
မန္တလေး နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး စိုက်ပျိုးရေးတောင်သူများအား သဘာဝမြေသြဇာ နှင့် ပိုးသတ်ဆေးထုတ်လုပ်နည်းသင်တန်းကို ယခု နိုဝင်ဘာလကုန်တွင် နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။
အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးတောင်သူများ နှင့် စိုက်ပျိုးရေးဝါသနာရှင်များအား မန္တလေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၌ နှစ်ရက်ကြာ စာတွေ့၊ လက်တွေ့နည်းလမ်း များဖြင့် ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း၊ ယင်းသင်တန်း တွင် သဘာဝမြေသြဇာပြုလုပ်နည်း၊ ပိုးသတ်ဆေး ပြုလုပ်နည်း၊ သဘာဝမြေဆွေးပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်စိုးနိုင်က ပြောသည်။
“စိုက်ပျိုးရေးတောင်သူတွေအနေနဲ့ သဘာဝ မြေသြဇာကို ကိုယ်တိုင်ထုတ်လုပ်တတ်ပြီး စိုက်ခင်းထဲ မှာ ထည့်သွင်းအသုံးပြုလို့ရအောင် သင်တန်းပေးတာ ပါ။ အခုလို မြေသြဇာနဲ့ ပိုးသတ်ဆေးတွေဈေးကြီးနေ တဲ့အချိန်မှာ အမြဲတမ်းသုံးနေတဲ့ သွင်းအားစုတွေဖြစ် တဲ့ မြေသြဇာနဲ့ ပိုးသတ်ဆေးတွေအစား စွန့်ပစ်ပစ္စည်း တွေကနေ မိမိတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ သဘာဝမြေသြဇာကို အသုံးပြုနိုင်အောင် သင်တန်း ပေးဖို့ စီစဉ်ဆောင်ရွက်တာပါ။ အခုလို သင်တန်းတွေ ပေးတဲ့အတွက် တောင်သူတွေ အကျိုးရှိပါတယ်။ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ မြေသြဇာ တွေသုံးတဲ့ အတွက်ကြောင့် အစားအစာတွေ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစိတ်ချ ရပါတယ်။ သင်တန်းမှာ ဂျပန် နိုင်ငံက မြေဆွေးပြုလုပ်နည်း ပါမယ်။ သင်တန်း နည်းပြကတော့ ပြင်ပက ပညာရှင်က လာရောက် ပို့ချပေးမှာပါ။ တစ်ရက်က စာတွေ့၊ တစ်ရက်က လက်တွေ့ပါ။ တက်ရောက်လိုသူတွေအနေနဲ့ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို ဆက်သွယ်ပြီး တက်ရောက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၌ ဖွင့်လှစ်ပို့ချပေးသွားမည့် သဘာဝမြေသြဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်နည်း သင်တန်းတွင် အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ထားခြင်းမရှိဘဲ စိုက်ပျိုးရေးကို စိတ်ပါဝင် စားသူမည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်း သား၊ သင်တန်းသူဦးရေ ၃၀ သာ ကန့်သတ်ထား ကြောင်း သိရသည်။
မောင်အေးချမ်း