ဆီထွက်သီးနှံနေကြာကို အလေးထားတိုးချဲ့စိုက်ပျိုးကြပါစို့

Type
77

 

မော်ကျွန်း-မြင့်အောင်

 

မြန်မာနိုင်ငံတွင်      တောင်သူများစိုက်ပျိုးသော ဆီထွက်သီးနှံ သုံးမျိုးမှာ နှမ်း၊ မြေပဲနှင့် နေကြာ တို့ဖြစ်သည်။ နေကြာသီးနှံသည် ကမ္ဘာ့စားသုံးဆီ ထုတ်လုပ်သော သီးနှံများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ နေကြာသည် မြန်မာတစ်နိုင်ငံလုံး နေရာ မရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် သီးနှံလည်းဖြစ် သည်။   ထို့ကြောင့်လည်း   မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ယခင်က နေကြာ  ဧကအများအပြား စိုက်ပျိုးခဲ့ကြသည်။ အောင်မြင် ဖြစ်ထွန်းခဲ့ကြသည်။ တောင်သူများ ဝင်ငွေတိုးပွား အကျိုးများခဲ့ကြပေသည်။
စာရေးသူတို့ငယ်စဉ်က အမေ့ဇာတိဖြစ်သော မော်လမြိုင်ကျွန်းမြို့နယ်    တယ်ချောင်းကျေးရွာ အုပ်စု ဂျုံးဂျုံးကျ-နတ်မင်းကြီးကျေးရွာသို့ အမေ အလည်အပတ်ပြန်လျှင် စာရေးသူလိုက်ပါခဲ့ဖူးသည်။ နေကြာစိုက်ခင်းကြီးများကို     တစ်မျှော်တစ်ခေါ် တွေ့မြင်ရသည်။ 
နေကြာနှစ်မျိုး
နေကြာတောင်သူများစိုက်ပျိုးသော နေကြာမျိုး များတွင်   အဓိကအားဖြင့်   အစေ့စားနေကြာနှင့် ဆီစားနေကြာဟူ၍    နှစ်မျိုးရှိသည်။    နေကြာ တောင်သူများသည် ဆီထွက်သီးနှံနေကြာကို ဝင်ငွေ တိုးပွားအကျိုးများသဖြင့် ကြိုက်နှစ်သက်ကြသည်။  မြန်မာနိုင်ငံ၌   ဆီထွက်သီးနှံများအနက် နေကြာ သီးနှံသည်     စိုက်ပျိုးရသော    မျိုးစေ့ပမာဏနှင့်  ထွက်ရှိသောမျိုးစေ့ပမာဏ အချိုးအစားမြင့်မားခြင်း၊ တစ်ဧက  ဆီအထွက်နှုန်းကောင်းမွန်ခြင်း၊ စိုက်ပျိုး စရိတ်သက်သာခြင်း၊   ပိုးမွှားရောဂါနှင့်    ရာသီဥတု ဖောက်ပြန်သည့်အချိန်တွင် သီးနှံပျက်စီးမှုနည်းပါး ခြင်းတို့ကြောင့် တောင်သူများမှာ နေကြာကို ကြိုက် နှစ်သက်ကြခြင်းဖြစ်သည်။       တိုင်းဒေသကြီး၊ ပြည်နယ်များတွင်   ဆီထွက်သီးနှံနေကြာကို    လိုလို  လားလား  စိုက်ပျိုးနေကြသည်။
နေကြာ၏  မူရင်းဒေသမှာ  မြောက်အမေရိက ဖြစ်သည်။ နေကြာသည် စုပေါင်းမျိုးရင်းတွင် ပါဝင် သည်။ နေကြာကို အင်္ဂလိပ်အမည် (Sun Flower)ဟု ခေါ်ကြသည်။ နေကြာပင်များ ကြိုက်နှစ်သက် သော  သဘာဝမှာ  သမပိုင်းဇုန်ဖြစ်သော်လည်း သမနွေးပိုင်းဒေသများတွင်လည်း     စီးပွားဖြစ် စိုက်ပျိုးကြသည်။ နေကြာကို တောင်လတ္တီတွဒ် ၄၀ နှင့် ၅၀ ဒီဂရီအတွင်း စိုက်ပျိုးနိုင်သည်။ အထူးသဖြင့် မြောက်လတ္တီတွဒ် ၂၀ နှင့် ၅၀ ဒီဂရီအတွင်း စိုက်ပျိုး ပါက ပိုမိုဖြစ်ထွန်းအောင်မြင်သည်။
နေကြာကြိုက်နှစ်သက်သည့်မြေ
နေကြာစိုက်ပျိုးမည်ဆိုလျှင်   တောင်သူများ အဓိကသိထားသင့်သည့်အချက်မှာ မြေအမျိုးအစား ဖြစ်သည်။ နေကြာသည် သူကြိုက်နှစ်သောမြေတွင် ပိုမိုဖြစ်ထွန်းသည်။ နေကြာပင်ကို သဲနုန်းမြေစေး၊ နုန်းမြေနှင့် သဲနုန်းမြေတို့တွင် စိုက်ပျိုးပါက အထူး သန်စွမ်း ဖြစ်ထွန်းအောင်မြင်သည်။ မြေချဉ်ငံဓာတ် ၆-၇ သည် နေကြာစိုက်ပျိုးရန် အသင့်လျော်ဆုံး ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင်  ပြည်တွင်းစားသုံးဆီ  ဖူလုံ စေရန်မှာ အရေးကြီးသောအချက်ဖြစ်ရာ ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို  ဖြည့်ဆည်းပေးနိုင်ရန် အတွက် နေကြာကို သီးထပ်၊ သီးညှပ် တိုးချဲ့စိုက်ပျိုး ကြရန်လိုသည်။ စာရေးသူနေထိုင်သော ဧရာဝတီ တိုင်းဒေသကြီးတွင်        ဆီထွက်သီးနှံနေကြာကို ဟင်္သာတခရိုင်နှင့်  မအူပင်ခရိုင်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိကြသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာတိုးချဲ့စိုက်ပျိုးရေး
ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၂- ၂၀၂၃ ခုနှစ် နေကြာစိုက်ပျိုးရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု များကို  သိရှိလိုသဖြင့်  တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တိုင်းဒေသကြီး ဒုတိယ တိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်တို့နှင့် ဆက်သွယ် မေးမြန်းခဲ့သည်။
“ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ဆီထွက်သီးနှံ နေကြာကို ၂၀၂၂- ၂၀၂၃ ခုနှစ်မှာ စတင်ပြီး စိုက်ဧက တိုးချဲ့သွားဖို့ စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။     တိုင်းဒေသကြီးတစ်ခုလုံးမှာ    နေကြာ ၂၂၄၆၈၈ ဧက      တိုးချဲ့စိုက်ပျိုးသွားနိုင်ဖို့အတွက် လိုအပ်တဲ့နေကြာမျိုးစေ့ရရှိရေးကို     အဓိကထား ဆောင်ရွက်နေပါတယ်။ ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးရာသီ မှာ ဆင်းရွှေကြာ(၂) မျိုးနဲ့ မျိုးစေ့ထုတ်ဧက ၃၀၀၀ စိုက်ပျိုးရရှိနိုင်ဖို့အတွက် ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်မြို့နယ်မှာ ဧက ၁၃၀၀၊ ကြံခင်းမြို့နယ်မှာ ဧက ၁၀၀၀ နဲ့ အင်္ဂပူမြို့နယ်မှာ ဧက ၇၀၀ စိုက်ပျိုး သွားဖို့ဖြစ်ပါတယ်။ အဲဒီ နေကြာဧက ၃၀၀၀ မျိုးစေ့ ထုတ် စိုက်ဖို့လိုအပ်တဲ့ နေကြာမျိုးစေ့တွေကို တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့အစီအစဉ်တွေနဲ့ ဝယ်ယူပြီး ၂၀၂၂- ၂၀၂၃ ဆောင်းရာသီ နေကြာစိုက်ပျိုးကြဖို့တိုင်းဒေသကြီးအတွင်းရှိ တောင်သူတွေကို နေကြာ မျိုးစေ့တွေ ပြန်လည်ဖြန့်ဖြူးသွားဖို့ ရှိပါတယ်”ဟု ၎င်းတို့က ပြောသည်။
စိုက်ပျိုးမည့် ခရိုင်နှင့် မြို့နယ်များ
စာရေးသူတို့    ဧရာဝတီတိုင်းဒေသကြီးသည် မြေနေရာကျယ်ဝန်းသည်။ စိုက်ပျိုးရန်ဖြစ်ထွန်းသည့် ရေခံ၊ မြေခံကောင်းသော ဒေသဖြစ်ရာ တိုင်းဒေသ ကြီးအတွင်း  ၂၆ မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ခုနှစ် နေကြာစိုက်ပျိုးရာသီမှစတင်၍  နေကြာဧကများ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်သည်။    အများဆုံး စိုက်ပျိုးသွားမည့် ခရိုင်မှာ ဟင်္သာတခရိုင်ဖြစ်ပြီး ၂၀၂၂- ၂၀၂၃ တွင် နေကြာဧကပေါင်း ၁၀၇၆၆၀၊ ဒုတိယအများဆုံး စိုက်ပျိုးသွားမည့်ခရိုင်မှာ မအူပင် ခရိုင်ဖြစ်ပြီး နေကြာဧကပေါင်း ၇၀၉၂၃ ဧက စိုက်ပျိုး သွားကြမည်ဖြစ်သည်။
အများဆုံးစိုက်ပျိုးမည့် မြို့နယ်မှာ အင်္ဂပူမြို့နယ် ဖြစ်ပြီး ဧကပေါင်း ၃၀၆၁၀၊ ဒုတိယအများဆုံးစိုက်ပျိုး မည့်  မြို့နယ်မှာ ဇလွန်မြို့နယ်ဖြစ်ကာ ဧကပေါင်း ၂၆၀၀၅နှင့် တတိယအများဆုံး စိုက်ပျိုးမည့် မြို့နယ် မှာ မအူပင်မြို့နယ်ဖြစ်ရာ ဧကပေါင်း ၂၂၅၉၃ ဧက  တို့ ဖြစ်ကြသည်၊၊   ကျန်မြို့နယ်အသီးသီးတွင်လည်း ၂၀၂၂- ၂၀၂၃ နေကြာစိုက်ပျိုးရေး ရာသီချိန်၌ နေကြာ ဧကများ  အသီးသီး  တိုးချဲ့စိုက်ပျိုးကြမည်  ဖြစ် သည်၊၊
မြန်မာနိုင်ငံတွင်  နေကြာသည် ယခုမှ တိုးချဲ့ စိုက်ပျိုးရန် ဆောင်ရွက်နေသော သီးနှံမျိုးမဟုတ်ပေ၊၊ မြန်မာနိုင်ငံ၌  ၁၉၇၆- ၁၉၇၇ ခုနှစ်မှ  စတင်၍ ဆီစားနေကြာကို စိုက်ပျိုးခဲ့ကြသည်၊၊ စိုက်ပျိုးသော မျိုးအများစုမှာ သဘာဝ ဝတ်မှုန်ကူးမျိုးဖြစ်သည်၊၊ ၁၉၈၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဆင်းရွှေကြာ(၂) သဘာဝ ဝတ်မှုန်ကူးမျိုးကိုလည်း ထုတ်လုပ်နိုင်ခဲ့ကြသည်၊၊
ဆီထွက်နေကြာစိုက်    တောင်သူများသည် အထွက်နှုန်းကောင်းသော    နေကြာမျိုးများကို ရွေးချယ်စိုက်ပျိုးမှသာလျှင်    နေကြာအထွက်နှုန်း အတွက် စိတ်ချရမည်ဖြစ်ပေသည်၊၊ အထွက်ကောင်း နှင့် ဆီထွက်ကောင်း စပ်မျိုးနေကြာ မျိုးသစ်များကို မွေးမြူထုတ်လုပ်ခြင်းအားဖြင့် တောင်သူများ စိုက်ပျိုး သည့် နေကြာမျိုးများမှာ မူလအရည်အသွေးမပျက် အထွက်နှုန်းနှင့်     ဆီထွက်နှုန်းများ    တိုးတက် ကောင်းမွန်မည့်အပြင် ဝင်ငွေတိုးတက်ရရှိကြမည် ဖြစ်သည်၊၊
ပြည်တွင်းစားသုံးဆီဖူလုံရေး
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင်   မြန်မာတစ်နိုင်ငံလုံး တိုင်းဒေသကြီး၊ ပြည်နယ်များတွင် နေကြာဧကပေါင်း ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ရာ နေကြာစိုက် တောင်သူတိုင်း နေကြာကို အလေးထားစိုက်ပျိုးကြ ရမည်ဖြစ်သည်၊၊
နေကြာစိုက်တောင်သူများ၏   ၂၀၂၂- ၂၀၂၃ ခုနှစ်   ဆီထွက်နေကြာစိုက်ပျိုးမှု   အပြည့်အဝ အောင်မြင်ရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းပေါင်းစုံနှင့်    စိုက်ပျိုးရေးဦးစီးဌာနတို့   တက်ညီ လက်ညီစွမ်းအားပြည့်       ပူးပေါင်းဆောင်ရွက်ကြ ပါလျှင်    နေကြာဧက    တိုးချဲ့စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်မည်ဖြစ်ပြီး    ဆီထွက်သီးနှံ   နေကြာ တိုးချဲ့စိုက်ပျိုးမှု     တစ်ခေတ်ဆန်းသစ်လာတော့ မည်ဖြစ်သည်၊၊
၂၀၂၂- ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်  ဆီထွက်သီးနှံနေကြာကို   တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ကြခြင်းအားဖြင့်  သီးနှံစိုက်စွမ်း အား    တိုးတက်ရရှိစေမည့်အပြင်   နေကြာသီးနှံ အထွက်နှုန်းကိုလည်းတိုးတက်စေပြီး  တောင်သူများ ဝင်ငွေတိုးတက်ရရှိကာ     လူနေမှုဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။     သို့ဖြစ်၍ ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း       “ဆီထွက်သီးနှံနေကြာကို အလေးထားတိုးချဲ့စိုက်ပျိုးကြပါစို့”ဟု တိုက်တွန်းရေးသားလိုက်ရပေသည်၊၊    ။