
ရန်ကုန် ဇန်နဝါရီ ၁၃
ပြည်တွင်းဆန်စျေးနှုန်း တည်ငြိမ်စေရေး၊ ပြည်ပသို့ ဆန်တင်ပို့မှု စနစ်တကျဆောင်ရွက်နိုင်ရေးတို့အား ရည်ရွယ်၍ စျေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျရောင်းဝယ်ခြင်း မဟုတ်သည့်လုပ်ငန်း များ ထိန်းကျောင်းနိုင်ရန်အတွက် Supermarket များနှင့် လက်လီလက်ကား ဆန်ဆိုင်များအတွက် သိုလှောင် ထားသည့် ဆန်၊ စပါးသိုလှောင်ရုံများကို မှတ်ပုံတင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ဇန်နဝါရီ ၁၂ ရက်တွင် ထပ်မံအသိပေး ကြေညာထားသည်။
ဆန်စပါး ကဏ္ဍတွင် ပုံမှန်လုပ်ငန်းလုပ်ကိုင်နေသူများအား ဝန်ထုပ်ဝန်ပိုးနှင့် ထိခိုက်မှုမရှိစေရေး အတွက်လည်းကောင်း၊ စျေးကစားလိုသည့် ရည်ရွယ် ချက်ဖြင့် သမားရိုးကျရောင်းဝယ်ခြင်း မဟုတ်သည့် လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးအတွက် လည်း ကောင်း၊ စျေးဝယ်အရောင်းစင်တာ(Supermarket)များနှင့် လက်လီလက်ကား ဆန်ဆိုင်များတွင် ခင်းကျင်းရောင်းချမှုများအတွက် သိုလှောင်မှုများကို စနစ်တကျရှိစေရန်အတွက်လည်းကောင်း စီးပွားဖြစ် ရောင်းဝယ်ရန်အလို့ငှာ ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ထားရှိမှုများကို မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-MyRO)စနစ်တွင် မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် MRFက အသိပေးကြေညာခဲ့သေးကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ရန်ကုန် တိုင်းဒေသကြီးမှ သိုလှောင်ရုံ ၈၇ လုံး၊ ဧရာဝတီ တိုင်းဒေသကြီးမှ သိုလှောင်ရုံ ၅၂ လုံး၊ ပဲခူးတိုင်းဒေသ ကြီးမှ သိုလှောင်ရုံ ၁၀ လုံး၊ မန္တလေးတိုင်းဒေသကြီးမှ သိုလှောင်ရုံ လေးလုံး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သိုလှောင်ရုံ တစ်လုံး၊ နေပြည်တော်ကောင်စီနယ်မြေမှ သိုလှောင်ရုံ ၁၉ လုံးနှင့် ရခိုင်ပြည်နယ်မှသိုလှောင်ရုံ တစ်လုံး စုစုပေါင်းသိုလှောင်ရုံ ၁၇၄ လုံးအား မှတ်ပုံ တင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
“MyRO Website ထဲကို ဝင်တင်လို့ရပါတယ်။ သိုလှောင်ရုံအတိုင်းအတာအရ စက်က Software နဲ့ Auto သတ်မှတ်ပေးသွားမယ်။ ကုမ္ပဏီအနေနဲ့ဆို တစ်သိန်းခွဲက အများဆုံး။ လူပုဂ္ဂိုလ်အနေနဲ့ဆိုရင် ရှစ်သောင်းအများဆုံးပါ။ ဒီဇင်ဘာလအထိ သိုလှောင် ရုံပေါင်း ၁၇၄ လုံးမှတ်ပုံတင်ခဲ့တယ်။ အခုလက်ရှိဆိုရင် မှတ်ပုံတင်တာ သိုလှောင်ရုံပေါင်း ၂၀၀ လောက် ရှိနေ ပြီ” ဟု ဆန်စပါးအသင်းချုပ်နှင့် နီးစပ်သူထံမှ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်ဆန်စပါးအသင်းအဖွဲ့များ၏ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်အသင်းခွဲများ၊ ဒေသ ကော်မတီများ၊ ကုန်စည်ဒိုင်များအနေဖြင့် မိမိတို့ အသင်းဝင်များ၏ ဆန်စပါးသိုလှောင်မှု မှတ်ပုံတင်ခြင်း လုပ်ငန်းကို အချိန်မီဆောင်ရွက်နိုင်ရေး စီစဉ်ညှိနှိုင်း ဆောင်ရွက်ပေးရန်လည်းကောင်း၊ ကုမ္ပဏီများ၊ တစ်သီး ပုဂ္ဂလလုပ်ငန်းရှင်များအနေဖြင့်လည်း သတ်မှတ်ချက် များနှင့်အညီ MyRO တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန် လည်းကောင်း၊ စျေးဝယ်စင်တာ (Supermarket) များအနေဖြင့်လည်း မိမိတို့၏ စင်တာများတွင် ခင်းကျင်းရောင်းချသော ဆန်အိတ် များသိုလှောင်သည့် သိုလှောင်ရုံများ မှတ်ပုံတင်နိုင် ရေးကို အထူးအလေးပေးကြတ်မတ်ဆောင်ရွက်ပေးရန် စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် စာဖြင့်ပေးပို့အကြောင်းကြား ထားသဖြင့် သိရှိလိုက်နာဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အသိပေးထားသည်။
MyRO တွင် မှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းဆွေးနွေးရန်ရှိပါက ၀၉-၈၉၃၀၉၅၅၀၃၊ ၀၉-၉၇၅၈၆၄၂၆၀၇ နှင့် Email:myromyanmar.mm @gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း လည်း သိရသည်။
MT