စိုက်ပျိုးမွေးမြူထုတ်လုပ်သူတောင်သူများ ဝင်ငွေတိုးဖို့ ဈေးကွက်ချိတ်ဆက်ပေးပါစို့

Type
1

 

 ခန့်ဇော် (ကျေးလက်) 
 

ပြီးခဲ့သည့်ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကွင်းဆင်းခရီးစဉ် သွားရောက်ရင်း ကျေးရွာအတော်များများသို့ ရောက်ဖြစ်ခဲ့သည်။ ကျေးရွာများသို့ ရောက်ရှိခိုက် တီးရင်းခေါက်ရင်း စကားစမြည်ပြောရင်းဖြင့် ယခုနှစ်တွင် ဝက်နှင့် ဆိတ်မွေးမြူသူများ အရှုံးများနေကြောင်း ကြားသိရ၍ အရှုံးပေါ်ရသည့်အကြောင်းရင်းကို လေ့လာဖြစ်ခဲ့သည်။
ဝက်နှင့် ဆိတ် ဈေးနှုန်းများအား မြေပြင်အခြေအနေ လေ့လာခြင်း
နေပြည်တော်တွင်   အသားတိုးဝက်(CP)မျိုး သားပေါက် တစ်ကောင်လျှင် ၁ ဒသမ ၅ သိန်း ဝန်းကျင်ခန့်ရှိပြီး လေးလမွေးလျှင် ပိဿာ ၅၀/ ၆၀ ကျော်ရှိလာမည်ဟု    ဆိုသည်။   လေးလအတွင်း မျိုးဖိုး၊ အစာဖိုး၊ ကာကွယ်ဆေးထိုး ကုန်ကျစရိတ် များအပါအဝင် မွေးမြူရေးကုန်ကျစရိတ်အနေဖြင့် တစ်ကောင်လျှင် ၄ ဒသမ ၅ သိန်းကျော် ကုန်ကျ သည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့သည့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကျရောက်ခဲ့မှု ကြောင့်လား၊ ဒေသတစ်ခုမှတစ်ခုသို့ သယ်ယူရန် အကန့်အသတ်ရှိ၍လား မဆိုနိုင်… ဈေးများတွင် အသား တစ်ပိဿာ ကျပ် ၁၄၀၀၀ ခန့်ဖြင့် ရောင်းချ နေသော်လည်း   မွေးမြူသူများထံမှ  တစ်ပိဿာ ဝယ်ဈေးမှာ ငွေကျပ်  ၆၅၀၀  ဖြစ်သည်။ ပိဿာ ၅၀ တစ်ကောင်လျှင် ၃ ဒသမ ၂၅ သိန်းသာ ရရှိခြင်း ကြောင့် ရှုံးကြရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ရွာကို ကွင်းဆင်းရင်း ပြည်ထောင်စုဝန်ကြီးက ဆိတ်မွေးသည့်အိမ်ကို      မေးကြည့်သောအခါ ဆိတ်မွေးသူများလည်း ထိုနည်းလည်းကောင်းပင်။ အကောင်လိုက်    တစ်ပိဿာလျှင်   ဝယ်ဈေးမှာ ငွေကျပ် ၆၅၀၀ ကျပ်သာဖြစ်သည့်အပြင် လာဝယ်သူ ကို  ဆိုင်ကယ်ဆီဖိုးပင်လျှင်   ပြန်ပေးရတတ်သေး ကြောင်း သိရသည်။ ဈေးထဲတွင်မူ ဆိတ်သားဈေးမှာ တစ်ပိဿာ ကျပ် ၂၀၀၀၀ ခန့်ရှိနေသည်။ မွေးမြူသူ များ ရှုံးလျက်ရှိသော်လည်း အသားဈေးမှာမူ မကျ။ မွေးမြူသူများအဖို့မှာမူ  မွေးမြူရေးကုန်ကျစရိတ် အပြင် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ပါ ကျခံ နေရသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် နေပြည်တော်တွင်မူ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ သားသတ်ဌာနမှ  တာဝန်ရှိသူများနှင့်  ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ရာ ဝက်သား တစ်ပိဿာ ကျပ် ၇၅၀၀ ပေးသဖြင့် အရင်းကျေရုံတော့ ပြန်ရခဲ့သည် ဆိုရပါမည်။ ထို့အတူ ရန်ကုန်တွင်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီး၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ချိတ်ဆက်ပေးခဲ့ရာ တစ်ပိဿာ ကျပ် ၇၅၀၀ ခန့် ရခဲ့သဖြင့် အရင်းကျေရုံတော့ဖြစ်ခဲ့သည်။ အမြတ် တော့ မရခဲ့ကြပေ။
မွေးမြူရေးဘက်တွင်      အရင်းကျေရုံမျှသာ ရကြသော်ငြား စိုက်ပျိုးရေးဘက်တွင်တော့ အမြတ် ကိုယ်စီ  ရရှိကြကြောင်း   သိရသည့်အခါ  တစ်ဖန် ဝမ်းသာမိရပြန်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်လုပ်မှုတိုးတက်လာစေရန် အဓိကလိုအပ် ချက်မှာ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သွင်းအားစု နှင့် ဈေးကွက်ရရှိရေးတို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်းပဲတီစိမ်း နှင့်    နွေစပါးစီမံကိန်းများသည်   ယင်းတို့အနက် နည်းပညာ၊ သွင်းအားစုနှင့် ဈေးကွက်ခိုင်မာရေးတို့ကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်းသိရပါသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်
ဆောင်ရွက်သော နွေစပါး၊ ပဲတီစိမ်းစိုက်ပျိုးမှု
နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စီမံကိန်းဆောင်ရွက်မှု ပုံစံမှာ     တောင်သူအစုအဖွဲ့၊   သွင်းအားစုအစုအဖွဲ့၊ ဝယ်ကြိတ်အစုအဖွဲ့များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းစီမံခန့်ခွဲမှု၊ ကြီးကြပ်မှုများကို တိုင်းဒေသ ကြီးအဆင့်၊   မြို့နယ်အဆင့်  လုပ်ငန်းကြီးကြပ်မှု ကော်မတီများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ တစ်ဧကလျှင် ဆောင်းပဲတီစိမ်းအတွက် ငွေကျပ် ၁ ဒသမ ၂ သိန်း၊ နွေ စပါးအတွက် ငွေကျပ် နှစ်သိန်းနှင့်ညီမျှသည့် မြေဩဇာနှင့် ပိုးသတ်ဆေး စသော သွင်းအားစုများကို သွင်းအားစုရောင်းချသူ များ   အစုအဖွဲ့မှ  တောင်သူများထံ ဖြန့်ဖြူးပေးပြီး သီးနှံပေါ်ချိန်တွင်     ဝယ်ယူကြိတ်ခွဲတင်ပို့သူများ အစုအဖွဲ့ထံ  အဆိုပါငွေတန်ဖိုးနှင့်ညီမျှသော သီးနှံ များကို   တောင်သူအစုအဖွဲ့က   ပြန်လည်ပေးဆပ် ရသည့်နည်းလမ်းဖြင့် ဆောင်ရွက်ကြောင်း သိရသည်။ 
ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် တောင်သူ များအနေဖြင့်      သွင်းအားစုများကို   ဈေးနှုန်း သက်သာစွာဖြင့်   ကျေးရွာအရောက်  လွယ်ကူစွာ ရရှိခြင်း၊   တစ်ဧကအထွက်နှုန်းများ ပိုမိုထွက်ရှိ လာခြင်း၊              သီးနှံရိတ်သိမ်းသည့်အချိန်တွင်မှ သွင်းအားစုတန်ဖိုးနှင့်   ညီမျှသော  သီးနှံများကို ဒေသပေါက်ဈေးနှင့်အညီ    ပေးသွင်းရခြင်းဖြစ်၍ တောင်သူများ စီးပွားရေးအရ  တွက်ခြေကိုက်ခြင်း၊ ဝင်ငွေတိုးတက်ရရှိခြင်းတို့အပြင်      တောင်သူ၊ သွင်းအားစု အစုအဖွဲ့နှင့် ဝယ်ယူကြိတ်ခွဲအစုအဖွဲ့များ အပြန်အလှန်      အကျိုးဖြစ်ထွန်း၍    နိုင်ငံ့စီးပွား မြင့်တက်စေခြင်း၊   အတိုးမဲ့ချေးငွေဖြစ်၍  ချေးငွေ အပြည့်အဝရရှိခြင်း၊ အတိုးမဲ့သွင်းအားစုများရရှိခြင်း စသောအကျိုးကျေးဇူးများ    ရရှိသည်ကို  တွေ့ရပါ သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စိုက်ပျိုးမွေးမြူရေး စီမံကိန်းစိစစ်သုံးသပ်ရေးအဖွဲ့မှ    တင်ပြခဲ့သည့် စစ်တမ်းအရ  ဆောင်းပဲတီစိမ်းအတွက်  ငွေကျပ် ၄၀ ဒသမ ၃၀  ဘီလီယံ  ထုတ်ချေးခဲ့ရာ ငွေကျပ် ၄၀ ဒသမ ၆၉၈ ဘီလီယံ ပြန်လည်ရရှိခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက်လည်း ဝန်ဆောင်ခ ၁ ရာခိုင်နှုန်း ကျပ် ၀ ဒသမ ၃၉၈ ဘီလီယံ အကျိုးအမြတ်ပြန်လည် ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန၏ ၂၀၂၃ စိုက်/ ရိတ်/နှုန်း စစ်တမ်းအရ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နွေစပါး စိုက်ပျိုးထုတ်လုပ်မှုတွင် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တစ်ဧကအထွက်နှုန်း ၆ ဒသမ ၅၈ တင်း ပိုမိုထွက်ရှိ လာကြောင်း  သိရှိရသည်။  တိုးတက်မှုပြယုဂ်တချို့ကို တွေ့မြင်ရသည့်အတွက် ယခင်နှစ်တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များအပေါ် အခြေခံ၍ ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်းများရရှိအောင် ဆောင်ရွက်သွားနိုင်မည်ဟုလည်း    ယုံကြည်မိပါ သည်။ ၂၀၂၄ ခုနှစ် စပါးပေါ်ချိန်မှစ၍ ဈေးကောင်း ရတာကို တွေ့ရှိရပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မှလည်း မိုးစပါး၊ နွေစပါးအတွက် သွင်းအားစုများကို ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါသည်။
ကျေးလက်နေပြည်သူများ၏    မိသားစုဝင်ငွေ တိုးပွားရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးတွင် အခြေခံအကျဆုံး အခန်းကဏ္ဍမှပါဝင်သည် ဖြစ်ရာ ရောက်လေရာရာ ကျေးရွာများ၌ စိုက်ပျိုး မွေးမြူရေးဖြစ်ထွန်းမှု၊ ရောင်းဝယ်ဖောက်ကားမှုဈေးကွက်အခြေအနေ၊ စိုက်ပျိုးသီးနှံ စသည်တို့ကို တစေ့တစောင်း  အကဲခတ်ရလေ့လာမိရသည်မှာ အလေ့အကျင့်တစ်ခုလိုပင်   ဖြစ်နေခဲ့ပြီ။  ဘယ်ရွာ ရောက်ရောက် မေးမိမြန်းမိ စူးစမ်းမိမြဲ။ သိရပြီဆို တော့လည်း    တစ်ဆင့်တက်၍  ဝင်ငွေတိုးအောင် ဘယ်လိုပံ့ပိုးပေးနိုင်မလဲ ဆက်စပ်တွေးတောကာ ဈေးကွက်ချိတ်ဆက်ပေးရန် လိုအပ်ပါက ချိတ်ဆက် ပေးနိုင်ဖို့ ကြိုးစားရပြန်သည်။
လေ့လာရင်း စူးစမ်းရင်းမှ သတိထားမိလာသည် က ငွေဖြစ်လွယ်သောသီးနှံ  (Cash  Crop)  များ ဖြစ်သည့် စားဖိုဆောင်သုံးသီးနှံ ဟင်းသီးဟင်းရွက်၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးမှုနှင့် ၎င်းတို့၏ ဈေးကွက် အကြောင်း ဖြစ်သည်။ 
ငွေဖြစ်လွယ်သော သီးနှံ (Cash Crop)
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေး မြို့နယ် ဝဲကြီးကျေးရွာသို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးရန် ကွင်းဆင်းသွားဖြစ်ခိုက် ကျေးရွာရှိ တောင်သူများက ၎င်းတို့စိုက်ပျိုးသည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များကို ရွာတွင်လာကောက် သည့်  ဈေးမှာ  ကျပ်   ၆၀၀  နှုန်း ဖြစ်သော်လည်း ပျဉ်းမနားမြို့နယ်         အာဟာရသုခဈေးတွင် ရောင်းဈေးမှာ ကျပ် ၈၅၀ နှုန်းရှိပါကြောင်း၊ ပျဉ်းမနား မြို့နယ် အာဟာရသုခဈေးတွင် ရောင်းချနိုင်အောင် ချိတ်ဆက်ပေးစေလိုပါကြောင်း     ပြည်ထောင်စု ဝန်ကြီးထံ တင်ပြကြသည်။  ထို့ကြောင့် နေပြည်တော် ကောင်စီနယ်မြေ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့်    ချိတ်ဆက်၍   ပျဉ်းမနားမြို့နယ် အာဟာရသုခဈေးတွင်       ဆိုင်ခန်းနေရာရရှိရေး ညှိနှိုင်းပေးခဲ့ရာ ဈေးတွင်ပျံကျကွက် ၂၀ ရရှိခဲ့ပြီး လယ်ဝေးမြို့နယ် ကျေးရွာ လေးရွာမှ တောင်သူများ ဈေး၌ တိုက်ရိုက်ရောင်းချခွင့်ရရှိခဲ့သည်။ 
ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ကျပ် ၈၅၀  နှုန်းဖြင့် ရောင်းခွင့်ရ၍  ယခင်က  ရွာတွင် ရောင်းချခဲ့ရခြင်း ထက်   ကျပ်   ၂၅၀    အမြတ်ပို၍ရရှိခဲ့ပြီး သယ်ယူ ပို့ဆောင်စရိတ်များ ဖယ်ထုတ်လိုက်လျှင် အသားတင် အမြတ်ငွေကျပ် ၁၅၀ ခန့်ရရှိသည်ကို သိရှိခဲ့ရသည်။ ရောင်းချရန်   အကွက်အကွင်း  ချိတ်ဆက်ပေးနိုင် သဖြင့် ဈေးပိုရလာခြင်းဖြစ်သည်။  
ပန်းဂေါ်ဖီ တစ်ဧကလျှင် စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ မြေဩဇာ၊ ဆေးဖိုး၊ လုပ်အားခနှင့် ထွန်ယက်ခ များအပါအဝင် ငွေကျပ် ၁၅ သိန်းခန့်ရှိပြီး တစ်ဧက လျှင် အပွင့်ရေ ၁၅၀၀၀ ခန့်ရရှိ၍ ရွာတွင် ကျပ် ၆၀၀ နှုန်းဖြင့်   ရောင်းချပါက  ငွေကျပ် သိန်း  ၉၀  ခန့် ရရှိသည်။  စိုက်ပျိုးကုန်ကျစရိတ်များ  ဖယ်ထုတ် လိုက်လျှင်ပင် ငွေကျပ်  ၇၅  သိန်းခန့် အသားတင် အမြတ်ငွေရရှိတာတွေ့ရသည်။ အာဟာရသုခဈေး တွင်    ရောင်းချရသည့်အခါ   တစ်ပွင့်လျှင် ကျပ်  ၈၅၀  နှုန်းဖြင့်    ရောင်းချရသည့်အတွက်  အပွင့်ရေ ၁၅၀၀၀ အတွက် ငွေကျပ် ၁၂၇ ဒသမ ၅ သိန်းခန့် ရရှိပြီး အသားတင်အမြတ်  ငွေကျပ်သိန်း ၁၀၀ ကျော်    ရရှိစေပါသည်။   ဈေးကွက်တည်နေရာ ပြောင်းလဲပေးလိုက်နိုင်ရုံဖြင့် ရရှိသည့်အကျိုးအမြတ် ပမာဏ များစွာကွာခြားသွားသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ 
စာရေးသူ     ရန်ကုန်တိုင်းဒေသကြီး     မှော်ဘီ မြို့နယ်     ထိန်စွန်းကျေးရွာသို့    ကွင်းဆင်းခရီးစဉ် သွားရောက်ခဲ့စဉ်ကလည်း ကျေးရွာတွင် ငွေရလွယ် သော    နှစ်ရှည်ဟင်းသီးဟင်းရွက်နှင့်   ရာသီပေါ် ဟင်းသီဟင်းရွက်များ စိုက်ပျိုးအောင်မြင်နေသည်ကို တွေ့ရှိရပြီး  ကျေးရွာနေမိသားစုများ ဝင်ငွေတိုးပွား လျက်ရှိသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။  
ကျေးရွာတွင်    စိုက်ပျိုးဧကအားဖြင့်  နှစ်စဉ် ဟင်းသီးဟင်းရွက်ဧက ၁၀၀၀ ၊ ရာသီပေါ်သီးနှံဧက ၁၀၀၀ စိုက်ပျိုးကြပြီး အိမ်တစ်အိမ်လျှင် အနည်းဆုံး ဧကဝက်၊ တစ်ဧကနှင့် အများဆုံး နှစ်ဧက ပိုင်ဆိုင် ကြတာ တွေ့ရသည်။ ကျေးရွာသူ ကျေးရွာသားများ က  ၎င်းတို့၏   စိုက်ပျိုးမြေများတွင်  ကင်ပွန်းချဉ်၊ ဆူးပုပ်တို့ကို စိုက်ပျိုးကြတာတွေ့ရပြီး ကင်ပွန်းချဉ် နှင့် ဆူးပုပ်တစ်ဧက စိုက်ပျိုးလျှင် တစ်လအတွင်း ခုနစ်ကြိမ် ခူးဆွတ်ရောင်းချနိုင်ခြင်းကြောင့် အကျိုး အမြတ်အနေဖြင့် တစ်နှစ်လျှင် ကျပ်သိန်း ၅၀ ခန့် ရရှိကြသည်ဟု ဆိုသည်။ ဆွတ်ခူးမည့် လုပ်သား လိုအပ်ချက်ရှိသည်ဖြစ်ရာ   လုပ်သားများအတွက် လည်း လုပ်ခ/ လစာ ဖန်တီးပေးနိုင်သည်ကို တွေ့ရှိ ရပါသည်။
မိုးရာသီတွင်လည်း        ရာသီပေါ်သီးနှံများကို Green  House  စနစ်ဖြင့်  အောင်မြင်စွာ စိုက်ပျိုး နိုင်လျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။ ကျေးရွာ ၏     စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု  အခြေအနေကို စစ်တမ်းကောက်ယူကြည့်ရာတွင် ကျေးရွာအတွင်း အိမ်ခြေ  ၁၂၅၈  ရှိသည့်အနက်   ၅၂၇  အိမ်သည် ဟင်းသီးဟင်းရွက်များကို   ဈေးကွက်သို့  အချိန်မီ တင်ပို့ရောင်းချနိုင်ရန်အတွက်  Light  Truck ကား ၅၈ စီး၊ ဆိုင်ကယ်   ၈၅၅   စီး၊   သုံးဘီးဆိုင်ကယ် ၁၂ စီး၊ ထော်လာဂျီ နှစ်စီး၊    ထွန်စက်  တစ်စီးတို့ကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရပြီး စီးပွားရေးကောင်း သည့်အတွက်   ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လည်း လိုအပ်သည့်နေရာမှ ပူးပေါင်းထည့်ဝင်ပေးနိုင်ကြသည်ကို တွေ့ရှိရသည်။
လေ့လာသုံးသပ်ချက်နှင့် တွေ့ရှိချက်များ
ဝဲကြီးကျေးရွာနှင့် ထိန်စွန်းကျေးရွာတို့ စီးပွား ရေးအခြေအနေ ကောင်းမွန်ရခြင်း၏ အကြောင်း တရားအား သုံးသပ်ကြည့်ရာတွင် ဝဲကြီးကျေးရွာ သည်   စိုက်ပျိုးမြေအနေအထား  ကောင်းမွန်ခြင်း၊ တစ်နှစ်ပတ်လုံးရေရရှိခြင်း၊     ကျေးရွာထုတ်ကုန် သီးနှံဖြစ်သည့်    ပန်းဂေါ်ဖီကို   ဌာနဆိုင်ရာများ အကူအညီဖြင့်  ပျဉ်းမနားမြို့နယ်  အာဟာရသုခ ဈေးသို့  တင်ပို့ရောင်းချနိုင်ခဲ့သဖြင့် အမြတ်ငွေ ပိုမို ရရှိခဲ့ခြင်းကို လေ့လာတွေ့ရှိရသည်။
ထို့အတူ           ထိန်စွန်းကျေးရွာသည်လည်း စိုက်ပျိုးမြေအနေအထား          ကောင်းမွန်ခြင်း၊  တစ်နှစ်ပတ်လုံး  ရေရရှိခြင်း၊  မိုးရာသီတွင် Green House စနစ်ဖြင့် စိုက်ပျိုးနိုင်ခြင်းနှင့်   ကျေးရွာ၏  အဓိကစိုက်ပျိုးထွက်ကုန်          ကင်ပွန်းချဉ်နှင့်  ဆူးပုပ်တို့အတွက် မှော်ဘီမြို့ပေါ်ရှိ ဈေးများနှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဈေးကြီးတို့တွင် ဈေးကွက် ရှိခြင်းနှင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သဖြင့်  ဈေးကွက်တင်ပို့ ရောင်းချရန် အခက်အခဲမရှိခြင်း စသည်တို့ကြောင့် စိုက်ပျိုးဖြစ်ထွန်း   အောင်မြင်နေ ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ 
၎င်းကျေးရွာများကဲ့သို့ စိုက်ပျိုးရေးကို အခြေခံ ပြီး မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်မှု ကို အခြားနီးစပ်ရာကျေးရွာများသို့ နည်းပေးလမ်းပြ ပြုလုပ်နိုင်မည်ဆိုလျှင်၊ စိုက်ပျိုးရေးဆိုင်ရာ အသိ ပညာများ မျှဝေပေးနိုင်ပြီး ဈေးကွက်ဖော်ဆောင်/ ချိတ်ဆက်ပေးနိုင်မည်ဆိုပါလျှင်     မိသားစုဝင်ငွေ တိုးပွားလာသည်နှင့်အမျှ     ပိုမိုကောင်းမွန်သည့် ကျေးရွာနေမိသားစုဘဝများ    ရရှိပိုင်ဆိုင်စေမည် ဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူထုတ်လုပ်သူ    တောင်သူများ ဝင်ငွေတိုးပွားစေရေးဟူသည်    တစ်နည်းဆိုရသော် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဈေးကောင်းရရှိ ရေး၊  ဈေးကွက်သေချာစေရေး၊  အကျိုးအမြတ်ရရှိ စေရေးပင်ဖြစ်ပါသည်။  အဓိကမူ  စီးပွားရေးအရ တွက်ခြေကိုက်ရေးပင်ဖြစ်သည်။ 
မည်သည့်သီးနှံအမျိုးအစား      စိုက်ပျိုးခြင်းက မိမိရေမြေ    ရာသီဥတုနှင့်    လိုက်လျောညီထွေဖြစ် သည်၊ စိုက်ပျိုးစရိတ်/ ထုတ်လုပ်မှုကုန်ကျစရိတ် မည်ရွေ့မည်မျှရှိသည်၊ ရောင်းချပါက မည်ရွေ့မည်မျှ အကျိုးအမြတ် ပြန်လည်ရရှိမည်တို့ကို သိရှိရမည့် အပြင်  ဈေးကွက်အခြေအနေ၊   ဈေးကွက်လိုအပ် ချက်၊ စားသုံးသူတို့၏လိုအင်၊ ဝယ်လိုအား ရောင်းလို အား အခြေအနေတွေကိုလည်း သိရှိထားရန် လိုအပ် ပေသည်။  မည်သည့်သီးနှံပဲစိုက်စိုက်   အမြတ်ရဖို့ အဓိကဖြစ်ပြီး အမြတ်အများဆုံးရအောင် လေ့လာစဉ်းစားဆောင်ရွက်ကြရမှာဖြစ်သည်။ အခြေခံအား ဖြင့် တောင်သူသည် မိမိရေမြေတွင် မည်သည့်သီးနှံ ဖြစ်ထွန်းသည်ကို သိရှိပြီးဖြစ်သည်။ တောင်သူ အတွက် အဓိကလိုအပ်ချက်မှာ မျိုးကောင်းမျိုးသန့်၊ သွင်းအားစု၊  နည်းပညာနဲ့ ဈေးကွက်သေချာမှုရှိရန် တို့ဖြစ်သည်။
မွေးမြူရေးတွင်လည်း   ထိုနည်းလည်းကောင်း ပင် ဖြစ်သည်။ နေ့စဉ်  ပြည်တွင်းစားသုံးမှု အများ ဆုံးဖြစ်သော  ပြည်တွင်း ပြည်ပ ဈေးကွက်ရှိသော အသား၊ ငါးများကို မွေးမြူကြရပြီး မွေးမြူရေးကုန်ကျ စရိတ်နှင့်       ပြန်လည်ရောင်းချရမှုမှာ    တွက်ခြေ ကိုက်ရန် လိုအပ်ပေသည်။ ထိုသို့ တွက်ခြေကိုက်စေ ရန်မှာ      ဈေးကွက်ခိုင်မာအားကောင်းမှုရှိရန်နှင့် ဈေးကွက်ချိတ်ဆက်နိုင်မှုသည်   အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အရင်းအမြတ်တွက်ခြေ ကိုက်ရန်နှင့် အမြတ်များများရရှိစေရန် ချင့်တွက် ရသည့်အခါ        လုပ်ငန်းကွင်းဆက်တစ်ခုလုံးကို သေချာစွာ စေ့စေ့စပ်စပ်  ခြုံငုံသုံးသပ်ကြည့်ရန် လိုအပ်ပါသည်။
စိုက်ပျိုးမွေးမြူသည့်အဆင့်မှ စားသုံးသူများထံ ရောက်ရှိသည်အထိ      လုပ်ငန်းစဉ်များစွာရှိပြီး ရင်းနှီးမြှုပ်နှံမှုပုံစံများလည်း မတူကွဲပြားသည်ဖြစ်ရာ ဆုံးရှုံးနိုင်ခြေ Risk များမှာလည်း မတူညီကြသည် ကို လေ့လာတွေ့ရှိရပါသည်။ ပထမဦးစွာ လုပ်ငန်းစဉ် အဆင့်များအား အကြမ်းဖျင်းလေ့လာကြည့်ရာတွင် လုပ်ငန်းအဆင့်အလိုက် ပါဝင်လုပ်ကိုင်သူများမှာ-
(က)    စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူ များ၊ လုပ်ငန်းရှင်များ၊
( ခ )    သိုလှောင်သူ၊ အဝယ်ဒိုင်များ၊
( ဂ )    စည်ပင်သာယာဈေးများ၊ ရပ်ကွက်တွင်း ဈေးများ၊
(ဃ)    စားသုံးသူများ စသည်ဖြင့် တွေ့ရှိရသည်။
တစ်ဖန် ကုန်ကျစရိတ်ပိုင်းကို ကြည့်ပြန်လျှင် လည်း စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတွင် မျိုး၊ အစာနှင့် စောင့်ရှောက်မှု စသည်တို့အတွက် အရင်း အနှီး  ကုန်ကျစရိတ်များရှိပြီး  ရာသီဥတုဒဏ်နှင့် ပိုးမွှားကူးစက်မှုဒဏ်၊        ကူးစက်ပြန့်ပွားရောဂါ အန္တရာယ်ဒဏ် စသည့်မမျှော်မှန်းနိုင်သော ဆုံးရှုံး နိုင်ခြေ   (Risk)များကလည်း   ရှိနေပြန်ပါသည်။ သို့ဖြစ်ရာ အရင်းကျေ/ မကျေ၊ အမြတ် ကျန်/ မကျန် ဆိုသည်က    ပုံသေကားချ  မပြောနိုင်သည့်အရာ ဖြစ်ချေသည်။
အဝယ်ဒိုင်များ၊ သိုလှောင်ဖြန့်ဖြူးသူများအနေဖြင့်မူ ဝယ်ရင်းဈေးအပေါ် သယ်ယူစရိတ် ထပ်ပေါင်း ထားရှိသည့်   ရင်းနှီးငွေအပေါ်တွင်  အမြတ်တင်၍ ပြန်လည်ရောင်းချခြင်းဖြစ်ရာ ဆုံးရှုံးနိုင်ခြေမရှိဘဲ အမြတ်ရရန်  သေချာမှုရှိသည်ကို  တွေ့ရှိရသည်။ စည်ပင်သာယာရေးကော်မတီများကလည်း စည်ပင် သာယာရေးဈေးများတွင် ရောင်းချရန် လိုင်စင်စီခေါ် လုပ်ငန်းရှင်များကို လေလံခေါ်ပြီး သားသတ်လိုင်စင်၊ ဆိုင်ခန်းနေရာ စသည်များကို လေလံယှဉ်ပြိုင်စနစ် ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရငွေများကို နိုင်ငံတော် သို့ပေးသွင်းကာ မြို့ပြဖွံ့ဖြိုးရေးအတွက် ပြန်လည် အသုံးပြုခြင်းဖြစ်၍ Risk မရှိပေ။ စားသုံးသူများကမူ စည်ပင်သာယာဈေးများ၊ ရပ်ကွက်တွင်းမှ အိမ်ဆိုင် များ၊ Shopping Centerများမှ ဝယ်ယူစားသုံးရခြင်း ဖြစ်၍   အဆင့်ဆင့်ကုန်ကျစရိတ်များ  ထပ်ပေါင်း ထားရှိသော၊ စားသုံးသူများ ဝယ်ယူစားသုံးရသော ဈေးနှုန်းသည်     နောက်ဆုံးရောင်းဈေးဖြစ်တော့ သည်။ နောက်ဆုံးဈေးကြီးမိတာက စားသုံးသူများ ပင် ဖြစ်သည်။
ထုတ်လုပ်သူများထံမှ ပွဲစားလုပ်ငန်းရှင်ကြီးများ၊ လိုင်စင်ရသူများမှ   တစ်ဆင့်ခံဝယ်ယူ၍   သယ်ယူ ပို့ဆောင်စရိတ်၊ လိုင်စင်ဈေးအရ ပေးဆောင်ရမည့် အခွန်အခနှင့် အမြတ်ထည့်တွက်ပြီး အမြတ်ကျန် အောင်       ထပ်ဆင့်တင်ရောင်းကြခြင်းဖြစ်သည်။ လိုင်စင်စီကိုယ်တိုင် ရောင်းလေ့ရှိသကဲ့သို့ ဆိုင်ခန်း/ ဆိုင်ခုံနေရာရသူ            ရောင်းခွင့်ရှိသူကတစ်ဆင့် ရောင်းသည်လည်းရှိသည်။ အဆင့်ဆင့် အမြတ်တင် ၍ ရောင်းချခြင်းဖြစ်ရာ အမှန်ထုတ်လုပ်မှုကုန်ကျ စရိတ်၏ နှစ်ဆကျော်ဖြင့် စားသုံးသူများက ဝယ်ယူ စားသုံးရလျက်ရှိသည်ကို တွေ့ရှိရသည်။ တစ်ဖက် တွင်လည်း ကာလ၊ ဒေသကိုလိုက်၍လည်းကောင်း၊ ဝယ်လိုအား၊    ရောင်းလိုအား  အခြေအနေအရ ဈေးနှုန်းထပ်တိုးကြီးမြင့်တတ်သည်က ရှိပြန်သည်။
ဝယ်လိုအားနှင့် ရောင်းလိုအား 
(Supply & Demand) 
စားသုံးသူ၏ဝယ်လိုအားနှင့်   ထုတ်လုပ်နိုင်မှု မျှခြေမှာရှိလျှင်     ပိုကောင်းပြီး   ထုတ်လုပ်မှုကို ပိုထုတ်လုပ်နိုင်လျှင်     “အမြတ်နည်းနည်းဖြင့် များများရောင်း”သည့်စနစ်ကို    ကျင့်သုံးနိုင်မည် ဖြစ်ပြီး ရောင်းသူဝယ်သူ နှစ်ဦးလုံးအတွက် အကျိုး ရှိစေမည်ဖြစ်ပါသည်။ အခြေခံစားသုံးသူ ပြည်သူများ အဆင်ပြေနိုင်မည်ဖြစ်သည်။ 
သို့တည်းမဟုတ် ထုတ်လုပ်မှုစရိတ် လျှော့ချနိုင် လျှင်လည်း အမြတ်များများကျန်နိုင်သလို ကြားခံ အဆင့်နည်းနည်းဖြင့် စားသုံးသူများထံအရောက်ရောင်းချနိုင်လျှင် ဈေးနှုန်းသက်သာမည်ဖြစ်သည်။ Supply များများထုတ်လုပ်နိုင်လျှင် ဈေးကျရမည် ဖြစ်သော်လည်း ဈေးမကျသည်များ ရှိတတ်ပြန်ပါ သည်။    အကြောင်းရင်းမှာ  အစာဈေးကြီးခြင်း၊ မျိုးဈေးကြီးခြင်း၊ အများစုကို နိုင်ငံခြားက တင်သွင်း ရခြင်း စသည်တို့ကြောင့်ဖြစ်သည်ကို လေ့လာတွေ့ရှိ ရပါသည်။   ထို့ကြောင့်  မျိုးကောင်းမျိုးသန့်များ ပြည်တွင်းတွင်     ထုတ်လုပ်လာနိုင်အောင်၊  မျိုး အပါအဝင် သွင်းအားစုများ၊ မွေးမြူရေးအစာများကို ပြည်ပကမတင်သွင်းရဘဲ ပြည်တွင်းတွင် ထုတ်လုပ် နိုင်အောင် စီမံဆောင်ရွက်သင့်ပါသည်။
တစ်ဖက်တွင်လည်း    စားနပ်ရိက္ခာဖူလုံရေး (Food Security)နှင့် အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေရေး(Food Safety)အတွက် ကောင်းမွန်သောစိုက်ပျိုးရေးကျင့်စဉ်၊ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များ လိုက်နာကျင့်သုံးမှုရှိစေရန်နှင့် ပြည်သူ့ ကျန်းမာရေးအတွက်       ထုတ်လုပ်မှုအဆင့်ဆင့်၌ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်    ထည့်သွင်း စဉ်းစားကြရမည်ဖြစ်သည်။    သို့ဖြစ်၍    အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စည်ပင်သာယာရေးအဖွဲ့ဥပဒေများဖြင့် လိုင်စင်ချ ထားပေးရာတွင် ရန်ပုံငွေရှုထောင့်တစ်ခုတည်းမှ မဟုတ်ဘဲ ကျန်းမာရေးနှင့်ညီညွတ်သော၊ ဘေးဥပဒ် ကင်းသော ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်များဖြစ်စေရေး၊   အာမခံချက် ရှိစေရေး စသည့်အခြားရှုထောင့်များကိုပါ သုံးသပ်၍ ဥပဒေနှင့်အညီ ထိန်းကျောင်းပေးရန် လိုအပ်ခြင်း ကြောင့် လိုင်စင်စီကဲ့သို့ တစ်ဆင့်ခံရောင်းချမှုများ ထားရှိရခြင်းဖြစ်သည်။
အစာဈေးနှင့် အစာထုတ်လုပ်မှု 
တိရစ္ဆာန်အစာများဟာ စိုက်ပျိုးရေးထွက်ကုန် များဖြစ်သော ဆန်စပါး၊ ပဲ၊ ပြောင်း၊ ပဲပိစပ် စသည် တို့၏    ဘေးထွက်ပစ္စည်းများမှ  ထုတ်လုပ်ခြင်း ဖြစ်သည်။ သို့သော် မျိုးမြှင့်တိရစ္ဆာန်များအတွက် အစာများကို      ပြည်ပမှ    တင်သွင်းရခြင်းဖြစ်၍ နိုင်ငံခြားငွေသုံးစွဲရလျက်ရှိသည်ကို    တွေ့ရသည်။ ထို့ကြောင့် စိုက်ပျိုးရေးထွက်ကုန်များ၏ ဘေးထွက် ပစ္စည်းများနှင့် ထုတ်လုပ်ရသည့် တိရစ္ဆာန်မွေးမြူရေး အစာများကို ကိုယ့်နိုင်ငံအတွင်းမှာ ထုတ်လုပ်လာ နိုင်အောင် ဆောင်ရွက်မည်ဆိုပါက အသားငါးမွေးမြူ ထုတ်လုပ်မှုတွင်   အစာအတွက်   ကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံခြားငွေလိုအပ်မှု လည်း သက်သာ၊ အကျိုးအမြတ်လည်းများစေမည် ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ  ကို ပြည်တွင်း၌  ဖူလုံရုံသာမက  ပြည်ပထိပါ တင်ပို့ နိုင်မည်ဆိုပါက   နိုင်ငံခြားငွေ  ရရှိစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြု စေမည်ဖြစ်ပါသည်။   ထို့အတွက်  ပြည်ပဈေးကွက် ရရှိရန် အရေးကြီးသည့်အပြင် ပြည်ပဈေးကွက်တွင် ရောင်းတန်းဝင်သည့် အရည်အသွေးမျိုးဖြင့် စိုက်ပျိုး မွေးမြူထုတ်လုပ်နိုင်ရန်လည်း       လိုအပ်ပါသည်။ လိုအပ်သည့် အရင်းအနှီးသွင်းအားစုများ ပံ့ပိုးပေးရန် လည်း လိုအပ်ပေမည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေ ဖြင့်     ခေတ်မီစံပြကျေးရွာများ   ထူထောင်ခြင်း၊ မိသားစုဝင်ငွေတိုးပွားစေရန်  စိုက်ပျိုးရေး၊  မွေးမြူ ရေးလုပ်ငန်း    ဆောင်ရွက်ရာတွင်   အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ကူညီပံ့ပိုးခြင်း စသည်တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့်   ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ စိုက်ပျိုးမြေမရှိသူ          လက်လုပ်လက်စားများ အဆင်ပြေစေရန်  တစ်ပိုင်တစ်နိုင်  မွေးမြူရေးကို ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်း (Rural   Business  Fund) စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့မှ ချေးငွေထုတ်ပေး ပြီး ကူညီပံ့ပိုးပေးလျက်ရှိသည်။
သက်ဆိုင်ရာဌာနများ၏        ပံ့ပိုးမှုရရှိခြင်းနှင့် မရရှိခြင်းသည်    အကျိုးအမြတ်ရရှိမှုနှင့်  မည်မျှ ဆက်နွှယ်မှု ရှိသနည်းဆိုလျှင် ဝက်နှင့်ဆိတ် မွေးမြူ သူများ အရှုံးပေါ်ပြီး စိုက်ပျိုးလုပ်ကိုင်သူများ အမြတ် များများရခဲ့သည့်ဖြစ်စဉ်များအပေါ် သုံးသပ်သိရှိနိုင် ပါသည်။ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပေးနိုင် သည့်အတွက် ဝက်နှင့် ဆိတ်မွေးမြူသူများ အရှုံးပေါ် မည့်အခြေအနေမှ အရင်းကျေသည့် အခြေအနေသို့ ရောက်ရှိခဲ့ရသကဲ့သို့  ဈေးကွက်ချိတ်ဆက်ပေးနိုင်ခဲ့သည့်အတွက်     သီးနှံစိုက်ပျိုးသူတောင်သူများ အမြတ်ပိုမိုရရှိခဲ့သည်ကို တွေ့ရသည်။
စိုက်ပျိုးမွေးမြူထုတ်လုပ်သည့် တောင်သူများ၏ ထုတ်ကုန်များ ဈေးနှိမ်ရောင်းချခံရခြင်းမှ ကင်းဝေး ပြီး   ဈေးကောင်းရရှိစေရန်၊  ဈေးကွက်သေချာမှု ရှိစေရန်၊ အရှုံးမရှိစေရန်၊ အမြတ်များများရရှိစေရန် အတွက်   လိုအပ်သည့်  အသိပညာများပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်း၊    အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊   အတားအဆီးများကို  ပေါင်းစပ် ဖြေရှင်းပေးခြင်း၊    နည်းပညာများ   ပံ့ပိုးပေးခြင်း စသည်တို့ကို အစိုးရဌာနဆိုင်ရာများ၊ လုပ်ငန်းရှင် ကြီးများက ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ တစ်ဝန်းရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်သည့် တောင်သူ များ ဝင်ငွေတိုးပွားစေရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးရေးကိုလည်း   တစ်ဖက်တစ်လမ်းမှ    အထောက်အကူ ပြုစေမည်ဖြစ်ပါကြောင်း        အကြံပြုတင်ပြလိုက်ရ ပါသည်။         ။