
နေပြည်တော် ဖေဖော်ဝါရီ ၈
စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်မှုလုပ်ငန်း စာရင်းပြုစုရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် စက်မှု ဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၏ မူရင်းထုတ်ကုန်အမယ် များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များအလိုက် ဆောင်ရွက် သင့်သော စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမယ် ၆၁၂ မျိုး၏ စာရင်းကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှန်တကယ်မူလအခြေခံရှိပြီး ဈေးကွက် ရရှိထားသော ဒေသထုတ်ကုန်များကို ဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ MSME များအနေဖြင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ် (Work Plan)၊ ပြီးစီးအောင် ဆောင်ရွက်မည့်ကာလ (Time Line)တို့ကို စနစ်တကျ ပြုစုရေးဆွဲပြီး နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက် အထောက်အကူပြုနိုင်သော အလား အလာရှိသည့် အမှန်တကယ် အလုပ်လုပ်ကိုင်သော လုပ်ငန်းများကိုသာ ရွေးချယ်၍ ချေးငွေထုတ်ပေးပြီး တွန်းအားပေးဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီပေးရ မည်ဖြစ်ကြောင်း၊ ထို့ပြင် အမှန်တကယ် ဆောင်ရွက် ခြင်း ရှိ/မရှိ ကိုလည်း ပြန်လည်သုံးသပ်စစ်ဆေးရန် လိုကြောင်း၊ စိုက်ပျိုးရေနှင့် မြေရရှိရေး၊ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိရေးတို့အပေါ် ကူညီ ဆောင်ရွက်နိုင်ရန် တင်ပြသော်လည်း ချက်ချင်း လက်ငင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ ရွေးချယ်ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က One Reign One Product အနေဖြင့် ဒေသတစ်ခုမှ သည် တစ်နိုင်ငံလုံး လွှမ်းခြုံပြီး ပြည်ပသို့ တင်ပို့နိုင် သည်အထိ အလားအလာရှိသည့် MSME ထုတ်ကုန် ပစ္စည်းများကို ရွေးချယ်သင့်ကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပြည်ပပို့ကုန်များအဖြစ် သစ်၊ ဝါးအခြေခံလုပ်ငန်း များ၊ သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ၊ ကြိမ်အချောထည်ပစ္စည်းများ၊ ဆားလုပ်ငန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်ရန် လိုကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် One Reign One Product ထုတ်ကုန်များကို ပြည်တွင်းစားသုံးမှုဖူလုံ ပြီး ပြည်ပသို့ ထုတ်လုပ်တင်ပို့နိုင်မည့် ထုတ်ကုန် အမယ်သစ်များ ဖြစ်သင့်ကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများတွင် “မြန်မာပြည်တွင် ထုတ်လုပ် သည်” (Made in Myanmar) တံဆိပ်ကပ်နှိပ်နိုင်သည့် ထုတ်ကုန်အမယ်များကို ဦးစားပေးသင့်ကြောင်း၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် လိုအပ် သော နည်းပညာ၊ သယ်ယူပို့ဆောင်မှု၊ ရောင်းချ ဖြန့်ဖြူးမှု၊ ပြည်ပသို့တင်ပို့မှုနှင့်ပတ်သက်၍ ချမှတ် ထားသည့် မူဝါဒ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရာ တွင် ကြန့်ကြာမှုမရှိစေရေး ဆက်စပ်ဝန်ကြီးဌာန များအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး မှသာ MSME လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ယခုပြုစုထားရှိသော စာရင်းများသည် ဝန်ကြီးဌာနများမှ အဆိုပြုထားသည့် သဘောထား မှတ်ချက်များနှင့် အသုံးအနှုန်းများဖြင့် သော်လည်း ကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီ များ၏ သဘောထားမှတ်ချက်များနှင့် စာရင်းဇယား အချက်အလက်များပေါ်တွင် မူတည်ပြီး မူလက ပြုစုထားသည့် ထုတ်ကုန်အမယ် ၂၂၂ မျိုးအား ဖြည့်စွက်၍ ထုတ်ကုန်အမယ် ၆၁၂ မျိုးကို ပြန်လည် ပြုစုတင်ပြခြင်းဖြစ်ကြောင်း၊ ဆန်မှ ထုတ်လုပ်သည့် မူရင်းထွက်ကုန် ဆန်၊ စပါး၊ ဖွဲနု သုံးမျိုးတွင် အဆင့်(၁)တန်ဖိုးမြှင့်ထုတ်ကုန် ပေါင်းဆန်၊ မုန့်မျိုးစုံ၊ ကြာဆံ၊ မုန့်တီ/မုန့်ဖတ်၊ ခေါက်ဆွဲ၊ အရက်၊ မြူစွမ်နှင့် ဆန်မှုန့်ဟူ၍ ရှစ်မျိုး၊ အဆင့်(၂)တန်ဖိုးမြှင့် ထုတ်ကုန် အာဟာရဖြည့် ဆန်/ဆီးချိုဆန်၊ အသင့်စားဆန်ပြုတ်၊ မုန့်တီ/ မုန့်ဖတ်ခြောက်၊ တိရစ္ဆာန်အစာ၊ ဆန်လှော် မှုန့်နှင့် ခေါက်ဆွဲခြောက်ဟူ၍ ခြောက်မျိုး ဖြည့်စွက်၍ ပြုစုထားကြောင်း၊ ကောက်ညှင်းအခြေခံသော စားသောက်ကုန်တွင် အဆင့်(၁) တန်ဖိုးမြှင့် ထုတ်ကုန် မုန့်မျိုးစုံ၊ ကောက်ညှင်းအရက်၊ အဆင့်(၂) တန်ဖိုးမြှင့် ထုတ်ကုန် ကောက်ညှင်းခြောက်နှင့် ကောက်ညှင်းမှုန့် ဟူ၍ ထပ်မံဖြည့်စွက်ထားကြောင်း၊ အသားနှင့် ပတ်သက်၍ မူရင်းတိရစ္ဆာန်အမျိုးအစားတွင် နွားနောက်အား ထပ်မံဖြည့်စွက်ထားပြီး တန်ဖိုးမြှင့် ထုတ်ကုန် အဆင့်(၁)အနေဖြင့် အသားခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်၊ အဆင့်(၂)တွင် အေးခဲအသား၊ စည်သွတ်ဘူး၊ အသားမွှကြော်၊ အသင့်စားအသားကြော်များ၊ မူရင်းထုတ်ကုန် သားရေကို တန်ဖိုးမြှင့်ထုတ်ကုန် အဆင့်(၁) ဖိနပ်/အသုံးအဆောင်ဟူ၍ ထပ်မံ ဖြည့်စွက်ထားကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင် များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးနေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်