စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်၍ အောင်မြင်အောင်ဆောင်ရွက်မည်

 

နေပြည်တော်   နိုဝင်ဘာ  ၇ 


စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည်      ယမန်နေ့    နံနက်ပိုင်းတွင် မွန်ပြည်နယ် သထုံမြို့နယ် အင်းရှည်ကျေးရွာအနီးရှိ သထုံစက်မှုနယ်မြေနှင့်   အမှတ်(၂၁)  အကြီးစား စက်ရုံသို့   ရောက်ရှိပြီး(ယာပုံ)  စက်မှုနယ်မြေ (သထုံ) ကို ရော်ဘာအခြေခံ   တန်ဖိုးမြှင့်   ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည့်    စက်မှုလုပ်ငန်းများ     ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည့် စက်မှုလုပ်ငန်များ ထူထောင်နိုင်ရေး စီမံဆောင်ရွက်ရန်ရှိပြီး အခြေခံ အဆောက်အဦများနှင့် မြေနေရာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန်၊ အမှတ် (၂၁) အကြီးစားစက်ရုံအနေဖြင့် စက်ရုံရှိ နည်းပညာ နှင့် အရင်းအမြစ်များကို အကျိုးရှိအောင် အသုံးပြု နိုင်ရေး စီမံဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို Business Plan  ရေးဆွဲဆောင်ရွက်ရန်   မှာကြားကာ စက်မှုနယ်မြေအတွင်း  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


နှစ်စဉ်အစားထိုးစိုက်ပျိုး


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုက်ထို မြို့နယ်ရှိ  အမှတ်(၂၇)  ကုန်ကြမ်းဌာန၊   မရမ်းကုန်း ရော်ဘာခြံသို့ ရောက်ရှိပြီး  စက်မှုကုန်ကြမ်းသီးနှံဖြစ် သည့် ရော်ဘာပင်များကို ဖြစ်ထွန်းအောင်မြင်အောင် နှင့် ရော်ဘာစေးတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပင်ပြည့်/ကွက်ပြည့်   အစေးခြစ်နိုင်ရေး    ကြိုးစား ဆောင်ရွက်ရန်၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု တွင်  ရော်ဘာအခြေခံ  ထုတ်ကုန်ပစ္စည်းများသည် မရှိမဖြစ် လိုအပ်၍  အလေးထားဆောင်ရွက်ရန်၊ အထွက်နှုန်းနည်းပါးသွားသည့်  ပင်အို/ ပင်ဟောင်း များနေရာတွင်     အထွက်နှုန်း    ကောင်းမွန်သည့် မျိူးကောင်းမျိုးသန့်   ရော်ဘာပင်များဖြင့်   နှစ်စဉ် အစားထိုး    စိုက်ပျိုးနိုင်ရေးစီမံချက်များ    ရေးဆွဲ ဆောင်ရွက်ရန် မှာကြားသည်။

 


ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့   အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့   ဝန်ကြီးချုပ်  ဦးမျိုး ဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များကို   တွေ့ဆုံ၍   ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ ဦးစီးဌာန၊ သင်တန်းကျောင်းနှင့် စက်ရုံများ၏ လုပ်ငန်းလည်ပတ် အကောင်အထည် ဖော် ဆောင်ရွက်နေမှု၊ ပြည်တွင်းရှိ သယံဇာတများကို အသုံးပြု၍  သွင်းကုန်အစားထိုး  ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်နေမှု၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ စက်မှုသင်တန်းကျောင်းများကို ယခုနှစ်    ဒီဇင်ဘာလဆန်းတွင်   ပြန်လည်ဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ စက်မှုဝန်ကြီးဌာနရှိ စက်ရုံအလုပ်ရုံများကိုလည်း ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက်     ပြည်တွင်း    ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ရှိ   နိုင်ငံပိုင် စက်ရုံ/ အလုပ်ရုံများကို   နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ      ပြည်တွင်း   ပြည်ပ ရင်းနှီးမြှုပ်နှံသူများ    ဖိတ်ခေါ်၍    အစိုးရ-ပုဂ္ဂလိက PPP ပုံစံ၊ အစိုးရ-ပုဂ္ဂလိက Joint Venture ပုံစံများ ဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားမည့်ကိစ္စရပ် များကို ဆွေးနွေးသည်။

 


 ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူး မြို့ရှိ   ပဲခူးတိုင်းဒေသကြီး  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဦးစီးမှူးက  လုပ်ငန်းများ   ဆောင်ရွက်ထားမှုတို့ကို အရည်အသွေးရှိသော    စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ကို    စနစ်တကျ    ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများ  ရရှိရေးအတွက်   စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန် မှာကြားပြီး ဝန်ထမ်းများ ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် စက်မှုလက်မှု  သမိုင်းမှတ်တမ်းပြုစု ရေးသားထုတ်ဝေ နိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်ပြီး ယခင် ထုတ်ဝေခဲ့ပြီးဖြစ်သည့် စက်မှုလက်မှုသမိုင်းမှတ်တမ်း ကို    ပြန်လည်ထုတ်ဝေပြီး    မျက်မှောက်ခေတ်ထိ ရေးသားထုတ်ဝေနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးပါရန်နှင့်      စက်မှုလက်မှုသမိုင်းအား    နောက် မျိုးဆက်သစ်များ  မှန်ကန်စွာ  သိရှိနိုင်ရေးအတွက်  တိကျခိုင်မာသည့် အချက်အလက်များဖြင့် မှတ်တမ်း ပြုစု ရေးသားပေးကြပါရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့်     ပညာရှင်များက  ရင်းနှီး ပွင့်လင်းစွာ အကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။                                        

သတင်းစဉ်