
ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
ယမန်နေ့မှ အဆက်
“ကျွန်တော်တို့ဟာ စျေးကွက်စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကို အလေးအနက်ထားရလိမ့်မယ်။ ကုမ္ပဏီကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များက ယှဉ်ပြိုင်နိုင်မှသာ ရေရှည်ရပ်တည်နိုင်မှာ ဖြစ်ပါ တယ်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း တွေကို စောင့်ရှောက်ထိန်းသိမ်းခြင်းအားဖြင့် ဒီမို ကရေစီဟာ အမြစ်တွယ်နိုင်မှာဖြစ်တယ်” လို့ တောင်ကိုရီးယားမှ ဒေဂျွန်း (K Dae Jung) က ၁၉၉၈ မတ်လ ၂ ရက်နေ့ထုတ် Time မှာ ရေးသား ထားတာ တွေ့ရပါတယ်။
ဒီမိုကရေစီဟာ ကမ္ဘာနဲ့ချီကြည့်ရင် ပျိုတိုင်း ကြိုက်တဲ့နှင်းဆီခိုင်တော့ မဟုတ်သေးဘူး။ ဒီမို ကရေစီစနစ်ကို နိုင်ငံပေါင်း ၁၁၀၊ ၅၄ ဒသမ ၈ ရာခိုင်နှုန်းက ကြိုက်နှစ်သက်တဲ့ နိုင်ငံရေးစနစ် တစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအချို့ဟာ ဒီမို ကရေစီအသွင်ကူးပြောင်းရေးကို အမျိုးမျိုးသော အခက်အခဲ အကျပ်အတည်းကြားမှ တည်ဆောက် ကြရပါတယ်။ ဒီမိုကရေစီနဲ့အတူ နိုင်ငံရေးစိတ် သဘောထားများ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ နဲ့ အကျင့်စရိုက်များနဲ့လည်း ပွတ်တိုက်မှုရှိလာပြီး အကြီးအကျယ်ရှုပ်ထွေးလှတဲ့ လူမှုစီးပွားရေး စျေးကွက်စီးပွားရေးကြီးများနဲ့ ကိုယ်ကျင့်သိက္ခာ တွေကအစ ပြောင်းလဲရမယ့် လုပ်ငန်းစဉ်ပဲဖြစ်ပါ တယ်။ ဒါကြောင့် နှစ်ပေါင်းတစ်ရာကြာပြီဖြစ်တဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီကျင့်စဉ်တွေကို မြန်မာတို့ အဖို့ လက်လှမ်းမီ၊ အဆင့်မီ၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ဆွတ်ချူရန် ခဲယဉ်းလျက်ရှိနေတာကို တွေ့ရပါလိမ့် မယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကိုယ်တိုင်ပင်လျှင် မြန်မာ့နိုင်ငံရေး ဇာတ်ခုံ ကို စိတ်ကုန်သလောက်ဖြစ်နေပြီလို့ မောင်ရွှေ ခေတ် ရေးသော ဦးသန့်၏ ဘဝအတွေ့အကြုံများ စာအုပ်မှာ ဖတ်ရှုရပါတယ်။
စည်းကမ်းအစ စာသင်ကျောင်းက
စည်းကမ်းအစ စာသင်ကျောင်းက ဆိုသလိုပါပဲ။ မကြာသေးမီနှစ်များက ဒီမိုကရေစီအကြောင်း သိကောင်းစရာသဖွယ် စာသင်ကျောင်းတွေမှာ သင်ရင်ကောင်းမလားပဲဆိုပြီး စိတ်ကူးတွေရှိခဲ့ကြ ပါတယ်။ ကိုယ့်နိုင်ငံအနေအထား၊ လူ့စွမ်းအား အရင်းအမြစ်တွေကို အကဲခတ်ကြည့်ရင် ဒီမိုကရေစီ ကို ကျောင်းသင်ခန်းစာအဖြစ် သင်ကြားပို့ချနိုင်သူ ရှားပါးတာ တွေ့ရပါလိမ့်မယ်။ ပြည်သူ့နီတိကို မည်မည်ရရ သင်ကြားနိုင်မယ်ဆိုရင် မြန်မာတို့ရဲ့ရိုးသားရိုးရှင်းတဲ့ဘဝဟာ ပိုပြီးရှင်သန်ကြီးထွား လာနိုင်ပါမယ်။ ပန်းတနော် အမျိုးသားကျောင်း ဆရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ သူ့တပည့်များအား နှုတ်ဆက်စကား ပြောကြားရာမှာ “တပည့်တို့ လူတော်လူကောင်း ဖြစ်အောင် ကြိုးစားကြပါ။ လူတော်မဖြစ်ရင်တောင် မှ လူကောင်းဖြစ်အောင် ကြိုးစားကြပါ။ ဒီနေ့ ဒို့နိုင်ငံမှာ လူတော်သိပ်ရှားတယ်။ လူဆိုးတွေက အများကြီးပဲ။” လို့ ထည့်သွင်းပြောသွားခဲ့တာကို ဖတ်ရပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားက “သင်ယူခြင်းသည် မျက်စိ မှိတ်လက်ခံရန် မဟုတ်၊ မေးမြန်းခြင်းဖြင့် သိရှိရာ ၏။ သိရှိခြင်းဖြင့် နားလည်ရာ၏။ နားလည်ခြင်းဖြင့် အသုံးချရာ၏” တဲ့။ ဒီမိုကရေစီကိုပဲ သင်သင်၊ ဒစ်ဖရယ်ရှယ် ကားကူးလပ် (Differential Calcul-us) ပဲသင်သင်၊ ဗုဒ္ဓရဲ့အမြင် သွန်သင်မှုအရ လူတို့ ဟာ ဆင့်ကဲဆင့်ကဲ ဆင့်ကာဆင့်ကာ လုပ်ရလိမ့် မယ်။ ကာလာမသုတ်လာနည်းလမ်းဟာ သိပ္ပံ နည်းကျပဲ။ သူများကောင်းတယ်၊ လူကြိုက်များ တယ်ဆိုတိုင်း လိုက်လုပ်စရာမလို၊ ချော်လဲရောထိုင် ဆိုတာ ဒီမိုကရေစီမဆန်တာ ဖြစ်ပါလိမ့်မယ်။
ဒီမိုကရေစီနဲ့ပတ်သက်လို့ ပါလီမန်ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဒီမိုကရေစီဆိုပြီး ကျွန်တော်တို့ဟာ အထိုက်အလျောက် ကြားဖူးနားဝရှိသူများလို့ ပြောရမှာဖြစ်ပါတယ်။ ထဲထဲဝင်ဝင် နှိုက်နှိုက် ချွတ်ချွတ် လေ့လာကျင့်သုံးသူ ဘယ်လောက်ရှိလဲ လို့တော့ အတိအကျမသိနိုင်ဖြစ်ပါတယ်။ ဒီမိုကရေစီ အလေ့အကျင့်နဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီအကြောင်း သိကောင်းစရာ သင်ရိုးညွှန်း တမ်း ၁၀၁ ပဲရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။
ရေရှည်ဖွံ့ဖြိုးရေး ၁၇ ချက်
စာအုပ်စာပေလေ့လာဖို့လည်း မကြုံကြိုက်သူ တွေ ဒုနဲ့ဒေးရှိပါလိမ့်မယ်။ မြန်မာဒေါင်း ဖတ်စာအုပ် ထဲကလို ဒီမိုကရေစီဟာ နေ့တိုင်းရွှေဥတစ်ဥ ဥပေး တဲ့ငန်းမကြီးလို ထင်မြင်သူတွေ ရှိနိုင်ပါတယ်။ ဒီမို ကရေစီကို ကမ္ဘာ့နိုင်ငံအများအပြားမှာ လူကြိုက်များ လာတဲ့ နိုင်ငံရေးစနစ်တစ်ရပ် ဖြစ်ပါတယ်။ ငွေ ပဒေသာပင်ဟာ မြေမှအလိုအလျောက် မပေါက် ဆိုသလို ဒီမိုကရေစီရဲ့နီတိကို မိမိရရ မကျင့်သုံးနိုင် ရင် ငွေပဒေသာပင်လည်း မြင်ရမှာမဟုတ်၊ နေ့စဉ် ဥနေကျ ရွှေဥလည်းရတော့မှာ မဟုတ်ဆိုတာကို သတိမူကြရပေလိမ့်မယ်။ ယနေ့ ကမ္ဘာအရပ်ရပ်မှာ မဖြစ်မနေလိုအပ်နေတဲ့ ရေရှည်ဖွံ့ဖြိုးရေး ၁၇ ချက် (Sustainable Development Goal; 17 SDGs) ကို မူလတန်းကျောင်းတွေကအစ တက္ကသိုလ်အထိ အဆင့်အလိုက် သင်ကြားပို့ချရင် လူမှုဘဝမိသားစုဘဝ ဟာ ရေရှည်သာယာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
“ယနေ့ (June 2, 1997 Newsweek) အချိန်အခါ သမယမှာ ၅၄ ဒသမ ၈ ရာခိုင်နှုန်းသော လူထုဟာ ဒီမိုကရက်တစ်အုပ်ချုပ်မှုအောက်မှာ နေကြပါတယ်။ ကျွန်တော်တို့ တွေ့နေမြင်နေရတဲ့ ဒီမိုကရေစီဟာ မျက်နှာပန်း မလှသလိုပါပဲ။ ဒီမိုကရေစီနည်းနဲ့ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ အစိုးရများဟာ ဖွဲ့စည်းပုံအရ အပ်နှင်းထားတဲ့ အာဏာများကို မျက်ကွယ်ပြုမှုတွေ ပုံမှန်ဖြစ်နေတာကြောင့် အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ နိုင်ငံ သားတို့ရဲ့ မူလခံစားခွင့်နဲ့ လွတ်လပ်မှုတွေဟာ ဆုံးရှုံးခဲ့ကြရပါတယ်” လို့ဆိုပါတယ်။ (Democrati-cally elected regimes are now routinely ignoring constitutional limits on the power and depriving their citizens of basic rights and freedoms) ဗြိတိန်ဝန်ကြီးချုပ် ဂျွန်မေဂျာက “နိုင်ငံရေးဆိုသည် အတွေးအခေါ်ဝါဒ (ideology) ရဲ့ အခန်းကဏ္ဍတစ်ခုတည်းမဟုတ်။ အဲဒီဝါဒရဲ့ လုပ်ငန်းစဉ်ကို လက်တွေ့ကျကျ သက်ဝင်လှုပ်ရှား ပါဝင်ရမယ်။ နိုင်ငံရေးသမားတွေမှာ အာဏာရှိတဲ့ အခါ၊ အစိုးရအဖွဲ့ထဲ ရောက်လာတဲ့အခါ၊ ရွေးချယ်မှု ခံရတဲ့အခါ၊ တကယ်တမ်း ကြည့်ရှုစောင့်ရှောက်ရမှာ က ထိုနိုင်ငံရဲ့ အကျိုးစီးပွားဖွံ့ဖြိုးရေးပဲ” ဖြစ်တယ်လို့ ၁၉၉၈ ခုနှစ် မတ်လထုတ် Newsweek မဂ္ဂဇင်းမှာ ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။
ရာစုနှစ်တစ်ရာအတွင်း အနောက်နိုင်ငံများမှာ ဒီမိုကရေစီ (liberal democracy) ဆိုသည်မှာ အမြင်မတူသော်လည်း နှလုံးသားချင်း နီးကပ်သော ဒီမိုကရေစီ ဖြစ်ခဲ့ပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲသာမက နှလုံးသားချင်း၊ ကျောချင်း ကပ်တဲ့ ဒီမိုကရေစီကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒီထက်ပိုတဲ့ကိစ္စမှာ လေးစားလောက်ပြီး အခြေခံကျ တဲ့ လွတ်လပ်မှု (liberties) များဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံးခွင့်၊ ပုဂ္ဂလိကစာချုပ်စာတမ်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှုများနဲ့ ဥပဒေများလည်း အကျုံးဝင် ပါတယ်။ နိုင်ငံရေးပဋိပက္ခနဲ့ အပြောင်းအလဲတွေ ကြုံတွေ့ကြရတဲ့အခါ အခြေခံလွတ်လပ်မှု (basic liberties) လစ်ဘရယ်ဒီမိုကရေစီ ( liberal demo-cracy) ကိုသာ အားကျစရာအဖြစ် ရှုမြင်နိုင်ပါတယ်။ လူအုပ်ကိုအခြေပြု၊ အနိုင်ယူလိုတဲ့ ဒီမိုကရေစီဟာ စစ်မှန်တဲ့ ဒီမိုကရေစီလို့ခေါ်ရန် ခဲယဉ်းပါတော့တယ်။
ယခင် ယူဂိုဆလားဗီးယား နဲ့ အာဖရိကနိုင်ငံတွေ မှာ ရွေးကောက်ပွဲတွေဟာ တိုင်းရင်းသားတို့အချင်း ချင်း သွေးကွဲမှုဆီသို့ တွန်းပို့တယ်လို့ဆိုပါတယ်။ အမျိုးသားစံချိန်မီ ဒီမိုကရေစီဟာ ဈေးကွက် လွတ်လပ်ခွင့်၊ လွတ်လပ်တဲ့ အလုပ်သမားလှုပ်ရှားမှု (labor movements) နဲ့ နိုင်ငံရေးပါတီများရဲ့ လွတ်လွတ်လပ်လပ်သီးခြားစီ လှုပ်ရှားမှုတို့ကို အားပေးတဲ့သဘောရှိပါတယ်။
ကြိုးတန်းပေါ်မှာ လျှောက်နေကြ
အာရှအလယ်ပိုင်း (Middle East) နိုင်ငံရေး ကြိုးတန်းပေါ်မှာ လျှောက်နေကြတဲ့ အစ္စရေး- ပါလက်စတိုင်းအရေးနဲ့ပတ်သက်ပြီး အကြမ်းဖက် မှုတွေအပေါ် သုံးသပ်မှုတွေရှိခဲ့ပါတယ်။ ဆယ်ကျော် သက် ကျောင်းသားတွေဟာ အကြမ်းဖက်မှုတွေနဲ့ သေပွဲဝင်ဖို့တောင်မမှုဘဲ ကျောင်းတက်နေကြတာကို စဉ်းစားရခက်နေပါတယ်။ သူရဲကောင်းပမာ သေပွဲ ဝင်ကျောင်းသားများကို ကျောင်းတွေက ဂုဏ်ပြု ထောမနာ ပြုတာတွေဟာ မှားနေပါတယ်။ “အာဇာနည်တို့ သင်္ချိုင်းမှာ မင်းတို့အနားယူကြ၊ ဒို့ဆက်လက်တိုက်ပွဲဝင်မယ်” ဆိုပြီး ကြွေးကြော် ဂုဏ်ပြုနေတာဟာ ကျောင်းရဲ့အမှားတော်ကြီးပဲ။ တကယ်တော့ အစ္စရေး - ပါလက်စတိုင်း ကျောင်း သားတွေကို ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုနဲ့အတူတကွ နေထိုင်ကြရေး သင်ပေးရမှာဖြစ်တယ်လို့ အမေရိ ကန်နိုင်ငံမှ Welfield က Mcurein Cooke က သုံးသပ်ပြပါတယ်။
ဒီနေ့ဒီလိုကာလများမှာ မေတ္တာ အကြင်နာ တရားပွားများဖို့ ကိစ္စဟာ ရှေးယခင်ကထက် ပိုလိုအပ်တာကို တွေ့ရပါတယ်။ ပထဝီနိုင်ငံရေး၊ အစ္စရေး-ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ အီရတ် ဆိုတဲ့နိုင်ငံတွေမှာ အကြမ်းဖက်မှုတွေနဲ့ ထိန်းမရ နိုင်လောက်အောင် ကျယ်ပြန့်နေပါတယ်။ ဒီမို ကရေစီကျင့်စဉ်တွေနဲ့ ဖြေရှင်းလို့မရအောင် ခက်ခဲ တယ်လို့ သုံးသပ်လို့ရပါတယ်။ ဒါတွေကိုလျော့ပါး အောင်မလုပ်ဘူး၊ မလုပ်နိုင်ဘူးဆိုရင် ကမ္ဘာကြီးဟာ ငရဲပြည်အလားဖြစ်ပြီး အားလုံးဒုက္ခပင်လယ်ထဲမှာ နစ်မြုပ်သွားနိုင်ပါတယ်လို့ ကမ္ဘာ့နိုင်ငံရေးပညာရှင် တွေက သုံးသပ်ကြပါတယ်။ အနှေးနဲ့အမြန် ကောင်းမွန် သာယာတဲ့ဘဝကို ရှေးရှုကြရမှာ ဖြစ်ပါတယ်။
ဂျပန်က စစ်ရှုံး၊ စစ်လျော်ကြေးပေးရတဲ့နိုင်ငံ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမှာ ပြာပုံဘဝက ထခဲ့ရတယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဂျပန်ဟာ တိုင်းပြည်ရဲ့ ၁၀ ရာခိုင်နှုန်းကို အရင်းရှင်စနစ်၊ ကျန် ၉၀ ရာခိုင်နှုန်းကို ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ တိုင်းပြည်ကို ပြာပုံကထဖို့ နှစ်ပြိုင်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တာ အလုပ်ဖြစ်ခဲ့တယ်။ ၁၉၈၀ ပြည့်နှစ် တွေမှာ ဂျပန်ရဲ့ ဗျူရိုကရက်တစ် အရင်းရှင်စနစ်ဟာ အံ့ဩဖွယ်ကောင်းလောက်အောင် အောင်မြင်ခဲ့ တာ တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ အဆင့်မြင့် ပညာရှင်တွေ နည်းပညာလုပ်သား ပညာရှင်အင်အား ၆၇ ဒသမ ၉ သန်းအထိ ရောက်ခဲ့ပါတယ်။ ဂျပန်လူမျိုးတို့ရဲ့ စိတ်ဓာတ်ဟာ အံ့မခန်းစရာ ကောင်းလှပါတယ်။ ဂျပန်စိတ်ဓာတ်၊ အနောက်တိုင်း ပညာ၊ အနောက်ယဉ်ကျေးမှုနဲ့သင်ယူမှု၊ ဒီနှစ်ချက် ဟာ ဦးနှောက်အတွက်ပဲ။ နှလုံးသားက ဂျပန်ပဲ၊ အပြောင်းအလဲမရှိ၊ ပကတိအတိုင်း ဂျပန်ပါပဲ။ ဒါကြောင့်ပဲဖြစ်မယ်။ ဂျပန်အရာရှိကြီးများဟာ နိုင်ငံခြားအတွေးအခေါ်တွေကြောင့် သာမန်ဂျပန် တို့ရဲ့ ဦးနှောက်ကို ပုန်ကန်ထကြွ အကြမ်းဖက်မှုဖြစ် မှာကို စိုးရိမ်ပူပန်ကြတယ်လို့ ဆိုပါတယ်။
“သိပ္ပံပညာ (Science)၊ ခရစ်ယာန် (Chris-tianity)၊ လွတ်လပ်မှု (Liberalism)၊ ဒီမိုကရေစီ (Democracy) တို့ဟာ စိတ်ဝင်စားဖွယ် လေ့လာစရာ တွေပဲ။ လူဂုဏ်တန်တွေနဲ့ ပိုထိုက်တန်ပေလိမ့်မယ်။ ဒါသည်ပင် သတိထားရွေးချယ်ပြီး သင်ယူသင့်ပါ တယ်။ ဒီလိုအတွေးအခေါ် စိတ်ကူးစိတ်သန်းတွေဟာ ခေတ်မီဖွံ့ဖြိုးအင်အားကြီးတဲ့နိုင်ငံ တည်ဆောက်ဖို့ အသုံးဝင်တဲ့ ကိရိယာတွေပဲဖြစ်တယ်။ ဒါပေမယ့် မှားယွင်းတဲ့ လူတွေရဲ့လက်ထဲမှာ ဒီအတွေးအခေါ် ပညာရပ်တွေနဲ့ ကျင့်စဉ်တွေဟာ ကြီးမားတဲ့ အန္တရာယ်ကို ပေါ်ပေါက်စေပါတယ်”လို့ ၂၀၀၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထုတ် Time မဂ္ဂဇင်းမှာ ဂျပန်ရဲ့ စူးစမ်းလိုစိတ်၊ သင်ယူလိုစိတ်၊ နောက်ကျမကျန်ရစ်ဖို့ စိုးရိမ်စိတ်၊ ဂျပန်ရဲ့ ကြွယ်ဝချမ်းသာမှု၊ အာရှမှာ နည်းပညာအရာမှာ ခေတ်အမီဆုံး နှစ်ပေါင်း ၃၀၀ တိုင် တည်တံ့ခိုင်ခံ့မှာဖြစ်ခြင်းအကြောင်းနဲ့ စပ်လျဉ်းပြီး အယ်ဒီတာက ရှုမြင်သုံးသပ်တာကို ဖတ်ရှုရပါတယ်။ ဂျပန်တို့ဟာ ဒီမိုကရေစီအရေးကိုပင် လွယ်လွယ်ကူကူ လက်မခံဘဲ တွေးပူတဲ့သဘောကို တွေ့ရပါတယ်။
လူသာပဓာနကျ
ကောင်းပါပြီ။ ဒီမိုကရေစီဆိုတာ အမျိုးမျိုး အဖုံဖုံရှိနေတာ တွေ့ရပါပြီ။ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးရာမှာ လူသာပဓာနကျကြောင်း တွေ့ရပါပြီ။ ကိုယ့်နိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်း၊ လူမျိုးရဲ့ စရိုက်လက္ခဏာ၊ အတွေ့အကြုံ နိုင်ငံရေးအုပ်ချုပ်မှု စီမံခန့်ခွဲမှုစနစ်တွေဟာ ကျင့်သားရရင်၊ ရင့်ကျက် လာရင် အလောတော်မှည့်လာရင် ချိုမြိန်တဲ့အရသာ ရှိမှာဖြစ်ပါတယ်။ နိုင်ငံရေးအကိုင်းအခက်၊ အသီး အပွင့်တွေ ဝေဝေဆာဆာဖြစ်တဲ့ အရိပ်ရသစ်တော ကြီးဖြစ်အောင်၊ စစ်မှန်တဲ့ဒီမိုကရေစီ၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို စုပေါင်းအား နဲ့ အေးအေးဆေးဆေး ဖြည်းဖြည်းနဲ့မှန်မှန် တည်ထောင်ကြရလိမ့်မယ်။ ။
ကျမ်းကိုး
- Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000
- ၂၀ ရာစု မြန်မာနိုင်ငံ၊ အမျိုးသား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ဇန်နဝါရီလ ၂၀၀၂ ခုနှစ်
- ဦးသန့်၏ ဘဝအတွေ့အကြုံများ မောင်ရွှေခေတ်
- ကြေးမုံသတင်းစာ၊ စာ ၁-၈၊ အောက်တိုဘာ ၁၆၊ ၂၀၁၈
- Asia Pacific: Its Role in the new World Order, (Myanmar Burma) by M S Dobbs
- Higginson, New Light of Myanmar (1998)
- Log in to post comments