
နေပြည်တော် အောက်တိုဘာ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား နေပြည်တော် ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံ ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ကောင်စီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြ
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က နေပြည်တော်ကောင်စီနယ်မြေ ဒေသဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်လျက်ရှိမှု၊ စက်မှုဇုန်များနှင့် စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နေမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ချေးငွေနှင့် နည်းပညာထောက်ပံ့ပေးမှု၊ လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ စပါးခွံသုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး အတွက် အားပေးဆောင်ရွက်လျက်ရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် MSME ကုန်ထုတ်လုပ်ငန်း ရှင်များက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်လျက် ရှိမှု၊ MSME လုပ်ငန်းများအတွက် အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများရရှိရေး၊ ဥပဒေအရ အကာအကွယ်ရရှိရေးနှင့် အရင်းအနှီးများရရှိစေရေး အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းအတွက် မြေနေရာ နှင့် အဆောက်အဦလိုအပ်လျက်ရှိမှု၊ မျှစ်ခြောက် ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်၍ ပြည်ပသို့ တင်ပို့လျက်ရှိမှုနှင့် ပိုမိုတင်ပို့နိုင်ရေးအတွက် ဝါးစိုက်ခင်းများ စိုက်ပျိုးနိုင်ရေး မြေလိုအပ်ချက်ရှိမှု၊ ရဲယိုထွက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြည်ပ နိုင်ငံသို့ တင်ပို့လျက်ရှိမှုနှင့် ဆက်လက်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ တော်မှ ကူညီမှုများလိုအပ်လျက်ရှိမှု၊ လုပ်ငန်းများ လည်ပတ်ရန်အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေ များကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေး စေလိုမှု၊ MSME လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန် များ ဈေးကွက်သို့ဖြန့်ဖြူးရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိမှု၊ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်မှု နှင့် သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်လာမှု ကြောင့် ကုန်ထုတ်လုပ်မှုများတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေနေရာ၊ ရင်းနှီးမတည် ငွေ၊ နည်းပညာနှင့် စက်ယန္တရားများနှင့် လူသားအရင်း အမြစ်များ လိုအပ်လျက်ရှိမှု၊ ကိုဗစ်ကာလအတွင်း ချေးငွေရယူထားသည့် MSME လုပ်ငန်းရှင်များအနေ ဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် နိုင်ငံတော် သို့ ပြန်လည်ပေးဆပ်ရမည့်ကာလအား တိုးမြှင့် သတ်မှတ်ပေးစေလိုမှု၊ နေပြည်တော်ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခွင့် နှင့် ရုံးအဆောက်အဦဆောက်လုပ်ရန် မြေနေရာ လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်ကိရိယာများ လိုအပ်လျက်ရှိမှု အခြေအနေများကို တင်ပြကြသည်။
တင်ပြချက်များအပေါ်
ပြန်လည်ဖြည့်စွက်ဆွေးနွေး
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည် ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီး မတည်ငွေများကို သက်သာသော အတိုးနှုန်းများ ဖြင့် ထုတ်ချေးပေးနိုင်ရေး စီမံလျက်ရှိကြောင်း၊ MSMEအသင်းနှင့် နေပြည်တော်ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းအတွက် ရုံးအဆောက် အဦမြေနေရာရရှိရေး သင့်လျော်သည့်နေရာတွင် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ မြေအသုံးပြုမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ စိုက်ပျိုးမြေများ လျော့ကျမှု မရှိစေရေးအတွက် လယ်ယာမြေများပေါ်တွင် အခြား နည်းဖြင့် သုံးစွဲခြင်းများကို ခွင့်ပြုပေးခြင်းမရှိကြောင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် မြေများကို သာ အခြားနည်းဖြင့် စိစစ်၍ အသုံးပြုခွင့်ပေးခြင်း ဖြစ်ကြောင်း၊ ပျဉ်းမနားဒေသသည် ဝါးများပေါများ သည့် ဒေသတစ်ခုဖြစ်ပြီး ဝါးထွက်ကုန်ထုတ်လုပ် ခြင်းများကို ဆောင်ရွက်ကြကြောင်း၊ သို့သော် ယခု နောက်ပိုင်းတွင် ထုတ်ယူသုံးစွဲမှု များပြားခြင်းကြောင့် ဝါးတောများ ပြုန်းတီးလာသဖြင့် ဝါးတောများ ပြန်လည်စိုက်ပျိုး ထိန်းသိမ်းကြရန်လိုကြောင်း၊ ဝါးကိုစားသောက်ကုန်များအတွက်သာ သုံးစွဲခြင်း ထက် ပျော့ဖတ်စက္ကူများ ထုတ်လုပ်ခြင်းနှင့် အခြား လူသုံးကုန်ပစ္စည်းများကို အဆင့်မီစွာဖြင့် ထုတ်လုပ် နိုင်မည်ဆိုပါက ဒေသအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အခွန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်မှကောက်ခံသော အခွန်နှုန်းထားသည် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်လျော်သည့် နှုန်းထားဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် အခွန်ဝန် ကို ကျေပွန်စွာ ထမ်းဆောင်ပေးရန်လိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်
တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်
ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ပြန်လည် ရှင်းလင်းဆွေးနွေးကြရာ ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေး လုပ်ငန်းများကိုသာမက စက်မှုဇုန်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိမှု၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး ဆောင်ရွက် ပေးလျက်ရှိသဖြင့် အခြားဒေသများထက် ကုန်စည်စီးဆင်းမှုများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက် နိုင်မှု၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အတိုးနှုန်း သက်သာစွာဖြင့် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေး လျက်ရှိမှု၊ ကိုဗစ် - ၁၉ ချေးငွေများကိုလည်း ပြန်ဆပ် ကာလ သက်တမ်းတိုးမြှင့်ပေးခဲ့မှု၊ ဝါးစိုက်ခင်းများ ပြုလုပ်ရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လိုအပ်သည့် နည်းပညာနှင့် မြေနေရာရရှိရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ ဒေသနှင့် ကိုက်ညီသည့်သီးနှံများ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်၍ ကုန်ထုတ် လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်မှု၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု ၍ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ပါက ပိုမိုအကျိုးဖြစ်ထွန်းနိုင်မှုနှင့် လိုအပ် သည့်အကူအညီများ ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လိုအပ် သည့် နည်းပညာနှင့် အခြားအခက်အခဲများကို ဖြည့်ဆည်းပေးလျက်ရှိမှု၊ ကျေးရွာနေပြည်သူလူထု ဝင်ငွေတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် သမဝါယမအသင်းများ အစုအဖွဲ့များ ဖွဲ့၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစု များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိမှု၊ နိုင်ငံတကာ တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကူညီအားပေး ဆောင်ရွက်နေမှု၊ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများ၌ ပြသနိုင်ရေး၊ ကုန်ကြမ်းရရှိရေးနှင့် ဈေးကွက်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေ စသည် ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည် ဆွေးနွေး ပြောကြားကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက MSME လုပ်ငန်းများ အပါအဝင် အခြားကဏ္ဍများအလိုက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးထားမှု၊ ပြန်လည်ပေးဆပ်မှုနှင့် ပေးဆပ် ရန်ကျန်ရှိသည့် အခြေအနေများ၊ ချေးငွေပြန်ဆပ် ကာလများ တိုးမြှင့်ပေးရန်နှင့် ဆက်လက်ထုတ်ချေး ပေးရန်အတွက် စည်းမျဉ်း စည်းကမ်းဥပဒေများနှင့် အညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် နေပြည် တော်ကောင်စီမှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များနှင့် ပတ်သက်၍လည်းကောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။
နိုင်ငံ၏ လိုအပ်ချက်အရ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရပြီး အခက်အခဲများကြားမှ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံ၏လိုအပ်ချက်အရ မိမိတို့ အနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရပြီး ထိုသို့တာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင် ကိုဗစ် ရောဂါဖြစ်ပွားမှုနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ နိုင်ငံရေးသဘောထားမတိုက်ဆိုင်မှုများကြောင့် နိုင်ငံရေး ဆူပူမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အထူးသဖြင့် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ၏စီးပွားရေး ကျဆင်းမှုများရှိခဲ့ပြီး မိမိတို့နိုင်ငံတွင်သာမက အခြား ကမ္ဘာ့နိုင်ငံများတွင်လည်း စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးကျဆင်း မှုမှာ အချက်အလက်များအရ ၂၀၁၈/၂၀၁၉ ခုနှစ် ခန့်မှစတင်၍ စီးပွားရေးကျဆင်းမှုများ စတင်ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ စီးပွားရေး ကျဆင်းခဲ့ခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်ခြင်းများကို အားပေး ခြင်းများ မရှိခဲ့ခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ ပြည်ပမှ တင်သွင်းမှုများ များပြားခဲ့ခြင်း ကြောင့် နိုင်ငံ၏ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့သည် ကို မှတ်တမ်းများအရ သိရှိရကြောင်း၊ ပထမ ဒီမိုကရေစီအစိုးရသက်တမ်းနှင့် ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ခန့် ကုန်သွယ်မှုလိုငွေများ ပြခဲ့ ကြောင်း၊ အဆိုပါလိုငွေများကို ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများဖြင့် ဖြေရှင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ ကုန်သွယ်မှု လိုငွေများနည်းပါးအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေး တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း။
မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ကုန်သွယ်မှုကိုသာမက ရင်းနှီးမြှုပ်နှံမှုများကိုပါ ဆောင်ရွက်ရကြောင်း၊ ဖွံ့ဖြိုးရေးနှင့်ဆိုင်သော ချေးငွေများသာမက ပြည်ပချေးငွေများအားလုံးကို နိုင်ငံတော်မှ ပြန်လည်ပေးဆပ်ရပြီး မိမိတို့အနေဖြင့် ယခင်ကာလများကရှိခဲ့သည့် ပြည်ပကြွေးမြီများကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ ထိုကဲ့သို့သော ပြည်ပချေးငွေများရယူပြီး နိုင်ငံစီးပွား ရေးတိုးတက်အောင် ဆောင်ရွက်နိုင်မှုများမရှိခြင်း ကြောင့် အချို့နိုင်ငံများအနေဖြင့်လည်း စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း။
မိမိတို့အနေဖြင့် တာဝန်ယူဆောင်ရွက်နေချိန် ကာလအတွင်း ပြည်ပကြွေးမြီများ နည်းပါးအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်း ဖြင့် နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်ကြောင်း၊ မြေပေါ် မြေအောက်သယံဇာတများကို ထုတ်ယူရောင်းချ ရာတွင် အချို့သောနေရာများ၌ တရားမဝင်ရောင်းဝယ် မှုများကြောင့် နိုင်ငံတော်အတွက် များစွာထိခိုက် နစ်နာစေကြောင်း၊ သဘာဝပစ္စည်းများကို ထုတ်ယူ ရောင်းချမှုမှာ နောင်တစ်ချိန်တွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျေးလက် နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးလုပ်ငန်း များကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေး အတွက် အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်း ဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုများထုတ်လုပ်နိုင်ရေး အလေး ထား အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
နေပြည်တော်ကောင်စီနယ်မြေ
ဖွံ့ဖြိုးတိုးတက်ရေး
နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်ပြီး ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်နှင့် မြို့တော် ဟောင်းအဖြစ် ပြောနိုင်ကြောင်း၊ နေပြည်တော်ကို စတင်ဖွင့်လှစ်ခဲ့သည်မှာ ၁၆ နှစ်ခန့်ရှိပြီဖြစ်ကာ မြို့တော်အား စတင်အကောင်အထည်ဖော် တည်ဆောက်ချိန်တွင် အခက်အခဲများရှိခဲ့ကြောင်း၊ စတင်တည်ဆောက်ချိန်မှစ၍ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်ပြီး စိုက်ပျိုးမွေးမြူရေးဇုန်များ၊ စက်မှုဇုန်နေရာများ သတ်မှတ်ဆောင်ရွက်ပေးခဲ့ ကြောင်း၊ အချို့မြို့များရှိ စက်မှုဇုန်များနှင့် စိုက်ပျိုးမွေးမြူရေးဇုန်များတွင် သတ်မှတ်ထားသော စည်းကမ်းများနှင့်မကိုက်ညီသည့် လူနေအိမ်များ တည်ဆောက်ထားသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ သော ဆောင်ရွက်မှုများကြောင့် စီးပွားရေး တိုးတက် မှုအတွက် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အခက်အခဲဖြစ်ပေါ်စေကြောင်း၊ မိမိတို့အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ နေပြည်တော်ဒေသမှ ထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင် သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ အဆိုပါစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ် လုပ်မှုများကို အောင်မြင်အောင် ဆောင်ရွက်၍ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်နှင့် သဘာဝသယံဇာတများကို အကျိုးရှိစွာအသုံးချ၍ ကုန်ထုတ်လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက်
MSME လုပ်ငန်းတွင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းများရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ ရောင်းဝယ်မှုကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းမှာ ထုတ်လုပ်မှုကုန်ကျ စရိတ်များခြင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအားမမျှတ ခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့် ခြင်းကြောင့် နိုင်ငံ၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေးကိုပါ ထိခိုက်စေနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်က ဆန်စပါးရှားပါးမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့် မှုများကြောင့် နိုင်ငံရေးဆူပူမှုများ ဖြစ်ပေါ်ခဲ့သည်ကို သမိုင်းတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ထုတ်ကုန်ပစ္စည်းများ လုံလောက်စွာရှိရန် လိုအပ် သဖြင့် ကုန်ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ဆန်၊ စပါးများ ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း၊ မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုး ကြပြီး သီးထပ်သီးညှပ်များ စိုက်ပျိုးလျက်ရှိသကဲ့သို့ အချို့သော စိုက်ပျိုးမြေများတွင် စိုက်ပျိုးမှုများမရှိ သည်ကို တွေ့ရှိရကြောင်း၊ သီးနှံများ စိုက်ပျိုးရာတွင် သီးထပ်များ စိုက်ပျိုးနိုင်မည်ဆိုပါက စိုက်ပျိုးရေး ထွက်ကုန်များ ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပနိုင်ငံများသို့ပါ ပိုမိုတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေများကို အကျိုးရှိရှိအသုံးချ၍ မျိုးကောင်း မျိုးသန့်များဖြင့် စိုက်ပျိုးရန်လိုကြောင်း၊ စိုက်ပျိုးရေး ထွက်ကုန်များ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက MSME လုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းများကို ရရှိနိုင်မည် ဖြစ်ကြောင်း။
ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များကို ထုတ်လုပ်ရန်နှင့် ထုပ်ပိုးမှုများကို အဆင့်မီစွာ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဈေးကွက်တွင် သာမက ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချနိုင် မည်ဖြစ်ကြောင်း၊ ပြည်တွင်းနှင့် ဒေသတွင်းမှ ထွက်ရှိ သည့် ကုန်ကြမ်းများကို အသုံးချ၍ ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းလိုအပ်ချက် ရှိသည့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်မည်ဆိုပါက ပြည်ပမှ တင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများကိုသာမက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိရစ္ဆာန်အစာများလည်း လုံလောက်စွာရှိပြီးဖြစ် ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် မွေးမြူ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပါက ပြည်ပဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ အသားထုတ်လုပ်မှုလုပ်ငန်းနှင့် ထွက်ရှိသည့် သားရေ များဖြင့် သားရေထည်ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ နေပြည်တော်နယ်မြေ အတွင်း မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း။
မြေပေါ်သယံဇာတဖြစ်သည့် သစ်တောထွက် ပစ္စည်းများကိုလည်း အကျိုးရှိစွာ အသုံးချရန် လိုကြောင်း၊ အဆိုပါသယံဇာတပစ္စည်းများမှ ဝင်ငွေ များစွာရှာနိုင်ကြောင်း၊ ဝါးနှင့် ပတ်သက်၍လည်း အချို့နိုင်ငံများတွင် ဝါးကိုနည်းပညာများ အသုံးပြု၍ တန်ဖိုးမြင့်လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ကြကြောင်း၊ ရှိပြီးသားဖြစ်သည့် ဝါးတောများကို ထိန်းသိမ်းကြရန် လိုပြီး ထပ်မံတိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ ဝါးနှင့် သစ်များစိုက်ပျိုးရန်အတွက်လည်း မြေများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးသွားမည် ဖြစ်ပြီး လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်ရန် လိုကြောင်း။
အဓိကသွင်းအားစုများ
လုံလောက်မှုရှိစေရေး ဝိုင်းဝန်းကြိုးပမ်း
စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရန်အတွက် သွင်းအားစုများဖြစ်သည့် ကုန်ကြမ်း၊ ရေ၊ လျှပ်စစ်ဓာတ်အား၊ စက်မောင်းဆီ၊ ပိုးသတ်ဆေးများနှင့် မြေဩဇာများ လိုအပ်ကြောင်း၊ အချို့သော သွင်းအားစုများကို ပြည်ပမှ ဝယ်ယူရခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ သဘာဝမြေဩဇာများ ကိုလည်း သုံးစွဲကြရန်လိုကြောင်း၊ စက်ရုံအလုပ်ရုံများ လည်ပတ်ရန်အတွက် လျှပ်စစ်ဓာတ်အားများရရှိရေး အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြစေလို ကြောင်း၊ နိုင်ငံတော်မှလည်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေအသုံးပြုရာတွင် အဟောသိကံမဖြစ်စေဘဲ အကျိုးရှိစွာဖြင့် အသုံးပြု ကြစေလိုကြောင်း၊ တစ်ကိုယ်ရေအသုံးပြုမှုကို သာမက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၌ အသုံးပြု ရာတွင်လည်း အကျိုးရှိစွာ အသုံးပြုရန်လိုကြောင်း၊ ရေနှင့်မြေကို အကျိုးရှိစွာ အသုံးပြုမည်ဆိုပါက အောင်မြင်မှုများ မလွဲမသွေ ရရှိစေမည်ဖြစ်ကြောင်း။
ရင်းနှီးမြှုပ်နှံငွေနှင့် ပတ်သက်၍ ကိုဗစ် - ၁၉ ကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံ့စီးပွားပြန်လည်မြှင့်တင် ရေးအတွက် ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးခဲ့ သကဲ့သို့ လုပ်ငန်းရှင်များကိုယ်တိုင်အနေဖြင့်လည်း လုပ်ငန်းများအောင်မြင်မှုရှိစေရေး ကြိုးပမ်းဆောင် ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံတော်သို့ ပြန်လည် ပေးဆပ်ရန်ရှိသည့် ချေးငွေများကိုလည်း ပြန်လည် ပေးဆပ်ကြရန်လိုကြောင်း၊ ကိုဗစ် - ၁၉ ချေးငွေများ ကိုလည်း ပြန်လည်ပေးဆပ်ရမည့်ကာလကို သတ်မှတ်ကာလတစ်ခုအထိ တိုးမြှင့်သတ်မှတ်ပေး သွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံငွေများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြစေလိုပြီး နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှု အားကောင်းရန်လိုကြောင်း။
နိုင်ငံ့အနာဂတ်ဖြစ်သည့် လူသားအရင်းအမြစ် ကောင်းများ ပေါ်ထွက်လာရေး အစိုးရနှင့် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းအားပေးရမည်
လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ အခြေခံလူသားအရင်းအမြစ်များ လိုအပ်သကဲ့သို့ နည်းပညာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ လည်း လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေး အားနည်းသည်ကို သန်းခေါင်စာရင်းများအရ သိရှိ ရကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ ခရိုင်များအားလုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်တွင်လည်း Naypyitaw State Academy ကို မကြာမီဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း၊ ဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်ရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရန် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့သော် လည်း ကျောင်းတက်ရောက်မှုရာခိုင်နှုန်း နည်းပါး ခဲ့ကြောင်း၊ ပညာသင်ကြားရေးနှင့် ပတ်သက်၍ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ရပ်များအလိုက် လုပ်ငန်းခွင်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးကြစေလိုကြောင်း၊ နေပြည်တော် နယ်မြေအတွင်း ပုဂ္ဂလိကပညာရေးကျောင်းများကိုလည်း ဖွင့်လှစ်ရန်အတွက် ခွင့်ပြုပေးထားပြီး ပညာရေးမြို့တော်ဖြစ်စေရေး အားလုံးဝိုင်းဝန်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
နေပြည်တော်နယ်မြေအတွင်း ခရီးသွားလုပ်ငန်း များနှင့်ပတ်သက်၍ လည်ပတ်ရန်နေရာများစွာ ရှိကြောင်း၊ နောင်တွင် ဟိုတယ်လုပ်ငန်းများ များစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ခရီးသွားများကိုသယ်ယူပို့ဆောင်ရေးနှင့် ဒေသထွက်လက်ဆောင် များ ရောင်းချခြင်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း အားပေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကိုလည်း နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစီအမံများ ရှိပြီးဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ အရေအတွက်ပမာဏ များစွာ ထုတ်လုပ်နိုင်မှသာ ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဒေသမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဦးစားပေးဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှ ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်း များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်