်းမှသည် ရပ်ရွာ၊ နိုင်ငံအတွင်း စည်းကမ်းကို ရိုသေလေးစားလိုက်နာ တန်ဖိုးထား ခြင်းဖြင့် ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်း အစဉ် ဖြစ်ထွန်းလာစေရန် ဖြစ်ပါသဖြင့် “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့် ဆောင်ပုဒ်သည် မြန်မာ့ကျောင်းတိုင်းတွင် ခေတ်အဆက်ဆက် ဆက်လက်အကောင်အထည် ဖော်နေမည့် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အလိုအပ် ဆုံးဆောင်ပုဒ်ဟု မြင်မိပါသည်။
(၄) ပြည့်ဝနိုင်ငံသားများ ဖြစ်ထွန်းရန်
ကျောင်းများတွင် ပညာရေး၏ အဓိကရည်မှန်း ချက်ဖြစ်သော ပြည့်ဝနိုင်ငံသား (Good Citizen) ဟု ဆိုအပ်သည့် “မိမိ မွေးဖွားရှင်သန်ရာ နိုင်ငံ၏ နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူစိတ်ရှိသူများ” ပေါ်ထွန်း ရန် လေ့ကျင့်ပေးနေပါသည်။ နိုင်ငံသားကောင်း တစ်ဦး ဖြစ်လာလျှင် ဒီမိုကရေစီစိတ်ထား ပိုင်ဆိုင်သူ (Good Democrat) အဖြစ်လည်း ကျွဲကူးရေပါ ဖြစ်လာတော့သည်။ ထိုစိတ်ထားပိုင်ရှင်သည် စာရိတ္တခိုင်မာမှု၊ စာနာမှု၊ လူမှုဆက်ဆံရေးအသိ မြင့်မားမှု၊ ပြောဆိုလိမ္မာယဉ်ကျေးမှု၊ ကျန်းမာ ကြံ့ခိုင်မှု၊ နိုင်လိုမင်းထက်ကင်းမှု၊ သည်းခံမှု၊ စည်းကမ်းလိုက်နာမှု၊ ပြဿနာကို ကျိုးကြောင်း ဆီလျော်စွာ ဖြေရှင်းနိုင်မှုနှင့် ရည်မှန်းချက်ကို ပေါက်မြောက်အောင် စုပေါင်းဆောင်ရွက်တတ်မှု စသည့် ဗလငါးတန် ပြည့်စုံသည့် နိုင်ငံသားများပင် ဖြစ်ပါသည်။
ထို့အပြင် ကျောင်းသည် မိမိနှင့် မိမိလူ့အဖွဲ့ အစည်း၏ မငြိမ်းချမ်းမှုပြုခြင်းကို ရှောင်ရှားနိုင် သူနှင့် ငြိမ်းချမ်းမှုကို မြတ်နိုးတည်ဆောက်သူများ ဖြစ်လာအောင် လေ့ကျင့်ပေးပါသည်။ ထိုသို့ လေ့ကျင့်ရာ၌ အဓိကသင်ရိုးထဲတွင် သိသင့်သိထိုက် သည့် အကြောင်းအရာများကို အခြေပြု၍လည်း ကောင်း၊ သင်ရိုးပြင်ပ ဖွံ့ဖြိုးရေးအချိန်များ၊ အားကစားလေ့ကျင့်မှုများ၊ လေ့လာရေးခရီးများ၊ ကျောင်းတွင်း ပြပွဲ၊ ပြိုင်ပွဲများ၊ ကျောင်းကောင်စီ အဖွဲ့များတွင် ပါဝင်လှုပ်ရှားစေခြင်းတို့ လည်းကောင်း ပါဝင်ပါသည်။
(၅) ဘုံရည်မှန်းချက်ကို
စုပေါင်းအကောင်အထည်ဖော်တတ်ရန်
ကျောင်းများတွင် ကျောင်းကောင်စီ အသင်းများ ရှိပါသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လေးသင်းပါ။ ယခုတော့ ငါးသင်း ဖြစ်နေပါပြီ။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်း ဘုရားနှင့် ဗန္ဓုလအသင်းများ ဖြစ်ပါသည်။ အနော်ရထာသည် နောက်တိုးအသင်း ဖြစ်ပါသည်။
မိမိတို့၏ ကြိုးပမ်းအားထုတ်မှုရလဒ်ကြောင့် ကိုယ့်အသင်းအလံ ထိပ်ဆုံးတွင် ချိတ်ဆွဲနိုင်ရေး အတွက် အားကစား၊ သန့်ရှင်းရေး၊ စည်းကမ်း လိုက်နာမှု၊ လပတ်စာမေးပွဲ ဖြေဆိုအောင်မြင်မှု၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကြက်ခြေနီအသင်း၊ စကားရည် လုပွဲ၊ ဟောပြောပွဲများ၌ တက်ကြွစွာပါဝင်လှုပ်ရှားရာ တွင် အသင်းတာဝန်ခံ ဆရာ ဆရာမများ၏ ဦးဆောင်မှု၊ အတန်းကြီးမှ အစ်ကို အစ်မများ၏ လမ်းပြမှုဖြင့် အသင်းသားများ ညီညီညွတ်ညွတ် ကြိုးပမ်းကြပါသည်။
ထိုသို့ ကြိုးပမ်းရာတွင် “မိမိကိုယ်ကို ကောင်း အောင် ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်” ဆိုသည့် ကျောင်းကောင်စီ အဓိဋ္ဌာန် လေးချက်နှင့် ညီရပါလိမ့်မည်။ မိမိက စတင်၍ မိမိ၏ ပတ်ဝန်းကျင်ကို ကောင်းအောင် ကြိုးပမ်း သည့် စိတ်ထားဖြင့် နေထိုင်ခြင်းသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း ထာဝရ ရှင်သန်နေသင့်သည့် “အဓိကကျင့်ဝတ်” ပင် ဖြစ်ပါသည်။ ထိုလေးချက် သည် ဆိုကောင်းရုံ၊ သိရုံသက်သက် မဟုတ်ပါ။ ဘဝတစ်လျှောက် ကျင့်ကြံအားထုတ် (Learning to do) ရမည့် အချက်များဖြစ်ပါသည်။
တစ်သင်းတည်းသာ ကောင်းနေ၍လည်း မရပါ။ အသင်း ငါးသင်းစလုံး ကောင်းပါမှ ဖြစ်ပေမည်။ တစ်ဦးချင်း အရည်အသွေး မြင့်မားမှုမှသည် အတန်း၊ ကျောင်းနှင့် နောက်ဆုံးတွင် တိုင်းပြည် ကောင်းမည် ဟူသည့်အသိနှင့် အကျင့်တရားများ ကျောင်းသားအားလုံး၏ ဦးနှောက်ထဲတွင် စွဲသွား စေရန် လေ့ကျင့်ပေးနေခြင်း ဖြစ်ပါသည်။ ထို့အတူ စုပေါင်းညီညွတ်မှုဖြင့် ကစားရသည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘောမှသည် ပြေးခုန် ပစ်အထိ အတန်းဂုဏ်၊ အသင်းဂုဏ်၊ ကျောင်းဂုဏ်မှ သည် ဘုံရည်မှန်းချက်ဖြစ်သည့် နိုင်ငံ့ဂုဏ် မြှင့်တင် နိုင်သည်အထိ စည်းလုံးမှု အင်အားဖြင့် ဆောင်ရွက် တတ်စေရန် ကျောင်းကောင်စီဖြင့် လေ့ကျင့်ပေးနေ ပါသည်။ စည်းလုံးမှုဖြင့် ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြင်းသည် ဒီမိုကရေစီ ယဉ်ကျေးမှု၏ အုတ်မြစ်လည်း ဖြစ်ပေသည်။
အထက်ပါ ကျောင်းတိုင်းတွင် ခေတ်အဆက် ဆက် တည်ရှိခဲ့သည့် လေ့ကျင့်မှုများကို ဆရာကြီး ဦးခင်သန်း၏ စာအုပ်တွင် ပြဋ္ဌာန်းထားသည့်-
- ဒီမိုကရေစီဝါဒ တည်တံ့ခိုင်မြဲရေး၊
- ဒီမိုကရေစီနှင့် ကျောင်းတာဝန်၊
- မူလတန်းကျောင်းများတွင် ဒီမိုကရေစီစနစ် နေထိုင်မှု၊
- မူလတန်းစာသင်ခန်းတွင် ဒီမိုကရေစီကျင့်သုံး မှု၊
- ကျောင်းတွင်း ဒီမိုကရေစီ ... စသည်တို့ဖြင့် ပေါင်းစပ်လေ့ကျင့်ပေးနိုင်လျှင် ပိုမိုလျင်မြန် ထိရောက်လိမ့်မည်ဟု မြင်မိပါသည်။
ကိုယ်စိတ်နှလုံး အေးချမ်းမှ
ဒီမိုကရေစီ ပြည့်ဝသည့်ဘဝ
ယနေ့ ကျောင်းများတွင် ဒီမိုကရေစီကျင့်စဉ် အကြောင်း လေ့ကျင့်ပေးမည်ဆိုလျှင် ပါဝင်သင့် သည့် ဆရာကြီး၏ ပြဋ္ဌာန်းစာအုပ်ပါ ဒီမိုကရေစီ အနှစ်သာရတချို့ကို ဆွေးနွေးတင်ပြလိုက်ပါသည်။
ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ “ဒီမိုကရေစီ ဆိုသည်မှာ နိုင်ငံရေးနှင့်ဆိုင်သော ဝါဒသာမဟုတ်၊ လူမှုဆက်ဆံရေးနှင့် စပ်လျဉ်း၍ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးကို ကျင့်သုံးရေးအတွက် ညွှန်ပြသော လမ်းစဉ်လည်း ဖြစ်သည်။ အခြေခံသဘောအားဖြင့် ဒီမိုကရေစီဝါဒသည် လူတိုင်းလူတိုင်းတွင်ရှိသော ပကတိတန်ဖိုးကိုလည်းကောင်း၊ ရခဲလှသော လူ့ဘဝ၏ မြင့်မြတ်ပုံကိုလည်းကောင်း ယုံကြည် လေးစားသော ဝါဒဖြစ်သည်။ လူတိုင်းလူတိုင်း၌ လူအဖြစ် နေထိုင်ခွင့်၊ လွတ်လပ်စွာ ပြုမူပြောဆို နိုင်ခွင့်ရှိသည်။ ထိုအခွင့်အရေးကို လူတိုင်းလူတိုင်း ခံစားနိုင်အောင် လူတိုင်းဆောင်ရွက်ရန် လိုသည်” ဟု ဆရာကြီးက ဖော်ပြထားပါသည်။
ဆိုလိုသည်မှာ လူသားတိုင်းသည် ကိုယ်၊ စိတ်၊ နှလုံး ငြိမ်းချမ်းသာယာဝပြောစွာ လူ့ဘဝကြီးတွင် နေထိုင်နိုင်သည့် အခွင့်အရေးသည် လူတစ်ယောက် အဖြစ် စတင်မွေးဖွားကတည်းက ပါလာကြောင်းနှင့် ထိုအခွင့်အရေးနှင့်အညီ ရှင်သန်နေထိုင်ခွင့်ရပါမှ ဒီမိုကရေစီ ပြည့်ဝသည့် လူမှုဘဝဟု ဖော်ညွှန်းထား ခြင်း ဖြစ်ပါသည်။ ကိုယ်စိတ်နှလုံး မငြိမ်းချမ်းသည့် ဘဝနှင့် ယင်းကဲ့သို့ဖြစ်ရန် ဖန်တီးနေမှုများသည် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ ဆန့်ကျင်ဘက်သာ ဖြစ်ကြောင်း ခံယူနိုင်သည်အထိ လေ့ကျင့်ပေးရပါ လိမ့်မည်။
ကျောင်းသည် ဒီမိုကရေစီ ပုခက်
ဆရာကြီးက ဒီမိုကရေစီဆိုသည်မှာ အစိုးရအဖွဲ့ ဝင်များ၊ အုပ်ချုပ်ရေးသမားများ၊ ဝန်ထမ်းများနှင့် နိုင်ငံရေးသမား၊ ပညာတတ်တွေလောက်သာ သိထားရမည့်အရာ မဟုတ်ပါ။ နိုင်ငံသားတိုင်း သိ၊ ကျင့်၊ နေထိုင်ပြီး (လှည်းနေလှေအောင်း မြင်းစောင်း မကျန်) နေ့စဉ်လူနေမှုဘဝမှာ ထိုအကျင့်ကို အသုံးချ ဖို့ ဖြစ်ကြောင်းကို “ဒီမိုကရေစီသည် သဘောတရား သက်သက်မဟုတ်၊ နေ့စဉ်နှင့်အမျှ ကျင့်သုံးဆောင် ရွက်ရမည့် ကျင့်စဉ်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုလျှင် ဒီမိုကရေစီသည် လူအများ သင့်မြတ်စွာ စုပေါင်း၍ သင့်မြတ်စွာ စုပေါင်းနေထိုင် လုပ်ကိုင်နိုင်ရေးအတွက် နေထိုင်မှုစနစ်တစ်ရပ်ဖြစ်သည်” ဟု ဖော်ပြထားပါ သည်။
ထို့အပြင် ဆရာကြီးက “ကျောင်းကို ဒီမိုကရေစီ ပုခက်ဟု ပြောစမှတ်ပြုကြသည်။ ကလေးများ ကျောင်းထွက်လျှင် လောကသားအနေဖြင့် တာဝန် ထမ်းဆောင်ကြသည်ဖြစ်ရာ ဒီမိုကရေစီကို ကလေး များ၏ အိမ်နှင့်ကျောင်းတွင် မျိုးစေ့ချပေး၍ ကလေး ၏ ပတ်ဝန်းကျင်သည်လည်း ဒီမိုကရေစီရနံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်စေရမည်။ ကျောင်းတွင် ကလေး များ၏ နေ့စဉ် အတွေ့အကြုံများသည် သဘာဝကျ သော ဒီမိုကရေစီနေထိုင်မှု အတွေ့အကြုံများ ဖြစ်ရ မည်” ဟု ဆိုပြီး ပညာရေးက ကျောင်းများတွင် လေ့ကျင့်ပေးနေခြင်းများအားလုံးသည် ကလေးများ ၏ အနာဂတ်တွင် သူတို့နေထိုင်ကြရမည့် လူ့အဖွဲ့ အစည်းနှင့် လိုက်လျောညီထွေရှိမည့် အရည်အသွေး များကို တပ်ဆင်ပေးနေခြင်း ဖြစ်ပါသည်။ ကျွန်တော် တို့ မျှော်မှန်းသည့် အနာဂတ်မြန်မာ့ဒီမိုကရေစီ လူ့ဘောင်အတွက် ကလေးများကို ယနေ့ကျောင်း များက ဒီမိုကရေစီ၏ “စံ” ၊ “အကျင့်” ၊ “နေထိုင်မှု ဘဝ” များကို ကျောင်းမှာနေရင်း မဖြစ်မနေ လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ ပါသည်။
ဒီမိုကရေစီ လေ့ကျင့်မှုအစ သူငယ်တန်းက
ဆက်လက်၍ ဆရာကြီးက ဒီမိုကရေစီအလေ့ အကျင့်ကို အထုံပါရမီဖြစ်အောင် ကျောင်းများတွင် ပြင်ဆင်လေ့ကျင့်ပေးမည်ဆိုလျှင် ဘယ်အတန်းက စပြီး ကျောင်းများတွင် သင်ရမှာလဲ ဆိုသည်နှင့် ပတ်သက်၍ “ဒီမိုကရေစီ လက်တွေ့ ကျင့်သုံးစေမှု ကို ကလေး ကျောင်းသို့ စတင်ရောက်လာသော ပထမနှစ်၌ပင် အစပြုသင့်သည်။
ကလေးတို့သည် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်၊ လွတ်လပ်စွာ ဝေဖန်ခွင့်နှင့် အစုလိုက် ဆုံးဖြတ်ခွင့်ရ သောလုပ်ငန်းတို့တွင် ပါဝင်လိုသော ဆန္ဒရှိကြသည်။ တစ်တန်းလုံး ပါဝင်လုပ်ဆောင်ရသော သန့်ရှင်းရေး၊ စာသင်ခန်း ပစ္စည်များထိန်းသိမ်းရေး၊ စာသင်ခန်း တံခါးဖွင့်ပိတ်ခြင်း စသည်တို့ ဖြစ်သည်” ဆိုပြီး ကလေးအရွယ်နှင့်လိုက်မည့် ဒီမိုကရေစီ လူမှုဘဝ ကို ကျောင်းကို စတင်ဝင်ရောက်သည့်အတန်းဖြစ် သည့် သူငယ်တန်း (ယနေ့ Grade-I) မှ စတင်၍ လေ့ကျင့်သွားရန်လိုကြောင်းကို ညွှန်ပြခဲ့ပါသည်။
နောင်အတန်းကြီးလာလျှင် သည့်ထက်မြင့်မား သော ဒီမိုကရေစီ အလေ့အကျင့်များဖြစ်သည့် အသင်းအဖွဲ့များ (ပန်းချီအနုပညာအသင်း၊ ကြက်ခြေနီအသင်း၊ စိုက်ပျိုးရေးအသင်း၊ ဂီတအနု ပညာအသင်း၊ အားကစားအသင်း၊ သိပ္ပံအသင်း၊ အိမ်တွင်းမှု သိပ္ပံအသင်း စသည်ဖြင့်)တွင် ပါဝင် လှုပ်ရှားခြင်း၊ ကျောင်းကောင်စီတွင် ကိုယ်စားလှယ် အဖြစ် အရွေးခံခြင်းနှင့် ကိုယ်စားလှယ်များကို မဲပေးခြင်းတို့ကို လုပ်ဆောင်ကြရမည်ဟု ပြဋ္ဌာန်း စာအုပ်တွင် ရေးသားထားပါသည်။
ဒီမိုကရေစီကျောင်း၏ လေ့ကျင့်ပေးမှု
ဆရာကြီးက “အချုပ်အားဖြင့် ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားစေရန် လေ့ကျင့် သင်ကြားပေး နေသည့် ဒီမိုကရေစီကျောင်းသည် -
(၁) ဒီမိုကရေစီ၏ မွန်မြတ်ချက်များနှင့် တန်ဖိုးကို နားလည်စေရန်၊
(၂) လူမှုဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် နှင့် ဂုဏ်ကို ပိုမိုထင်ရှားစေရန်၊
(၃) ပြည်ထောင်စုနှင့် ပြည်ထောင်စုသူ ပြည်ထောင်စုသားတို့၏ အကြောင်းကို နားလည်စေရန်၊
(၄) လူ၏ အင်အားနှင့် သဘာဝအင်အားစုကို ထိန်းသိမ်းပေးရန်၊
(၅) လွတ်လပ်သောကမ္ဘာတွင် ပိုမိုကောင်းမွန် သော ပြည်သူပြည်သားများ ဖြစ်လာရန်၊
(၆) ဒီမိုကရေစီ၏ ရင်ဆိုင်ရမည့် ပြဿနာ များကို ပိုမိုနားလည်ရန် ၊
(၇) ဒီမိုကရေစီသည် ပြုပြင်ဖန်တီးပေးသော လုပ်ငန်းစဉ်ဖြစ်ကြောင်း သိနားလည်ရန်၊
(၈) အမျိုးသားတိုးပွားရေး (နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဟု ဆိုလိုတာ ထင်ပါသည်)
တွင် လူတိုင်းပါဝင်ဆောင်ရွက်ရမည်ကို ကလေးများ အားလုံး သဘောပေါက်စေရန် လေ့ကျင့်ပေးနေခြင်း” ဟု ကျောင်းများတွင် ဒီမိုကရေစီလေ့ကျင့်ပေးရခြင်း ၏ ရည်ရွယ်ချက်များကို ဖော်ပြထားပါသည်။
သူတို့ ပါလီမန် ဒီမိုကရေစီခေတ်အတွက် နိုင်ငံ သားများတွင် ရှိကိုရှိရမည့် ဒီမိုကရေစီ အလေ့အကျင့် ကို မြန်မာ့ပညာရေးက တာဝန်ကျေစွာ ကျောင်းများ တွင် လေ့ကျင့်ပေးခဲ့ကြောင်း ဆရာကြီး ဦးခင်သန်း ၏ ပြဋ္ဌာန်းစာအုပ်က သက်သေပြနေပါသည်။
သို့ဖြစ်၍ ကျွန်တော်တို့သည် ဒီမိုကရေစီ ယဉ်ကျေးမှုကို ယနေ့ မြန်မာ့ကလေးများယဉ်ပါး နေအောင် ဖြည့်ဆည်းပေးရန် လိုပါပြီ။ မဖြစ်မနေ လေ့ကျင့်ပေးပါမှ ပညာရေးသည် တာဝန်ကျေသည့် ဘဝ ရောက်မှာပါ။ ထို့ကြောင့် ယနေ့အချိန်သည် ကလေးများကို ဒီမိုကရေစီအလေ့အထ ခိုင်မြဲအောင် နှင့် နောင်အခါ မြန်မာ့သမိုင်းတွင် “ဒီမိုကရေစီ ကျင့်စဉ်အစ စာသင်ကျောင်းက” ဟူသော ကမ္ပည်း မော်ကွန်းထိုးနိုင်ရန်အတွက် အချိန်အခါကောင်း ဖြစ်ပါသည်။
တစ်နည်းအားဖြင့် ပညာရေးက “အနာဂတ် ဒီမိုကရေစီ မြန်မာ့ လူ့အဖွဲ့အစည်း၏ ခိုင်မာသည့် အုတ်မြစ်” ကို ချပေးရမည့်အချိန်ဟု မြင်မိပါသည်။ အဲဒီအခါကျရင် ကျောင်းများတွင် ရေးထားသော လက်ရှိ ဆောင်ပုဒ်ဖြစ်သည့် “အမျိုးသား စည်းကမ်း အစ၊ စာသင်ကျောင်းက” ဆိုခြင်းသည်လည်း ဒီမို ကရေစီ၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် အကောင်အထည်ဖော်ပြီးသား ဖြစ်ပါသည်။
ကျောင်းများတွင် ကျောင်းကောင်စီလောက်သာ ဖွဲ့စည်းပြီး အသင်းခေါင်းဆောင်ရွေးချယ်တတ်ရုံ ဖြင့်တော့ ဒီမိုကရေစီအရည်အသွေး မျိုးဆက်သစ် များဆီမှာ မပြည့်စုံနိုင်သေးပါ။ ဆရာကြီး ဦးခင် သန်း၏ ပြဋ္ဌာန်းစာအုပ်ကဲ့သို့ ယနေ့ခေတ်နှင့် လျော်ညီသည့် (ပုံတူကူးချရန် မဟုတ်ပါ) ဒီမိုကရေစီ ကျင့်စဉ်နှင့်ဆိုင်သော စာတွေ့နှင့်လက်တွေ့ ပိုမိုများ သော သင်ခန်းစာများကိုပါ ပြဋ္ဌာန်းပြီး ထပ်ဆောင်း လေ့ကျင့်သင်ကြားပေးနိုင်မှသာ ထိုကျောင်းကို “ဒီမိုကရေစီကျောင်း” ဟု ခေါ်ဆိုနိုင်သကဲ့သို့ ဒီမိုကရေစီယဉ်ကျေးမှုမှာ ပျော်မွေ့သည့် နိုင်ငံသား များ ပေါ်ထွန်းလာကြပါလိမ့်မည်။
ဒီမိုကရေစီဓလေ့ ထုံမွမ်းနေသည့် “ဒီမိုကရေစီ ကျောင်းထွက်” များကသာ အောင်မြင်သည့် မြန်မာ့ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို မြတ်နိုးစွာ တည်ဆောက်နိုင်ကြမှာပါ။ အဆိုပါ ဘဝမျိုးရောက်ဖို့ ကတော့ ယနေ့ ပညာရေးကဏ္ဍတွင် တာဝန်ရှိသူများ သည် ကိုယ့်ပခုံးပေါ်ကျရောက်လာသည့် သမိုင်းပေး တာဝန်ကို မဖြစ်မနေ ကျေပွန်စွာ ထမ်းဆောင်ရ ပါလိမ့်မည်ဟု မြင်မိပါသည်။
သို့မှသာ ကျောင်းက အစပျိုးခဲ့သည့် “ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ”အဖြစ် ပေါ်ထွန်းလာမည်ဟု ယုံကြည်မိ ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
ကိုးကား
(၁) ဦးခင်သန်း (၂၀၁၃) လူမှုရေးရာသင်ပြမှု (တတိယအကြိမ်)
(၂) Bhaskaracharyulu (2011) Education and Society
- Log in to post comments