စပါးဖျက်ရွှေခရုအန္တရာယ်ကို ကာကွယ်နှိမ်နင်းကြပါစို့

 

ချစ်သက်လယ်(အိမ်မဲ) 
 

လက်ရှိအချိန်သည် မြန်မာနိုင်ငံတွင် တောင်သူများ စပါးစတင်စိုက်ပျိုးနေကြသည့် အချိန်ဖြစ်သည်။ စပါးစိုက်ခင်းများတွင် စတင်စိုက်ပျိုးချိန်မှ အပင်ကြီးထွား ရင့်မှည့်ချိန်အထိ ကျရောက်နိုင်သော အပင်ရောဂါနှင့် ဖျက်ပိုးအမျိုးမျိုးရှိသည့်အနက် စပါးစိုက်တောင်သူများ နှစ်စဉ်နီးပါး ကြုံတွေ့ရလေ့ရှိသည့် အန္တရာယ်တစ်ခုမှာ စပါးစိုက်ခင်းများကို ဆိုးရွားစွာထိခိုက်ပျက်စီးစေသော ရွှေခရုအန္တရာယ်ဖြစ်သည်။

 

ရွှေခရု၏ မူရင်းဒေသနှင့်ပျံ့နှံ့တည်ရှိမှု


ရွှေခရု (Golden Apple Snail) ၏ မူရင်းဒေသမှာ တောင်အမေရိကဖြစ်၍ ထိုင်ဝမ်သို့  ပင်လယ်အစား အစာအဖြစ် ရောက်ရှိလာခဲ့သည်။  ၁၉၇၉-၁၉၈၀ ခန့်တွင်  ထိုင်ဝမ်မှ ဖိလစ်ပိုင်၊ ဂျပန်နှင့် ထိုင်းနိုင်ငံများ သို့ ပျံ့နှံ့ဝင်ရောက်လာသည်။ ယခုအခါ စပါးစိုက်ပျိုး သော နိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့လျက်ရှိသည်။

 


သွင်ပြင်လက္ခဏာ


ဥဥခါစ ပန်းနုရောင်ဥများမှာ ၂ မီလီမီတာမှ ၂ ဒသမ ၈  မီလီမီတာ  အရွယ်ရှိပြီး တဖြည်းဖြည်း ပန်းဆီအနီရောင်သို့   ပြောင်းလာသည်။    အကောင် ပေါက်ခါနီးတွင် အဖြူရောင်သို့ ပြောင်းလာသည်။ အကောင်ကြီးမှာ   ဝါညိုရောင်ရှိပြီး   အရွယ်အစားမှာ ငါးစင်တီမီတာခန့် (နှစ်လက်မမှ သုံးလက်မခန့်)ရှိ သည်။

 


မျိုးပွားခြင်း


အကောင်ပေါက်ပြီး နှစ်လ သုံးလအတွင်း အရွယ် ရောက်သည်။ အမတစ်ကောင်သည် တစ်ကြိမ်လျှင် ဥပေါင်း ၁၀၀  မှ ၁၀၀၀  အထိ  အတွဲလိုက်ဥသည်။ အမတစ်ကောင်သည် တစ်နှစ်အတွင်း သုံးကြိမ်အထိ မျိုးပွားနိုင်သည်။ ရွှေခရုတစ်ကောင်သည် ပတ်ဝန်း ကျင်ရှိ အပူချိန်နှင့်  အစာရေစာအပေါ် မူတည်၍ ငါးနှစ်မှ  ၁၀   နှစ်အထိ    အသက်ရှင်နေထိုင်နိုင် သည်။

 


စားသောက်နေထိုင်ပုံ


ရွှေခရုအမများသည်   ဥတွဲများကို  နေရာအနှံ့ ဥလေ့ရှိသည်။ အထူးသဖြင့် ရေနှင့်နီးသောနေရာများ တွင် ပိုမိုဥလေ့ရှိသည်။ ဥများသည် ရှစ်ရက်မှ နှစ်ပတ် အတွင်း     အကောင်ငယ်များပေါက်လာသည်။ အကောင်ငယ်ဘဝတွင်  ရေညှိ၊ ရေမှော်၊ ရွက်နုများ ကိုစား၍ အကောင်ကြီးလာလျှင်  သီးနှံပင်များ၏ အစိတ်အပိုင်းအားလုံးကို စားသောက်ဖျက်ဆီးသည်။

 


ဖျက်ဆီးမှုလက္ခဏာ


စပါး၊ ပြောင်း၊ ရှောက်၊ သံပရာနှင့် ဟင်းသီးဟင်း ရွက်စိုက်ခင်းများတွင်   ရွှေခရုများ    အများဆုံး ကျရောက်နိုင်ပါသည်။ စပါးပျိုးခင်း  စိုက်ခင်းများတွင် ပင်ခြေမှစတင်၍   ကိုက်ဖြတ်စားသောက်လေ့ရှိပြီး အပင်များ  ပြန်လည်ရှင်သန်နိုင်ရန် ခဲယဉ်းသော ကြောင့်   ကြိုတင်ကာကွယ်ရန်   အလွန်အရေးကြီး သည်။ ရွှေခရုများသည်  မြေကြီးထဲတွင် သုံးလခန့် ခိုအောင်းနိုင်သည်။  စိုက်ခင်းများအတွင်း ရေရှိချိန် တွင် ရွှေခရုများ ပိုမိုကျရောက်နိုင်သည်။

 


ကာကွယ်နည်း


ရွှေခရုများသည် ခြောက်သွေ့သောရာသီများတွင် ငြိမ်သက်စွာနေထိုင်၍ အသက်ရှင်နိုင်စွမ်းရှိသည်။ စပါးခင်းများအတွင်း ရေရရှိသောအခါ  ပြန်လည် သက်ဝင်လှုပ်ရှားလာပြီး         ဖျက်ဆီးတတ်သည်။ ထို့ကြောင့်
၁။    စပါးပင်ငယ်စဉ်တွင် ခရုအန္တရာယ်ကို သတိပြု  ကင်းထောက်စစ်ဆေးပါ။
၂။    ပေါင်းမြက်များကိုရှင်းလင်းပါ။
၃။    သွင်းရေမှ ရွှေခရုများ ပိုမိုဝင်ရောက်တတ်သဖြင့်   အလွယ်တကူ မဝင်ရောက်နိုင်ရန် ရေဝင်ပေါက် များတွင်     သံဆန်ခါစိပ်စိပ်ဖြင့်    ပိတ်ထားပြီး ရေသွင်းပါ။

 


နှိမ်နင်းနည်းများ


၁။ စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း
- ကုန်းမြင့်ပိုင်းတွင်  ပျိုးပေါင်ဖြင့်  ပျိုးထောင်    
   စိုက်ပျိုးပါ။
- ခရုဖျက်ဆီးမှုကို    ခံနိုင်ရည်ရှိရန်   ပျိုးသက်   
   နောက်ဆုတ်၍ပျိုးပါ။
- ခရုများအားလုံးကို      လွယ်ကူစွာဖျက်ဆီးရန် 
      ရေဝပ်ကျင်း၊ ရေအိုင်ငယ်လေးများ၊ စိတ်မြောင်း 
     ပတ်မြောင်းများ ပြုလုပ်ထားပါ။
- စပါးရွှေ့ပြောင်းစိုက်ပြီး   ၁၀  ရက်အတွင်း     
     ရေထုတ်ပါ။
  -  မစိုက်မီ တစ်ဧကလျှင် ထုံးပိဿာ ၁၅၀ နှုန်း 
     ကြဲပက်ပေးပါ။
၂။ လက်လုပ်နည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း
-     လူအင်အားဖြင့် ဥအတွဲများကို ကောက်ယူ 
     ဖျက်ဆီးပါ။
- ခရုများဥဥရန်      ဝါးတိုင်ငယ်လေးများကို   
    အခင်းအတွင်းစိုက်ပေးပြီး ဥများကိုဖျက်ဆီးပါ။
 - ရေသွင်းရေထုတ်မြောင်းများတွင် ဆန်ခါစိပ်စိပ် 
   တပ်ဆင်၍ ကောက်ယူဖျက်ဆီးပါ။
 - ဆန်ခါခုံးများထဲသို့  ခရုကြိုက်နှစ်သက်သော 
       သင်္ဘောရွက်၊ ပိန္နဲခွံ၊ နာနတ်ခွံ၊ ဒူးရင်းခွံများ         
   ထည့်၍ လယ်ထဲတွင် နေရာအနှံ့ချထားပါ။     
   နောက်နေ့မနက်တွင်       ၎င်းဆန်ခါများကို   
     သွားရောက်ဆယ်ယူ၍ ပါလာသောခရုများကို    
   ဖျက်ဆီးပစ်ပါ။
၃။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း
  - စိုက်ခင်းအတွင်း ဘဲလွှတ်ကျောင်းပါ။
   -  ဖြစ်နိုင်ပါက ခရုဥနှင့် အကောင်ငယ်လေးများ 
     ကို  စားရန်အတွက်    လယ်ထဲသို့    ငါးများ   
     ထည့်သွင်းမွေးမြူပါ။
  - ခရုစုပ်ငှက်များကို   သတ်ဖြတ်ခြင်းမပြုရ၊ 
     ကာကွယ်စောင့်ရှောက်ပါ။
   -  ခရုများကို ဘဲစာ၊ ဝက်စာ၊ ငါးစာအဖြစ်လည်း 
     အသုံးပြုနိုင်ပါသည်။
၄။ ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း
  -  တစ်ဧကလျှင် စနေးဆိုဒ်(Snailcide 70WP)
     ဆေးမှုန့်  ၁၈၀ ဂရမ်မှ ၂၄၀ ဂရမ်နှုန်း ထည့် 
      သွင်းခြင်းဖြင့် ကာကွယ်နှိမ်နင်းပါ။ (ခရုဥမြုံ    
       များကို ဖျက်ဆီးခြင်းဖြင့် ခရုကာကွယ်နှိမ်နင်း
       ခြင်းကို ၈၀ ရာခိုင်နှုန်း ပြီးမြောက်စေနိုင်သည်။)


လူထုလှုပ်ရှားမှုအသွင်ဖြင့် ရွှေခရုကောက်ပွဲများ ပြုလုပ်ခြင်းဖြင့်လည်း စိုက်ခင်းများတွင် ရွှေခရုများ၏ အန္တရာယ်ကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။

 


မြန်မာနိုင်ငံမှတောင်သူများ စပါးစတင်စိုက်ပျိုး လျက်ရှိသည့် လက်ရှိအချိန်တွင် စပါးစိုက်ခင်းများကို ဆိုးရွားစွာ     ထိခိုက်ပျက်စီးစေသော    ရွှေခရုများ အကြောင်းကို တောင်သူများသိရှိစေရန် တင်ပြလိုက် ရပါသည်။     ။