ဒီမိုကရေစီဟု ဆိုရာဝယ် . . . 

Type
333

 

 

 ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)

 

ကမ္ဘာ့နိုင်ငံတွေမှာ   ဒီမိုကရေစီစနစ်အမျိုးမျိုး ကျင့်သုံးတာကို တွေ့ရပါတယ်။ ဒီမိုကရေစီစနစ်ဟာ  နိုင်ငံပေါင်း ၁၁၀ ၊  ၅၄ ဒသမ ၈ ရာခိုင်နှုန်းက  ကြိုက် နှစ်သက်တဲ့ နိုင်ငံရေးစနစ် တစ်ရပ်ဖြစ်ပါတယ်။ 
ယနေ့ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့   လိုအပ်ချက်လို့ပဲ ပြောပြော၊  ကိုလိုနီနိုင်ငံဖြစ်ခဲ့လို့ပဲပြောပြော   ဒီမို ကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ဖို့ လိုအပ် ချက်တွေ    ရှိနေတတ်ပါတယ်။    သမိုင်းကြောင်း တွေကလည်း အရိပ်ပမာလွှမ်းမိုးတတ်ပါတယ်။ 
မြန်မာဝေါဟာရတွေအရ ဒီမိုကရေစီ (Democr-acy)၊  လွတ်လပ်မှု(Freedom)၊  လွတ်လပ်ရေး (Independence)၊  လွတ်မြောက်မှု (Liberation)၊  လူ့အခွင့်အရေး (Human Rights) ၊ အတိုက်အခံပါတီ (Opposition Party)၊  ပြည်သူ့ဝန်ထမ်း  (Public Servant)၊ အစိုးရဝန်ထမ်း (Government Servant)၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) စတဲ့  ဆိုလို ရင်း အဓိပ္ပာယ်တွေနဲ့ နားလည်သူတွေဟာ သာမန် မြန်မာလူထုထဲမှာ   ရှုပ်ထွေးနေတတ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို ကျင့်သုံးကြပေမယ့် အကျိုး ဆက်ရလဒ်မှာတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတာ ကို တွေ့ရပါတယ်။ အတိုက်အခံပါတီဆိုတိုင်း အစိုးရ လုပ်သမျှ၊ စီမံသမျှ တိုက်ထုတ်ဆန့်ကျင်နေဖို့မဟုတ်။ ဒီမိုကရေစီကျင့်စဉ်အရ     ကောင်းဖို့နည်းလမ်း၊ ကောင်းဖို့အတွက်   အကျိုးအကြောင်းနဲ့   ဝေဖန် သုံးသပ်ခြင်း၊ ညှိနှိုင်းခြင်းသည်သာ အတိုက်အခံရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ 
ဆန့်ကျင်တိုက်ပွဲဝင်ခြင်းဟာ    ဒီမိုကရေစီရဲ့ အစွန်းတရားပဲ ဖြစ်တယ်လို့မြင်ပါတယ်။ အကျပ် အတည်း အခက်အခဲ၊ အစိုးမရလောက်တဲ့ အခြေ အနေမျိုးတွေ    ကြုံတဲ့အခါ   တွေးခေါ်မြော်မြင်မှု အတွေ့အကြုံတွေအရ ဝေဖန်ပိုင်းခြားနိုင်တဲ့ အရည် အချင်း တွေကို အခြေပြုပြီး  အပြောင်းအလဲလုပ်နိုင်ဖို့ ဒီမိုကရေစီဟာ    ဖွင့်ထားတဲ့သဘောရှိပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးကြရာမှာ စဉ်းစားတွေးခေါ် မြော်မြင်နိုင်တဲ့ လူထုလူတန်းစား၊ နိုင်ငံသားများရဲ့ နိုင်ငံရေးအသိအမြင်ကြွယ်ဝမှု၊ ပြည်သူ့ဝန်ထမ်းများ အလွန် လိုအပ်ပါတယ်။ 
ဒီမိုကရေစီဟာ ကျွန်မတို့ရဲ့ ဘဝခရီးလမ်းကျင့်စဉ်
ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ (Margret Thatcher) နဲ့ အမေရိကန်သမ္မတ  ရိုနယ်ရီဂင်တို့ အိမ်ဖြူတော်မှာ  တွေ့ဆုံပြီး  မိတ်ဆက်မိန့်ခွန်း ပြောကြားရာမှာ "Democracy is our way of life" ဒီမိုကရေစီဟာ ကျွန်မတို့ရဲ့ ဘဝခရီးလမ်းကျင့်စဉ်ပဲ ဖြစ်တယ်လို့ မာဂရက်သက်ချာက ပြောကြားခဲ့ပါ တယ်။  နိုင်ငံခြားတိုင်းပြည်တွေရဲ့   ဒီမိုကရေစီပုံစံ ဟာ သူ့ပုံစံနဲ့သူဖြစ်ပါတယ်။
“ယနေ့မျိုးဆက်အသီးသီးဟာ   လွတ်လပ်မှု (Freedom)  ဆိုတာ   ဘာလဲသိဖို့    လိုပါတယ်။ လွတ်လပ်မှုဆိုတာ   ကျွန်တော်တို့လုပ်ချင်တာ လုပ်ဖို့မဟုတ်၊ လုပ်သင့်တာကိုလုပ်နိုင်ဖို့   အခွင့် အလမ်း ရှိဖို့လိုပါတယ်” လို့  ပုပ်ရဟန်းမင်းကြီး (Pope) ဂျွန်ပေါ(၂) John Paul (II)  က  လူထုကို ရှင်းပြတာကို    ဖတ်ရှုရပါတယ်။    လွတ်လပ်မှု (Freedom) နဲ့ တာဝန်ရှိမှု (Responsibility) ဟာ ငွေဒင်္ဂါးတစ်ခုရဲ့  ခေါင်းနဲ့ပန်းလိုပါပဲ။ လွတ်လွတ် လပ်လပ်နေဖို့  ကြံရွယ်တယ်ဆိုရင်  ပြည်သူ့နီတိ (Civil Responsibility)  ကို  စတင်ဆည်းပူးရ လိမ့်မယ်။ ဒါကြောင့် မြန်မာတို့ရဲ့ ပြည်သူ့နီတိဟာ ဒီမိုကရေစီကို ထွန်းကားစေပါတယ်။ “ကိုယ့်မှာလည်း တာဝန်ရှိပါလား”   ဆိုတဲ့   ခံယူချက်နဲ့   ပြည်သူ တစ်ယောက်ဟာ  ပြောဆို၊  ရေးသား၊  ကိုယ်တိုင် လက်တွေ့ကျင့်ကြံကျင့်သုံးမယ်ဆိုရင် ပြည်သူကို အကျိုးပြုစေပါတယ်။ 
စာတတ်ပေတတ်၊ ဗဟုသုတ၊ ကြွယ်ဝသူ၊ ပညာ တတ်တွေဟာ  သူ့အတွက်နဲ့  အများကောင်းကျိုး လုပ်ဆောင်ဖို့ ဆန္ဒရှိရမယ်။ သူ့အတွက် ကောင်းကျိုး ကို မလုပ်နိုင်ရင် သူ့ကိစ္စပဲ။ ဒါပေမယ့်  အများအတွက် စိုးစဉ်းမျှမလုပ်နိုင်ရင်တော့  ထိုသူဟာ  မကောင်းမှု ပြုလုပ်ဖို့ ရှောင်ရှားရလိမ့်မယ်။ (If he can do no good for himself,  much  less for others, he should avoid doing what is bad.) လောကနီတိ လာ ပညာရှိတို့စကားဟာ ဒီမိုကရေစီရဲ့ အဓိပ္ပာယ် ကို ထင်ဟပ်စေပါတယ်။ ပြည်သူ့နီတိပါပဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ကိုယ်တိုင်ကျင့်ကြံဖို့ပဲ လိုပါတယ်။ “ဖြစ်ချင်ရာဖြစ်ဘချစ်၊ ငါ့မြင်း  ငါစိုင်း  စစ်ကိုင်း ရောက်ရောက်ဆိုတဲ့  အဓိပ္ပာယ်လည်း မဟုတ်ပါဘူး၊ ဒီမိုကရေစီ လွတ်လပ်မှုရဲ့  ပင်ကိုသဘော  မဟုတ် လောက်ဘူး” လို့ နားလည်ရပါမယ်။
အခွင့်အရေးရဖို့ ကနဦးတောင်းဆို 
နိုင်ငံတစ်နိုင်ငံမှာ   လူအများစုဟာ   သူ့မူလ အခွင့်အရေးရဖို့ ကနဦးတောင်းဆိုတာက   များပါ တယ်။ တကယ်တမ်းကျတော့  သူပေးဆပ်ရမယ့် နိုင်ငံကြီးသား တစ်ယောက်အဖြစ် ပင်မတာဝန်တွေ ကို  ထမ်းဆောင်ဖို့  အဆင်သင့်မဖြစ်၊  ဝန်လေးနေ တာက များနေတတ်ကြပါတယ်။ “ဒီမိုကရေစီရရှိရေး ဒို့အရေး”လို့ တကြော်ကြော် ကြွေးကြော်တောင်းဆို တာကများပြီး   ကိုယ်တိုင်ကျင့်ကြံရမှာကိုတော့ ဝန်လေးတတ်ကြတာကို တွေ့မြင်ရပါတယ်။
          “ဝီရိယလွန်ကဲတော့၊ ဆန္ဒတွေစောနေတယ်၊ ဖြစ်ချင်လွန်းအားကြီးနေတယ်၊ ဗျာများနေတယ်၊ သမာဓိ၊  သတိမပါဘဲ   ဝီရိယချည်းလွန်ကဲနေရင် စိတ်တွေပျံ့လွင့်ပြီး ခရီးမရောက်ဖြစ်တတ်တာပေါ့။” ဟု   မိုးကုတ်ဆရာတော်ကြီးရဲ့   တရားဓမ္မဟာ လောကီ လောကုတ္တရာ  နှစ်ဖြာအတွက်  အကျိုးပြု ကြောင်း   တွေ့ရပါတယ်။   “လူသားအချင်းချင်း ပေါင်းရသင်းရ၊   ဆက်ဆံကြရာမှာ  မေတ္တာပမာဏ မည်မျှသေးငယ်စေကာမူ ထားကြမယ်ဆိုရင် များစွာ သော ဒေါသ၊  မုန်းတီးခြင်း၊  အခဲမကြေ  လက်စား ချေလိုမှု၊ မတရားမှုကို  ခါးခါးသီးသီး  စက်ဆုပ်ရွံရှာ အစရှိတဲ့ မလိုလားတဲ့   ရလဒ်တွေကို   ဖယ်ရှား၊ ရှောင်ရှားနိုင်မှာဖြစ်တယ်” လို့ ပါမောက္ခချုပ် ဆရာ တော်က ၂၀၀၀ ပြည့်နှစ်က ဟောကြားခဲ့ပါတယ်။ " If only people could put just a small amount of Metta in their relationships, a lot of unne-cessary anger, hatred, grudge, resentment and other undesirable results could have been avoided.''  Rector Saya taw U Silananda-bhiveomsa SE 2544, ME 1362, AD 2000.
“ကျွန်တော်တို့ဟာ    ချီးမွမ်းခံချင်ကြတယ်၊ ချီးမွမ်းသမှုကို   တမ်းတကြတယ်၊   လေးစားမှုကို လိုချင်ကြတယ်။  ဒါကြောင့်   ကျွန်တော်ကတော့ ဒီမိုကရေစီရဲ့ရှေ့မှာ      လူရဲ့   မူလအခွင့်အရေး (Human Rights) လာသင့်တယ်လို့ ယုံကြည်ပါ တယ်။”လို့   စင်ကာပူဝန်ကြီးချုပ်  လီကွမ်ယူက ၂၀၁၃ ခုနှစ် အောက်တိုဘာလ Reader's Digest မှာ ပြောကြားတာကို ဖတ်ရှုရပါတယ်။ 
ဘာမှမတတ်နိုင်ဘူး
 ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ အင်ဒိုနီးရှား နိုင်ငံမှာ  နိုင်ငံရေးမတည်ငြိမ်မှုတွေ  ပြင်းထန်ခဲ့ပါ တယ်။ လူအုပ်နဲ့  ဆန္ဒပြတာတွေဟာ၊  ထိန်းမနိုင် သိမ်းမနိုင်လောက်အောင် ဖြစ်တယ်လို့ဆိုပါတယ်။ “အုပ်ချုပ်ရေးပိုင်းမှာ   တာဝန်ရှိသူတွေနဲ့   တရား ဥပဒေရေးမှာ တာဝန်ထမ်းဆောင်သူတွေကို နေ့စဉ် ရက်ဆက်   ဆန္ဒပြတိုက်ခိုက်နေတယ်။    အခုလို ဝရုန်းသုန်းကားဖြစ်နေတဲ့  ကျယ်ပြောတဲ့နိုင်ငံကို ဒီမိုကရက်တစ်အစိုးရနဲ့  အုပ်ချုပ်မယ်လို့  စိတ်ကူး ယဉ်ခဲ့ကြတယ်။ ဘယ်လိုလုပ်မှာလဲ..ပြော၊ စစ်တပ် မပါဘဲ အဲဒီနိုင်ငံကို    အုပ်ချုပ်လို့  မရနိုင်ဘူး”  လို့ စင်ကာပူဝန်ကြီးချုပ်ဟောင်း  လီကွမ်ယူက ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် Newsweek မှာ မီးမောင်းထိုးထောက်ပြတာကို တွေ့ရပါတယ်။ မေတ္တာပို့ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ 
၁၉၉၇ အောက်တိုဘာလအတွင်း  အမေရိကန် သမ္မတ  ဘီလ်ကလင်တန်ရဲ့ အစိုးရအဖွဲ့ဝင်များဟာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ   ကျန်ဇီမင်း (Jiang Zemin)  ကို   အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင် မီတာ ၅၀၀ အကွာကနေ အမြောက် ၂၁ ချက်ပစ်ဖောက်ပြီး  အလေးပြုကြိုဆိုခဲ့ပါတယ်။ လူ့အခွင့်အရေး၊  နှစ်နိုင်ငံကြား    နားလည်မှုပိုမို မြင့်မားရေး၊    ဘုံရည်မှန်းချက်ကျယ်ပြောရေး၊ ပူးပေါင်းဆောင်ရွက်မှု   ပိုမိုဖွံ့ဖြိုးရေး၊  အနာဂတ်ကို နှစ်နိုင်ငံအတူတကွ   တည်ဆောက်ရေး၊   နှစ်နိုင်ငံ ဆက်ဆံရေးတို့ကို      ဖွံ့ဖြိုးမှုအဆင့်သစ်ဆီသို့ ယူဆောင်ရေးတို့ ဆွေးနွေးခဲ့ပါတယ်။ 
သမ္မတကလင်တန်က  “တရုတ်နိုင်ငံဟာ ၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းကစပြီး တိုးတက်မှုရှိကြောင်း၊  တရုတ်နိုင်ငံရဲ့   ပြုပြင်ပြောင်းလဲမှုများဟာ  သန်း ပေါင်းများစွာကို   ဆင်းရဲတွင်းကနေ  ဆွဲတင်နိုင်ခဲ့ ကြောင်း၊ ကျောင်းတွေဟာ ပို၍ကောင်းလာကြောင်း၊ လူနေမှုအဆင့်မြင့်လာကြောင်း”    ချီးမွမ်းပြောဆို နှုတ်ခွန်းဆက်တာ တွေ့ရပါတယ်။ ကလင်တန်က ဆက်လက်ပြောဆိုရာမှာ     “သမိုင်းတစ်လျှောက်  အခက်အခဲအကျပ်အတည်းတွေကို တရုတ်နိုင်ငံရဲ့  ရပ်တည်မှုဟာ  သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ရှိတာ ကို အသိအမှတ်ပြုပါကြောင်း၊  ဒီကိစ္စကို ကြိုဆိုပါ ကြောင်း၊  လူ့အခွင့်အရေးဆိုင်ရာတွင်မူ   တရုတ် အစိုးရ ပေါ်လစီဟာ သမိုင်းရဲ့အမှားဘက်မှာ ရှိနေ တယ်လို့   ယုံကြည်ကြောင်း    ပြောတာကိုလည်း တွေ့ရပါတယ်။ 
သမ္မတ ကျန်ဇီမင်းကမူ နောင်တရ ဝမ်းနည်းတဲ့ လက္ခဏာမပြ။  ပြန်လည်ဆွေးနွေးရာမှာ   “၁၉၈၉ ခုနှစ်   နွေရာသီအတွင်း    ဖြစ်ပွားခဲ့တဲ့    နိုင်ငံရေး ပယောဂ အနှောင့်အယှက်ဟာ လူမှုရေးတည်ငြိမ် မှုနဲ့  နိုင်ငံရဲ့လုံခြုံရေးထိ  ကြီးမားစွာ  အန္တရာယ်ပြု လာတာကြောင့်    တရုတ်အစိုးရဟာ   လိုအပ်တဲ့ တုံ့ပြန်မှုတွေကို    ဥပဒေနဲ့အညီ   အခြေအနေကို ဖြေရှင်းခဲ့ရကြောင်း” ပြောကြားခဲ့တာ တွေ့ရပါ တယ်။ ဥပဒေအရ၊ ဖွဲ့စည်းပုံအရဆိုတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ 
အေးချမ်းသာယာမှုတွေက သက်သေ
“သန်းပေါင်းတစ်ထောင့်နှစ်ရာရှိတဲ့ တရုတ်တို့ ဟာ ယခုအချိန်မှာ (၁၉၉၇  ခုနှစ်)  အေးချမ်းတဲ့ လူမှုဘဝနဲ့ နိုင်ငံရေးတည်ငြိမ်မှုတွေ မခံစား၊ မစံစား ရရင် ဒီနေ့ ပြုပြင်ပြောင်းလဲမှုပြုနိုင်ဖို့ အခြေအနေ ရောက်မှာမဟုတ်။   ဒီနေ့အချိန်အခါမှာ  နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးဖို့  ခက်ခဲပါလိမ့် မယ်။  နိုင်ငံရေးတည်ငြိမ်မှုနဲ့    လူမှုဘဝတည်ငြိမ် အေးချမ်းသာယာမှုတွေက   သက်သေတွေပဲဖြစ် တယ်”လို့ ကျန်ဇီမင်းက ပြန်လည်ဆွေးနွေးခဲ့တယ်။  “နိုင်ငံကြီးနှစ်နိုင်ငံဟာ    အချို့သောကဏ္ဍတွေမှာ ခြားနားတဲ့အမြင်ရှိတာ သဘာဝတရားပဲ။ ဒီမိုကရေစီ ရဲ့ သဘောသဘာဝနဲ့    စံတွေ၊   လူအခွင့်အရေး တွေဆိုတဲ့ ကိစ္စများဟာ၊ နှိုင်းယှဉ်ချက် နှိုင်းရချက် တွေပဲ” (It is natural for our two countries to hold different views on some issues. The concept on democracy, human rights are relative and specific ones,Jian said.) ဒီသဘော တရားတွေဟာ တရားကိုယ်သဘောမဟုတ်၊ တရား သေမဟုတ်၊    သီးသန့်စီရှိနေတဲ့     အကြောင်း ခြင်းရာများပဲ    ဖြစ်ပါတယ်ဆိုတဲ့   အဓိပ္ပာယ်ရပါ တယ်။
သိုးနဲ့ဆိတ်ဟာ အလှချင်းတစ်မျိုးစီ ပိုင်ဆိုင်ကြ သလိုဖြစ်ပါတယ်။   လူဆိုတာက   နှိုင်းယှဉ်ပြီး ကြည့်လေ့ရှိတာကြောင့်   သိုးကပိုလှတယ်လို့၊ ဆိတ်ကပိုလှတယ်လို့   လူရဲ့အမြင်၊   ဦးနှောက်နဲ့ နှလုံးသားက     ဆုံးဖြတ်ကြတာ  ဖြစ်ပါတယ်။ သိပ္ပံအရာမှာတော့ စံဆိုတာ သတ်မှတ်လို့ရပါတယ်။ ရေရဲ့သိပ်သည်းဆ   (specific gravity of water) ကို တစ်လို့သတ်မှတ်ပါတယ်။ နိုင်ငံရေးစနစ် နိုင်ငံ ရေး   နယ်ပယ်မှာတော့  ဒီမိုကရေစီလွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကိစ္စတွေဟာ သီးသန့်စီ ရှိနေကြတာ ကို  တွေ့ရမှာဖြစ်ပါတယ်။  စံသတ်မှတ်ဖို့   ခက်ခဲ ပါတယ်။ 
အမေရိကန် ပြည်ထောင်စုနဲ့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  နှစ်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံတွေဟာ တစ်မျိုးစီ ကောင်းကြတယ်လို့မြင်ပါတယ်။ နိုင်ငံရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရင် လုံလောက်ပါပြီ။ နှစ်နိုင်ငံပူးပေါင်း  မိတ်ဖက်ပူးတွဲရေးကိစ္စ  ပွင့်လင်း လာစေဖို့ အမေရိကန်နဲ့ တရုတ်တို့ဟာ ပူးပေါင်းဖို့ ပိုပြီးလိုလာပါတယ်။   ထိပ်တိုက်ရင်ဆိုင်   လက်ခ မောင်းခတ်နေဖို့  ခေတ်မဟုတ်တော့ပါဘူး။  နိုင်ငံ တကာ ကြုံတွေ့နေတဲ့  စိန်ခေါ်မှုတွေကို  တံချူနဲ့ ချူနိုင်ဖို့က  အဓိက၊  ကြောင်ဟာ   မည်းသည်ဖြူသည် ဆိုတာ အဓိကမဟုတ်၊ ကြွက်ဖမ်းမိဖို့ကအဓိကဆိုတဲ့ စကားလိုပါပဲ။   
သူ့ပုံစံနဲ့သူ
တိုင်းပြည်အသီးသီးရဲ့    ဒီမိုကရေစီပုံစံဟာ သူ့ပုံစံနဲ့သူသာဖြစ်ပါတယ်။  ၂၁  ရာစု  ကမ္ဘာဟာ ငြိမ်းချမ်း မှု   ပိုမိုရှိလာဖို့နဲ့    ကုလသမဂ္ဂရဲ့ထောင်စုသစ် ရည်မှန်းချက် ၁၇ ချက် ဖြည့်စွမ်းပေးနိုင်ဖို့ဟာ မိမိတို့ မြန်မာနိုင်ငံ  အပါအဝင်   ကမ္ဘာ့နိုင်ငံအသီးသီးက လူသားတွေရဲ့ အကျိုးဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါ တယ်။ နိုင်ငံတိုင်းရဲ့ ဒီမိုကရေစီပန်းတိုင်လို့ ဆိုနိုင် ပါတယ်။ 
“ရုရှားဖက်ဒရေးရှင်း သမ္မတပူတင်ရဲ့ပြဿနာ၊ သူလုပ်သင့်တဲ့ ကိစ္စအဝဝတွေကို အမေရိကန်တို့ရဲ့ မူဘောင်နဲ့ကြည့်ရင်  နားလည်နိုင်စရာမရှိပေဘူး။  ‘အမေရိကန်စတိုင်  ဒီမိုကရေစီ’နည်းလမ်းနဲ့ ဖြေရှင်း နိုင်ဖွယ်ရာ မရှိ၊ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေသ တွေနဲ့ အတွေးအခေါ် မူဘောင်တွေဟာ ရုရှားမှာ ရှိမနေလို့ပါပဲ။   ရုရှားသမ္မတ  ပူတင်ဟာ   အခြား နည်းလမ်းနဲ့သွားဖို့     ဖိအားပေးခံရတဲ့အပြင် အမေရိကန်   ဒီမိုကရေစီအသွင်ဟာ   တစ်ခုတည်း သော  နည်းလမ်းဖြစ်တယ်ဆိုတာ  လက်ခံနိုင်စရာ အကြောင်းမရှိ၊ မိုက်မဲရာကျလိမ့်မယ်” လို့    ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ် Newsweek မှာ Hans Peter Clamann Bern, Switzerland က ထောက်ပြတာတွေ့ရပါတယ်။
ရွေးကောက်ပွဲဟာ လိုအပ်ချက်တစ်ခု
“ခေတ်သစ်ဒီမိုကရေစီ      လည်ပတ်ဖို့မှာ ရွေးကောက်ပွဲဟာ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲများဟာ လိုအပ်ချက်ကြီး တစ်ခုတော့ မဟုတ်ပါဘူး။  အစိုးရတစ်ခုအဖြစ် နိစ္စ ဓူဝပုံမှန်လုပ်ငန်းရပ်တွေ အောင်မြင်အောင် လုပ်နိုင် ဖို့ဟာ အရေးကြီးလှပါတယ်။ အိန္ဒိယလူမျိုးများဟာ မစားရဝခမန်း ရွေးကောက်ပွဲမှ ရွေးကောက်ပွဲဆိုပြီး စွဲလမ်းနေရင်ဖြင့် ဒီမိုကရေစီရဲ့အခြားအဓိပ္ပာယ်တွေ ကို ပြန်လည်သင်ယူအဖတ်ဆယ်ဖို့ လုပ်ရလိမ့်မယ်။ အလျှော့အတင်း၊  သက်ညှာမှုတွေ  ဥပဒေစည်းမျဉ်း  စည်းကမ်းတွေ လိုက်နာကြရပေဦးမယ်။ သင်ယူနိုင် စွမ်းရှိရမယ်။ ထို့ထက်မက လိုအပ်ချက်က သည်းခံ ကြရပေမယ်။ ဒီကိစ္စဟာ အိန္ဒိယနိုင်ငံရေး ဂုရုတွေနဲ့ လှုပ်လှုပ်ရွရွကြွတက်နေတဲ့    နိုင်ငံသားတွေကို ကြီးမားတဲ့       တောင်းဆိုချက်ဖြစ်မယ်”   လို့  “Democracy at Play” ခေါင်းစဉ်နဲ့ ၁၉၉၈ မတ်လ ၁၆ ရက်နေ့ထုတ် Newsweek မှာ ဖတ်ရှုရပါတယ်။
အဓိပ္ပာယ်ရှိရှိ အင်အားစုစည်းဖို့ 
အာရှတစ်ခွင်မှာလည်း      ဒီမိုကရေစီဟာ ဝင်လိုက်ထွက်လိုက်ဖြစ်ကာ     ကောင်းမွန်သော အစိုးရ မွေးပေးလေ့မရှိဘူး ဆိုတာပါပဲ။ စျေးကွက် စီးပွားရေးထူထောင်ရာမှာ တကယ်လိုအပ်ချက်က စီမံကိန်းတွေ   ခိုင်ခိုင်ခံ့ခံ့   ရေးဆွဲအကောင်ဖော် နိုင်ဖို့ အဓိပ္ပာယ်ရှိရှိ အင်အားစုစည်းဖို့ပဲဖြစ်ပါတယ်။ စီးပွားရေးအောင်မြင်လာတာနဲ့အမျှ    အလယ် အလတ် လူတန်းစားတွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံနဲ့နည်းပညာနဲ့    ဥပဒေပိုင်းဆိုင်ရာတွေမှာ မြင့်မားလာမယ်။ တွေးခေါ်မြော်မြင်မှုတွေ၊ စဉ်းစား နိုင်မှုတွေ  မြင့်မားလာပြီး  ဒီမိုကရေစီဟာ  ခိုင်ခံ့ လာမယ်လို့  ယုံကြည်ခဲ့ပါတယ်။   လူ့အခွင့်အရေး ဆိုတာ အူမတောင့်၊ ဗိုက်ဝတာကစပါတယ်။ ဗိုက်ဝ ဖို့အရေးဟာ လူ့အခွင့်အရေးပါပဲ။ ဒီမိုကရေစီရရှိရေး ထက်  လျှပ်စစ်ရရှိရေးကပိုပြီး   အရေးကြီးတယ်လို့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောခဲ့ပါ တယ်။ ဒီမိုကရေစီအုပ်ချုပ်မှုစနစ်အပေါ် ဝေဖန်မှု တွေ ရှိခဲ့ပါတယ်။                  
(ဆက်လက်ဖော်ပြပါမည်)