
ရန်ကုန် ဇန်နဝါရီ ၂၅
စိတ်ကျန်းမာရေး အနည်းငယ် ချို့ယွင်းသည့် မိခင်မှမွေးဖွားပြီး ဆေးရုံတွင် စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ်ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံမှ အထူးဂရုစိုက် ပြုစုကုသပေးထားကာ သက်ဆိုင် သူများ မဆက်သွယ်သေးကြောင်း အဆိုပါ ပြည်သူ့ဆေးရုံက အသိ ပေးထား သည်။
ကျိုက်ထိုမြို့နယ် ဆေးရုံတွင် ယခုနှစ် ဇန်နဝါရီ ၉ ရက်က စိတ်ကျန်းမာရေး အနည်းငယ် ချွို့ယွင်းနေသည့် လက္ခဏာ တွေ့ရသော ကိုယ်ဝန်ဆောင်အမျိုး သမီးက သမီးလေးတစ်ယောက် မွေးဖွားခဲ့ပြီး ပေါင်မြို့နယ် ကတိုက်ကျေးရွာက အမျိုးများကို သွားခေါ်မည်ဟုဆို၍ ကလေးငယ် ကိုထားပြီး ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မိခင်စွန့်ပစ်မှု ခံထားရတဲ့ ဘေဘီဆွေငြိမ်းလေးဟာ အခု ဆိုလျှင် ၁၄ ရက်သား ရှိလာပါပြီ။ မြိုနယ်ဆေးရုံမှ အထူးဂရုစိုက် ပြုစုကုသပေးမှုကြောင့် လမစေ့ ပေါင်မပြည့်တဲ့ ဘေဘီလေးဟာ အခုဆိုရင် ကျန်းမာရေးအထူး ကောင်းမွန်လာပါပြီ။ မြင်သမျှ လူတွေကို ပြုံးပြတတ်လာပြီ။ မိဘ ဆွေမျိုးများကတော့ ယနေ့ထိ လာရောက်ဆက်သွယ်မှု မရှိသေး ပါဘူး” ဟု ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဇန်နဝါရီ ၂၃ ရက်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေး ထားသည်။
အထက်ပါ ကလေးငယ်၏ မိခင်မှာ ကျိုက်ထိုမြို့ ရွှေဟင်္သာ ဟိုတယ်ရှေ့လမ်းမပေါ်တွင် လဲကျ နေသည်ကို တွေ့ရှိရ၍ မြို့ခံ ပရဟိတမှကူညီ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကာ ဆေးရုံ ရောက်ရှိချိန်တွင် အမည်စာရင်း ကို ဒေါ်ဆွေငြိမ်းဟု ပေးထားပြီး အသက်က (၂၉)နှစ်၊ ခင်ပွန်းမရှိ တော့ဟုဆိုကြောင်းနှင့် ပဲခူးတိုင်း ကညွတ်ကွင်းမြို့မှ နေရပ်စွန့်ခွာ လာသူတစ်ဦးဟု ပြောပြချက်အရ သိထားရပြီး မှတ်ပုံတင်မပါလာ ကြောင်းလည်း သိရသည်။
ယင်းအမျိုးသမီးမှ မွေးဖွား လာသည့် ကလေးငယ်သမီးလေး မှာ ကိုယ်အလေးချိန် မပြည့်ဘဲ မွေးဖွားလာ၍ မြို့နယ်ဆေးရုံတွင် ဆေးကုသမှုပေးနေရဆဲ အခြေ အနေဖြစ်ပြီး မြို့နယ်ဆေးရုံမှ အထူးဂရုစိုက် ပြုစုကုသပေးမှု ကြောင့် ယခုအချိန်တွင် ကျန်းမာ ရေး အထူးကောင်းမွန်လာပြီဖြစ် ကြောင်း အဆိုပါဆေးရုံမှ အသိ ပေးထားသည်။
ကလေးငယ် ကျန်းမာရေး စိတ်ချရသည့်နေ့ရောက်လျှင် မိဘ ဆွေမျိုးများ လာရောက်မဆက် သွယ်ပါက သက်ဆိုင်ရာဌာနနှင့်ညှိနှိုင်းပြီး ကလေးငယ်အနာဂတ် ကောင်းမွန် ရေး စနစ်တကျဆောင် ရွက်ပေးသွားရန်ရှိကြောင်း အသိ ပေးထားသည်။ အလှူရှင်များ၏ကလေးငယ်နို့ဖိုးအတွက် အလှူ ငွေကိုလည်း စနစ်တကျသိမ်းဆည်း ပေးထားကြောင်း ယင်းဆေးရုံမှ သိရသည်။
MT
ဓာတ်ပုံ - ကျိုက်ထိုမြို့နယ်
ပြည်သူ့ဆေးရုံ