
နေပြည်တော် ဇန်နဝါရီ ၃၁
စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော် တတိယနေ့ကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများရှိ ဝန်ထမ်းများ နှင့် မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်ပါဝင်ဆင်နွှဲကြသည်။
လေ့လာကြည့်ရှုသူများဖြင့်စည်ကား
ယနေ့သည် ပြပွဲနောက်ဆုံးနေ့ဖြစ်သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီး ဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများဖြစ်သော စာအုပ် စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိပြခန်း၊ သမိုင်းဝင်စာချုပ်၊ စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများပြခန်း၊ ရေကြောင်းပညာရပ် ဆိုင်ရာ အသိပညာပေးပြခန်း၊ လေကြောင်းပညာရပ် ဆိုင်ရာပြခန်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာအသိပညာ ပေးပြခန်း၊ ပန်းချီ၊ အနုပညာပြခန်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါဆိုင်ရာအသိပညာပေးပြခန်းနှင့် အားကစား လှုပ်ရှားဆောင်ရွက်မှုပြခန်းတို့တွင် စိတ်အား ထက်သန်စွာ လေ့လာကြည့်ရှုသူများဖြင့် စည်ကား လျက်ရှိသည်။
ပြပွဲ ရှေ့မျက်နှာစာတွင်လည်း ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် ဉာဏ်လင်းထက် ဆင်အဖွဲ့၏ ဆင်သီချင်းအက၊ ခေတ်ပေါ်သီချင်း အကနှင့် လှေကား၊ ပီပါ ၊ ကုန်းပေါင်များပေါ်တက်၍ စွမ်းရည်ထုတ်ဖော်ပြသသည့် ပြကွက်များကို အထူး အစီအစဉ်များအနေဖြင့် တင်ဆက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ အထူး စိတ်ဝင်စားစွာ အားပေးနေသည်ကိုလည်း တွေ့မြင် ရသည်။
ထို့ပြင် ပြည်သူများ သမိုင်းတန်ဖိုးများကို သိရှိ နားလည်စေရန် စေတနာဖြင့် အမျိုးသားမှတ်တမ်း များမော်ကွန်းတိုက် ဦးစီးဌာနပြခန်းအတွင်း စစ်သူကြီး မဟာဗန္ဓုလမှ မဏိပူရမင်းသားထံပေးသည့် ပေစာ၊ လွတ်လပ်ရေးကြေညာစာတမ်း၊ ပင်လုံစာချုပ်၊ ရန္တပိုစာချုပ်၊ အောင်ဆန်း - အက်တလီစာချုပ်၊ နု - အက်တလီ စာချုပ်များနှင့် အခြားသမိုင်းရေးရာ တန်ဖိုးရှိသော မှတ်တမ်းများနှင့် မော်ကွန်းများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ စိတ်ပါဝင်စားစွာ လေ့လာကြကာ သမိုင်း တန်ဖိုးကို သိမြင်ပြီး ထိန်းသိမ်းလိုစိတ်ရှိကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်ရသည်။
လူငယ်များ အထူးအလေးထားလေ့လာ
မြန်မာနိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ချက်ဖြင့် အားကစားလှုပ်ရှား ဆောင်ရွက်မှုပြခန်းကိုလည်း ဖွင့်လှစ်ပြသထားပြီး စိတ်ဓာတ်မြှင့်တင်ရေးပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အားကစား လှုပ်ရှားမှုဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်းပြခန်း၊ မြန်မာ့အားကစားသမားများ မော်ကွန်းခန်းမနှင့် လက်ရှိအစိုးရလက်ထက် အားကစားလှုပ်ရှားမှု ဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်းများကိုလည်း စုံစုံလင်လင်ပြသပေးထားမှုအပေါ် လူငယ်များ အထူးအလေးထားလေ့လာကြရာ နိုင်ငံအတွက် အားတစ်ခုပင်ဖြစ်သည်။
စာပေဗိမာန်စာအုပ်အရောင်းဆိုင်နှင့် ပြင်ပ ပုဂ္ဂလိက စာအုပ်ဆိုင်များအနေဖြင့်လည်း ပြည်သူ များ စာပေဖတ်ရှုမှုမှတစ်ဆင့် အသိအမြင် ဗဟုသုတ များစွာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာပေဆုရ စာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေး စာအုပ်များ၊ ကျန်းမာရေးကဏ္ဍစာအုပ်များ၊ ပညာရပ် ဆိုင်ရာစာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ အနုပညာ စာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲမှုစာအုပ်များနှင့် သမိုင်းစာအုပ် များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး လျက်ရှိရာ စာပေချစ်သူများဖြင့် စည်ကားလျက် ရှိသည်။
စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြ
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အနေနှင့်လည်း ပွဲတော်လာပြည်သူများ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမှ ကာကွယ်တားဆီးနိုင်ရန်အတွက် Mask နှင့် Face Shield များဖြန့်ဝေခြင်း၊ အသိပညာ ပေးစာစောင်များ လက်ကမ်းဝေငှခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ပြောကြားခြင်းကို ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များသည်လည်း ကျန်းမာ ရေးဝန်ကြီးဌာန၏ ပြခန်းအတွင်း ပြသထားသည့် ကျန်းမာရေးဆိုင်ရာ ပြကွက်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။
အလားတူ သိပ္ပံနှင့် နည်းပညာပြခန်း၊ လေကြောင်း ပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်း ပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းတို့တွင် နည်းပညာရပ်ဆိုင်ရာများ လေ့လာနိုင်မည့်အပြင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ ကိုယ်တိုင် အဆင့်မြင့်တိုက်လေယာဉ်၊ ရဟတ်ယာဉ် များ၊ သင်္ဘောများကို စမ်းသပ်မောင်းနှင်နိုင်မည့် simulator များ ထားရှိပေးထားသည့် အစီအစဉ်နှင့် လေကြောင်းပညာရပ်ကို စိတ်ဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအတွက် လေယာဉ်ငယ်ပျံသန်းခြင်း သရုပ်ပြကွင်းကို ထားရှိ ပေးထားပြီး လေယာဉ်ပျံသန်းပုံ အဆင့်ဆင့်ကို သရုပ်ပြပျံသန်းသည့် အစီအစဉ်တို့တွင်လည်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
နေပြည်တော် ရဲတပ်ဖွဲ့အနေဖြင့်လည်း မှုခင်း ပညာပေးပြခန်းယာဉ်ကို ထားရှိ၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှု မှတ်တမ်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်းများ၊ နေပြည်တော် ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်းများနှင့် ယာဉ် အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းကို လိုက်နာကြပါစို့ ခေါင်းစဉ်ဖြင့် အသိပညာပေးမှတ်တမ်းများကိုလည်း ပြသထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ စိတ်ပါ ဝင်စားစွာဖြင့် လေ့လာကြသည်။
ထို့ပြင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ရုံ၌ (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိ သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ သရုပ်ပြလေ့ကျင့်ပြသမှုအား ထည့်သွင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အားထက်သန် စွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြသည်။
တစ်ခဲနက် ပါဝင်ဆင်နွှဲနေ
ပွဲတော်အတွင်း ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် စကားပုံ ဆက်ပြိုင်ပွဲများကိုလည်း စီစဉ်ပေးထားရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအပြင် ဆရာ ဆရာမများ၊ စိတ်ပါဝင်စားသည့် ပြည်သူများ လည်း တစ်ခဲနက် ပါဝင်ဆင်နွှဲနေကြသည်ကို ပျော်ရွှင် ဖွယ်ရာ တွေ့မြင်ရသည့်အပြင် ဖျော်ဖြေရေး အစီ အစဉ်များအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေမှုများကြောင့်လည်း ပွဲတော်ကြီးကိုပို၍ အသက်ဝင်စေခဲ့သည်။
ပွဲတော်သို့ လာရောက်ကြသူများ ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မဖြစ်စေဘဲ စိတ်အေးချမ်းသာစွာ လာရောက်လေ့လာနိုင်ရန်အတွက်လည်း ကျန်းမာ ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စစ်ဆေး ဆောင်ရွက်ပေးပြီးမှသာပွဲတော်အတွင်းသို့ ဝင်ရောက် ခွင့်ပြုသည့်အပြင် တစ်စုံတစ်ရာ ကျန်းမာရေး ချို့ယွင်းမှုဖြစ်ပေါ်ပါကလည်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်များကိုလည်း ထည့်သွင်း ပေးထားသည်။
မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန် ရှိသူများသည် ပွဲတော်အတွင်း ခင်းကျင်းပြသထား သည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ပွဲတော်သို့ လာရောက်လေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ဗလငါးတန်မြှင့်တင်ပေးနိုင်ရန်
ယခုကျင်းပခဲ့သည့်လူငယ်နှင့်စာပေပွဲတော်ကြီးအား ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အတွေးအခေါ် အယူအဆ များ ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင် တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာစေ ရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ်မြင့်မားလာစေ ရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ် လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် တည်ဆောက်အကောင်အထည် ဖော်နိုင်ရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်အစိုးရက ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
သတင်း - မျိုးဆက်သစ်
ဓာတ်ပုံ - ကိုကိုနော်