
နေပြည်တော် နိုဝင်ဘာ ၁၆
မကြာမီလုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်လုပ်ကိုင်ကြရမည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားများသည် စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)သို့ လုပ်ငန်းခွင်အကြို ထွန်စက်နှင့် လယ်ယာသုံးစက်ကိရိယာများ ထိန်းသိမ်းမောင်းနှင်မှု အတတ်ပညာများကို ယနေ့နံနက်ပိုင်းတွင် သွားရောက် လေ့လာဆည်းပူးခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ စက်မှုလယ်ယာသင်တန်းကျောင်း ကို ဒီကနေ့ လာရောက်လေ့လာတဲ့ ကျောင်းသား ကျောင်းသူတွေဟာ လယ်ယာသုံးစက်ကိရိယာ အသစ်အဆန်းတွေကို ယခင်ထက် ပိုမိုလေ့လာ ဆည်းပူးခွင့်ရကြတာ ဖြစ်ပါတယ်။ အခုဆိုရင် သင်တန်းကျောင်းမှာ သင်ထောက်ကူပစ္စည်းကိရိယာ တွေအနေနဲ့ တော်တော်လေးစုံလင်နေပါပြီ။ တကယ် တော့ တောင်သူတွေရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်ဖို့ဆိုတာ လက်မှုလယ်ယာမှ စက်မှုလယ်ယာ စနစ်ကို လက်တွေ့ပြောင်းလဲ ကျင့်သုံးဆောင်ရွက် မှသာ တောင်သူတွေရဲ့ လူမှုစီးပွားဘဝကို အမှန် တကယ် တိုးတက်မြင့်မားလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် များမကြာမီ လုပ်ငန်းခွင်အသီးသီး ဝင်ရောက်ကြရတော့မယ့် ကျောင်းသားတွေအနေနဲ့ လယ်ယာကဏ္ဍမှာ အသုံးပြုနေတဲ့ လယ်ယာသုံး စက်ကိရိယာနှင့် စနစ်ကျလယ်ယာမြေဖော်ဆောင်မှု တွေကို အခြေခံကျကျ လေ့လာသင်ယူဆည်းပူးခွင့် ရကြတာ ဖြစ်ပါတယ်” ဟု စက်မှုလယ်ယာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင် (ကျောင်းအုပ် ကြီး စက်မှုလယ်ယာသင်တန်းကျောင်း ရေဆင်း) က ပြောကြားသည်။
အဆိုပါ စက်မှုလယ်ယာသင်တန်းကျောင်းသို့ သွားရောက်လေ့လာသော ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားများသည် လုပ်ငန်းခွင်အကြို ထွန်စက်နှင့် လယ်ယာသုံး စက်ကိရိယာများ ထိန်းသိမ်းမောင်းနှင်မှုပညာပေးသင်တန်းကို နိုဝင်ဘာ ၁၄ ရက်မှ ၂၃ ရက်အထိ တက်ရောက်သင်ယူလျက်ရှိသည်။ သင်တန်းတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ရာတွင် စက်မှုစွမ်းအား အရေးကြီးမှုများကို စာတွေ့/ လက်တွေ့ ပူးတွဲကာ လေ့လာဆည်းပူးခွင့်များရရှိသည်။
နောက်ဆုံးနှစ်ကျောင်းသားများ၏ ထွန်စက်နှင့် လယ်ယာသုံးစက်ကိရိယာများ ထိန်းသိမ်းမောင်းနှင် မှု လုပ်ငန်းခွင်အကြိုသင်တန်းကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်လေ့လာ ဆည်းပူး လျက်ရှိကြောင်း သိရသည်။
မင်းထက်