စည်းကမ်းမလိုက်နာသူ YBS ယာဉ်မောင်းများကို ထုတ်ပယ်မှုများဆောင်ရွက်နေ၍ လိုအပ်နေသည့် ယာဉ်မောင်းနေရာများအတွက် အစားထိုးရန် ယာဉ်မောင်းသင်တန်းသားများ ခေါ်ယူထား

 

ရန်ကုန်   ဇန်နဝါရီ  ၁၈
စည်းစနစ်ကြပ်မတ်ပြီး စည်းကမ်းမလိုက်နာသူ YBS ယာဉ်မောင်းများကို  ထုတ်ပယ်မှုများ     ဆောင်ရွက်နေသည့်အတွက်     လိုအပ်နေ​သော ယာဉ်မောင်းနေရာများအတွက် အစားထိုးရန် YBS ယာဉ်မောင်းများ     ခေါ်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန် ကျင့်မန်က ပြောသည်။
‘‘လိုအပ်ချက်တွေက   ရှိနေတယ်။   စည်ကမ်းပိုင်းတွေ   ဘာတွေ ချိုးဖောက်တယ်ဆိုရင် အခုက ထုတ်ပစ်တာတွေရှိတယ်။ စည်းကမ်း မလိုက်နာတာတွေ၊ မီးနီသုံးကြိမ် ဖြတ်မောင်းတာတွေဆိုလည်း ထုတ်ပစ် တာတွေရှိတယ်။ အဲဒါတွေ အစားထိုးဖို့ရှိတယ်’’ ဟု ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
ရန်ကုန်မြို့တွင်း  YBS  ယာဉ်ကြီးများ  မောင်းနှင်နိုင်ရန်အတွက် ကျွမ်းကျင်ယာဉ်မောင်းများ  လိုအပ်သဖြင့်  YBS မော်တော်ယာဉ်ကြီး မောင်းသင်တန်းကို    ရန်ကုန်ဘတ်စ်ကား   အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ  YRTC  ၏  ကြီးကြပ်မှုဖြင့် သင်တန်းအပတ်စဉ် (၁/၂၀၂၄)  ကို   ဖွင့်လှစ်သွားမည်ဖြစ်သောကြောင့်    သင်တန်းသား စုစုပေါင်း ၅၀ ခေါ်ယူရန်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် အသက် ၂၅ နှစ်မှ ၅၅ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး ‘‘ခ’’ လိုင်စင် အနည်းဆုံးငါးနှစ်သက်တမ်းနှင့် အခြေခံ ပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကာ အခြေခံ ယာဉ်မောင်းနိုင်မှုကို သင်တန်းကစစ်ဆေးရွေးချယ်မည်ဖြစ်သည်။
‘‘ဒီသင်တန်းကို    ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့  ရန်ကုန်မှာ ပြေးဆွဲနေတဲ့  YBS  ဘတ်စ်ကားတွေရဲ့  ယာဉ်မောင်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက်ပါ’’ ဟု YBS ယာဉ်ကြီးမောင်း သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
MT