
ရန်ကုန် ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင် များ၏အသင်းဝင်များ၊ ပြည်ပတင်ပို့သည် Exporter များ၊ ဆန် ကုမ္ပဏီ များအနေဖြင့်လိုက်နာဆောင်ရွက်ရန် ဒီဇင်ဘာလအတွက် သင့်တင့် မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price) အဖြစ် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၉၅၀၀၀ အထိ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF) က သတ်မှတ်ထုတ်ပြန်ပေးခဲ့သည်။
ဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price)ထုတ်ပြန်ချက်အရ ၁၀၈ ပေါင်/ ၂၄ ပြည် ဆန်တစ်အိတ်ဈေးနှုန်းအနေဖြင့် သတ်မှတ်ပေးထားရာတွင် ဧည့်မထ အုပ်စု ၂၅မှတ်ဆန်တစ်အိတ်လျှင် ဈေးနှုန်းအနေဖြင့် ကျပ် ၆၀၀၀၀ မှ ၆၂၀၀၀ အဖြစ်လည်းကောင်း၊ ဧည့်မထအုပ်စု ၁၅မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ မှ ၆၄၀၀၀ အထိလည်းကောင်း၊ ဧည့်မထအုပ်စု ၁၀- ၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ မှ ၆၈၀၀၀ အထိလည်းကောင်း သတ်မှတ်ထားသည်။
ထို့အတူ ရက် ၉၀၊ ပခန်း၊ အညာသား၊ အထူးဧည့်မထအုပ်စုများ ၁၀- ၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ မှ ၇၂၀၀၀ အထိလည်းကောင်း၊ ဧရာမင်း၊ ဧရာပဒေသာ ၁၀-၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ မှ ၉၅၀၀၀ အထိလည်းကောင်း၊ ဧရာဝတီပေါ်ဆန်းများ ၁၀-၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ မှ ၉၀၀၀၀ အထိလည်းကောင်း၊ ရွှေဘိုပေါ်ဆန်း၁၀-၅မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ မှ ၉၅၀၀၀ အထိလည်းကောင်း သတ်မှတ်ထားသည်။
စိုက်ပျိုးသူတောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊သိုလှောင်ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသောဆန်ဈေးနှုန်းဖြစ်စေရန် ထည့်သွင်းစဉ်းစား၍ ယခုနှစ်ဈေးနှုန်းများ၊ နိုင်ငံတကာဈေးနှုန်းများ၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်ဈေးနှုန်း များနှင့် ချင့်ချိန်ဆက်စပ်တွက်ချက်ထားကြောင်းလည်း ဖော်ပြထား သည်။
ဈေးကွက်အတွင်းရောင်းချမှုများတွင် ၅ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်း အတွင်းကွာဟမှုရှိနိုင်ပြီး SuperMarket များ၊ Mini Mart များတွင် Consumer Packaging ဖြင့် Modern Trade ရောင်းချမှုများအတွက် ဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ကွာဟမှုရှိနိုင်ကြောင်းလည်း ပါရှိသည်။
ဝယ်ယူရန်အခက်အခဲရှိပါက အသင်းချုပ်ရုံးနှင့်ကုန်စည်ဒိုင်များသိုဆက်သွယ်ညှိနှိုင်းဝယ်ယူနိုင်ကြောင်းလည်း သိရသည်။ MT