
ငဖဲ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး ငဖဲမြို့မရပ်ကွက် ချင်းစုရပ်မှတောင်သူများ အနေဖြင့် လယ်မြေများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့် မန်းချောင်းရေတို့ကို အသုံးပြု၍ ဟင်းသီးဟင်းရွက်နှင့် ပန်ဖူးစားပြောင်းများကို စိုက်ပျိုးရောင်းချပြီး မိသားစုပုံမှန်ဝင်ငွေရရှိ သော်လည်း ယခုနှစ်တွင် စိုက်ပျိုးစရိတ်များကြီးမြင့်၍ အမြတ်အစွန်း အနည်းငယ်သာကျန်ရှိကြောင်း ပြောင်းစိုက်တောင်သူအချို့ထံမှ သိရ သည်။
“ ယခု စိုက်ပျိုးတဲ့ပြောင်းမျိုးက ဖန်စီချိတ်ကြီး၊ ပါဖယ်ဝိုက်၊ နှင်းဆီဖြူ မျိုးများဖြစ်ပြီး ပြောင်းဖူးစေ့ ၅၀၀ ဂရမ် တစ်ထုပ်ကို ငွေကျပ် ၂၇၀၀၀ ပေးရတယ်။ ကိုင်းမြေ တစ်ဧကခွဲမှာ ပြောင်းမျိုးသုံးမျိုးကို အပင်ပေါင်း နှစ်သောင်းကျော် စိုက်ပျိုးထားပါတယ်။ လယ်မြေမှာတော့ ဝမ်းစာအတွက် မိုးစပါးကို တစ်ကြိမ်သာစိုက်ပျိုးပြီး ငရုတ်၊ ခရမ်းချဉ်၊ သခွားနဲ့ တိုင်ထောင်ပဲများကိုလည်း ရာသီအလိုက်စိုက်ပျိုးရောင်းချ ပါတယ်။ ယခုနှစ်မှာ မျိုးစေ့ဖိုး၊ ဓာတ်မြေသြဇာ၊ မြေအောက်ရေတင်ရတဲ့ အတွက် ဆီဖိုးစတဲ့ စိုက်ပျိုးစရိတ်တွေ မြင့်တက်လာလို့ အရင်းများပြီး အမြတ်အစွန်းအနည်းငယ်သာ ကျန်ပါတယ်” ဟု ချင်းစုရပ်ကွက်မှ ပန်ဖူးစားပြောင်းစိုက်ပျိုးသော တောင်သူဦးထွန်းထွန်းလေးက ပြော သည်။
ငဖဲမြို့နယ်တွင် ပန်ဖူးစားပြောင်းများကို မြို့မရပ်ကွက်၊ ချောင်းဖြူ၊ နယ်ဇော၊ အိုးမြေတွင်း၊ ဇီးတော၊ ပေါင်းကလေး၊ ပန်းထိန်း၊ ဆင်ချည်တိုင် စသည့်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြ၍ တစ်မြို့နယ်လုံး အနေဖြင့် ပန်ဖူးစားပြောင်းစိုက်ဧက ၇၀ ကျော်ရှိကြောင်း သိရသည်။
မယု(ငဖဲ)