ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်

 

နေပြည်တော်   ဩဂုတ်   ၈


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်    အမျိုးသားယဉ်ကျေးမှုနှင့်    အနုပညာ တက္ကသိုလ်ရှိ   သဇင်ဆောင်၌   ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို   ယနေ့   နံနက်ပိုင်းတွင် ပြုလုပ်ရာ   ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်     အဖွဲ့ဝင်များ၊     အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်အဖွဲ့ဝင်များက   ကိုဗစ်-၁၉ ရောဂါ  ကုသရေး စင်တာကို ဖွင့်လှစ်ပေးပြီး ကိုဗစ်-၁၉ ရောဂါ လူနာ များ စတင်လက်ခံရန် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု များကို ကြည့်ရှုစစ်ဆေးကြသည်။ 


ထို့နောက် ဇီဝကယဉ်ကျေးမှု ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအတွက် အလှူရှင်များဖြစ်ကြသည့် ထက်ကမ္ဘာကျော်ကုမ္ပဏီမှ ဦးထက်ဖြိုးအောင်(ခ)ကိုသားငယ်က အလှူငွေ ကျပ်သိန်း ၁၀၀၀၊ ဦးနေဝင်း မောင်နှင့် ဒေါ်မြင့်မြင့်ဌေး မိသားစုက ငွေကျပ်သိန်း ၁၀၀၊  တရုတ်နိုင်ငံ  ကျန်စုပြည်နယ်  စီးပွားရေး လုပ်ငန်းရှင်များအသင်းက ငွေကျပ်သိန်း ၂၉၀ တန်ဖိုး ရှိ Medical  Ventilator တစ်လုံး၊ TTY  Myanmar  ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများက ငွေကျပ်သိန်း ၂၅၀၊ Sudey  Industrial  Myanmar ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများက ငွေကျပ်သိန်း ၂၅၀၊ Golden Tri-Light Myanmar ကုမ္ပဏီနှင့် မိတ်ဖက် ကုမ္ပဏီ များက ငွေကျပ်သိန်း ၂၅၀၊ New Forest ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများက  ငွေကျပ်သိန်း ၂၅၀ တို့ကို ပေးအပ်လှူဒါန်းကြရာ  ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကြသည်။


ယင်းနောက်  ဝန်ကြီးချုပ်နှင့်   တိုင်းမှူးတို့သည် စင်တာအတွင်းရှိ    ဇီဝကပရဟိတအဖွဲ့က   လူနာ ၃၀၀ နှင့် ကုသရေးအဖွဲ့များ၊ လုပ်အားပေးအဖွဲ့များ အတွက်    ကူညီပံ့ပိုးလှူဒါန်းထားသည့်   အိပ်ရာ၊ ခြင်ထောင်၊   ခုတင်နှင့်  ရေချိုးခန်း၊  အိမ်သာများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊  လူနာလက်ခံရန် စီစဉ် ဆောင်ရွက်ထားရှိမှု၊     အောက်ဆီဂျင်လိုအပ်မည့်    လူနာများအတွက် ပြင်ဆင်ထားရှိမှု၊ စင်တာအတွက် လိုအပ် သည့်      အောက်ဆီဂျင်     ထုတ်လုပ်ဖြန့်ချိပေးမှု၊ ဆေးပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများထားရှိမှု၊ ပတ်ဝန်းကျင်အား ထိခိုက်သက်ရောက်မှုနှင့် ကူးစက် ပျံ့နှံ့မှုမရှိစေရေး     စီစဉ်ထားရှိမှုတို့ကို    ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းနှင့် အဆိုပါ စင်တာကို ဩဂုတ် ၉ ရက်တွင် စတင်၍ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။              

 

သတင်းစဉ်