
နေပြည်တော် စက်တင်ဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးစိုင်း လုံးဆိုင်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင် မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိမ်းဇံ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ကာကွယ် ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အား တိုင်းရင်းသားရိုးရာဝတ်စုံကို ဂုဏ်ပြုဝတ်ဆင် ပေးသည်။
လုပ်ငန်းဆောင်ရွက်နေမှု ရှင်းလင်းတင်ပြ
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ထားရှိမှု၊ အထွေထွေအချက်အလက် များကို ရှင်းလင်းတင်ပြပြီးမြစ်ကြီးနား ခရိုင်အုပ်ချုပ် ရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့မိ မြို့ဖများက ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေလိုအပ်ချက် များကို တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေဖြင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများကို ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိ တို့ တာဝန်ယူဆောင်ရွက်နေရသည့် ကာလအတွင်း နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အဘက်ဘက်မှ လစ်ဟင်းမှုမရှိစေရန် လုပ်ဆောင် နေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်ပေါ်လာ သည့် အခြေအနေများနှင့် တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ထိန်းသိမ်းဆောင်ရွက် နေရသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း။
တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်
မိမိတို့အနေဖြင့် နိုင်ငံတော်တည်ဆောက်ရာတွင် အချက် နှစ်ချက်ကို အဓိကထား၍ အလေးထား ဆောင်ရွက်လျက်ရှိပြီး ပထမအနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက် ထားရှိ လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယအချက်အနေဖြင့် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရပင်ဖြစ်စေ တိုင်းပြည် ကို တိုးတက်အောင် တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ကြသည်ပင်ဖြစ်သည့်အတွက် မိမိတို့ အစိုးရအနေဖြင့်လည်း သာယာဝပြောရေးနှင့် စားနပ် ရိက္ခာပေါများရေးကို ဦးစားပေးလုပ်ဆောင်ပေးလျက် ရှိကြောင်း။
မိမိတို့နိုင်ငံသည် မြေ၊ ရေ သယံဇာတများအပြင် လူသားအရင်းအမြစ် ပြည့်စုံသည့် နိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေး လုပ်ငန်းကို အဓိကထား လုပ်ဆောင်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၇၀၀၀ ကျော်ခန့်ရှိပြီး စားရေရိက္ခာလိုအပ်ချက် အမြဲတမ်းရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး အဆင့်မြင့်ထုတ်ကုန် များ ထုတ်လုပ်၍ ပြင်ပဈေးကွက်များသို့ တင်ပို့ ရောင်းချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်သည် ဆန်၊ ပဲ ဖူလုံမှုရှိသည်ဖြစ် သော်လည်း ဆီဖူလုံမှုလိုအပ်လျက်ရှိသဖြင့် ဆီထွက် သီးနှံများကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စားရေရိက္ခာ ပေါများမှုရှိစေရေး ထည့်သွင်းစဉ်းစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
ပြည့်ဖြိုးမြဲသယံဇာတများထိန်းသိမ်း
တင်ပြချက်များတွင် စက်မှုဇုန်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများကို ခွင့်ပြုပေးရန်နှင့် အဆင့်မြှင့်တင်ပေးရန်တို့ ပါရှိသည် ကို တွေ့ရှိရပြီး သယံဇာတကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရေရှည်တည်တံ့ နိုင်သည့် လုပ်ငန်းများမဟုတ်ဘဲ ရေတိုအတွက်သာ အဆင်ပြေနိုင်မည်ဖြစ်သဖြင့် မြေပေါ်မြေအောက် သယံဇာတများကို ထုတ်ယူခြင်းလုပ်ငန်းများကို အားမပေးလိုကြောင်း၊ မိမိတို့နိုင်ငံသည် သယံဇာတ များကို ထုတ်ယူပြီး အကြမ်းထည်များကို တင်ပို့သော ကြောင့် ဈေးနှုန်းရသင့်သည်ထက် နည်းပါးစွာ ရရှိသဖြင့် အချောထည်များကို ထုတ်လုပ်တင်ပို့ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့သော သယံဇာတများသည် ပြည့်ဖြိုးမြဲ သယံ ဇာတ မဟုတ်သည့်အတွက် ကုန်ခန်းသွားနိုင်ကြောင်း၊ ပြည့်ဖြိုးမြဲသယံဇာတများကိုမူ ပြန်လည် ဖြည့်တင်း ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင် ရမည်ဖြစ်ကြောင်း။
သယံဇာတကို အားကိုးပါက ရေရှည်တွင် အခက် အခဲများ ဖြစ်ပေါ်နိုင်သည့်အတွက် တိုင်းပြည်အတွက် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုများကို လုပ်ဆောင်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အရည်အသွေးပြည့်ဝပြီး အဆင့် အတန်းပြည့်မီသည့် ထုတ်ကုန်များဖြစ်အောင် လုပ်ဆောင်ကာ ပြည်တွင်းရှိ အခြားဒေသများနှင့် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးမှ ရရှိလာသည့် ထွက်ကုန်များကို အကြမ်းထည် တင်ပို့သည့် တစ်ဆင့်ခံ ကုန်ထုတ်လုပ်ငန်းဖြစ်နေ၍ မရဘဲ ဈေးကွက်ဝင် ကုန်ချောထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် အခြေခံကုန်ကြမ်း ပစ္စည်းများကို မိမိတို့ဒေသတွင်း၌ ထုတ်လုပ်နိုင်မည် ဆိုပါက ပြင်ပမှ ဝယ်ယူနေရမှုများကို လျှော့ချနိုင်မည် ဖြစ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်ကာ ဒေသ၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိဒေသ၏ အခြေ အနေဖန်တီးနိုင်မှုသည် ဒေသတွင်း၌ပင် ရှိနေရမည် ဖြစ်ကြောင်း။
လူသားအရင်းအမြစ်များ လိုအပ်
ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ် ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန် သည့် ရှေ့ပြေးသန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင်
အထက်တန်းပညာ မသင်ကြားဖူးသူနှင့် စာလုံးဝ မတတ်မြောက်သူဦးရေသည် မြင့်မားလျက်ရှိသည် ကို တွေ့ရှိရပြီး ပြည်နယ်များတွင် ပညာရေးနှင့် ပတ်သက်ပါက ပိုမိုအားနည်းလျက်ရှိသည်ကို တွေ့ရှိ ရသဖြင့် ပညာရေးကို အလေးပေးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပညာရေးလေ့လာဆန်းစစ်မှု စာရင်းပြုစုမှုမှတ်တမ်းများအရ ကချင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်၌ KG တန်းတက်ရောက်သူ ဦးရေ ၃၉၀၀၀ ကျော်ရှိပြီး အဆိုပါ ကျောင်းသား ကျောင်းသူများသည် တန်းစဉ်ကူးပြောင်းမှုအဆင့်ဆင့်တွင် အကြောင်း အမျိုးမျိုးဖြင့် ပြုန်းတီးခဲ့ရာ တက္ကသိုလ်ဝင်တန်းသို့ရောက်ရှိခဲ့သူ ဦးရေ ၂၀၀၀၀ ခန့်သာရှိခဲ့ကြောင်း၊ အဆိုပါ ကျောင်းသား ၂၀၀၀၀ တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်သူ ၅၅၀၀ ကျော်သာရှိခဲ့သဖြင့် မိမိတို့နိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို မဖြစ် မနေ မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်နေသည် ကို တွေ့ရှိရကြောင်း၊ ဒေသတိုးတက်ရေး လုပ်ဆောင် ရာတွင် ရေတို၊ ရေရှည်လုပ်ငန်းများကို စဉ်းစား လုပ်ဆောင်ရမည်ဖြစ်ပြီး ရေရှည်အတွက် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ဆောင်ပေးရမည်၊ အားပေးရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိ ပညာရေး၊ ကျန်းမာရေးမှအစ လိုအပ်လျက်ရှိသည့် ပညာတတ် လူသားအရင်းအမြစ်များ ထွက်ပေါ်လာအောင် အနာဂတ်အတွက် ကြိုတင်မျှော်တွေး၍ လုပ်ဆောင် ပေးရန်လိုကြောင်း၊ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားစေခဲ့ကြောင်း၊ သို့သော်လည်း ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းများ ယာယီပိတ်ထားခဲ့ရပြီး ကောင်းမွန်စွာ ထိန်းချုပ် နိုင်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြား ပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ စီးပွားရေးဆိုင်ရာ ပညာတတ်များ ပေါ်ထွက်ရန်နှင့် ဒီမိုကရေစီခေတ်တွင် ဥပဒေကို သိရှိရန်လိုအပ်သဖြင့် တက္ကသိုလ်များတွင် စီးပွားရေးပညာနှင့် ဥပဒေပညာ များကို သင်ကြားပေးရန် ညွှန်ကြားထားရှိကြောင်း။
လျှပ်စစ်စွမ်းအား ဖူလုံမှုရှိစေရေး
စက်မှုကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများလုပ်ဆောင်ရာတွင် လျှပ်စစ်စွမ်းအင်ရရှိရေးသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်သဖြင့် ဒေသတွင်း လျှပ်စစ်စွမ်းအား ဖူလုံမှုရှိစေရေး ကြိုးပမ်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိ ပေါကြွယ်ဝသည့် ဝါးအရင်းအမြစ်များ အသုံးချ၍ ချည်ထည်လုပ်ငန်း၊ စက္ကူလုပ်ငန်းတို့ကိုလည်း လုပ်ဆောင်နိုင်ရေး စဉ်းစားရန် လိုကြောင်း၊ မြို့ပြတည်ဆောက်ရေး နှင့် ပတ်သက်၍ ရေစီးရေလာကောင်းမွန်ရေး၊ လေကောင်းလေသန့်ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ပညာရည်သင်ကြားမှုစနစ် မြင့်မား ရေး၊ ကျန်းမာရေးဆိုင်ရာနှင့် သယ်ယူပို့ဆောင်မှုစနစ် Public Transportation များ ကောင်းမွန်မှုရှိရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ဝယ်ရောင်းလုပ်ငန်းများ အလွန် များပြားလျက်ရှိသည်ကို တွေ့ရှိရပြီး ကုန်ထုတ်လုပ်မှု အားနည်းသည့် ပုံစံမျိုးဖြစ်နေသည်ကို တွေ့ရှိ ရကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို အခြေခံ သည့် စီးပွားရေးလုပ်ငန်းဖြစ်အောင် တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး ကချင်ပြည်နယ်သည် နယ်စပ်နယ်နိမိတ် ထိစပ်နေသည့် ဒေသတစ်ခု ဖြစ်သည့်အတွက် နာရီပိုင်းအတွင်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ဈေးကွက်သို့ တင်ပို့ရောင်းချနိုင် မည်ဖြစ်ကြောင်း၊ ဒေသထုတ်ကုန်များကို အဆင့်မြှင့် တင်ပြီး တင်ပို့ရောင်းချနိုင်ရန် လိုကြောင်းနှင့် ဈေးကွက်ရှိပြီးသားဖြစ်သဖြင့် အောင်မြင်အောင် လုပ်ဆောင်ကြစေလိုကြောင်း။
ကျန်းမာမှ အလုပ်လုပ်နိုင်မည်
ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ မီးခိုးမထွက် သည့် စီးပွားရေးလုပ်ငန်းဖြစ်ပြီး အိမ်သာမှ ဧည့်လာ မည်ဖြစ်သည့်အတွက် နေထိုင်ရေး၊ သွားလာရေး၊ စားသောက်ရေး၊ လုံခြုံရေးတို့အပြင် အဘက်ဘက်မှ ပြည့်စုံနေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသကဲ့ သို့ အားကစားကဏ္ဍ မြင့်မားရေးအတွက်လည်း လုပ်ဆောင်ရန်လိုကြောင်း၊ အားကစားဆောင်ရွက် ခြင်းသည် သာမန်ကြည့်မည်ဆိုပါက လူတစ်ဦး တစ်ယောက်၊ လူတစ်စု၏ အားကစားဖြစ်သော်လည်း အားကစားဖွံ့ဖြိုးသည့် တိုင်းပြည်တစ်ခု၏ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့ကို များစွာဖွံ့ဖြိုးတိုးတက် စေနိုင်သဖြင့် အားကစားကို အားပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားကစားကွင်း များကို အဆင့်မြှင့်တင်ပေးလျက်ရှိသဖြင့် အားကစား ပြုလုပ်သူ၊ လေ့ကျင့်သူများအပြင် စနစ်တကျအားပေး သည့် ပရိသတ်များရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အစားအစာကို ပြည့်ဝစွာစားသုံးပါက ကိုယ်ခံအား ကောင်းမည်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပါက ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေ နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာမှ ပညာသင်ကြား နိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားနပ်ရိက္ခာပေါများရေးနှင့် သာယာ ဝပြောရေးကို ဦးစားပေး လုပ်ဆောင်နေခြင်းပင်ဖြစ် ကြောင်းနှင့် ဒေသနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံတော် ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ဆက်လက်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှိ ခရိုင်အားကစားကွင်းနှင့် ပြည်နယ် အားကစားကွင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး အားကစားကွင်း အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်