
နွားထိုးကြီး မေ ၆
မိုးနည်းသည့် အညာဒေသ နွားထိုးကြီး မြို့နယ်နှင့် မလှိုင်မြို့နယ်တို့ကို စိမ်းလန်း စိုပြည်စေမည့် စီမံကိန်းမှာ ဆီမီးခုံ (၃) နွားထိုးကြီးလျှပ်စစ် မြစ်ရေတင်စီမံကိန်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်က စီမံကိန်းမိုင် ၆၀ ကျော်ကို ရေပေးမြောင်း များ၊ ပိုက်လုံးများနှင့် နွားထိုးကြီးနယ် လယ်မြေ ဧက ၁၅၀၀၀ ကျော် ရေပေး မည့် မြစ်ရေတင်စီမံကိန်းကို ဆောက် လုပ်နေခြင်း ဖြစ်သည်။
တစ်နှစ်အတွင်းမှာပင် ပင်မမြောင်း ၇ ဒသမ ၃ မိုင်၊ လက်တံနှင့် အဆောက် အအုံနှစ်ခု ဆောက်လုပ်ပြီးစီးခဲ့သည်။
ဆက်လက်၍ ၆၁ မိုင် ပင်မမြောင်း၊ လက်တံမြောင်းများ ဖောက်ရမည်။ ဧရာဝတီမြစ်ရေကို ရေပေါ် စက်ရုံ နှစ်ရုံဖြင့် ကမ်းပေါ်သို့ စုပ်တင်မည်။ ပင်မမြောင်း ၈ ဒသမ ၆၄ မိုင်ရှည်၊ သံပိုက်လိုင်း ၁၇ဒသမ ၅မိုင်၊ ထပ်ဆင့် ရေတင်စက် သုံးဆင့်နှင့် နွားထိုးကြီး မြို့နယ်သို့ ရေပို့ပေးရန်ရှိနေသည်။ စီမံကိန်း အကျိုးခံစားရမည့် နယ်မြေတွင် မလှိုင် မြို့နယ်လည်း ပါဝင်မည်ဖြစ်သည်။
ဆီမီးခုံ (၃) နွားထိုးကြီးကို အဆင့် (၄) ဆင့်နှင့် မြစ်ရေတင်မည်ဖြစ် ရာ အဆင့်(၁)မှာ ဧရာဝတီမြစ်ရေကို ပေ ၆၀ အမြင့်သို့တင်ပြီး ကွန်ကရစ် မြောင်းပေ ၁၃၅၀၀ ဖြင့် ရေပို့ပေးမည်။ အဆင့်(၂)မှာ အမြင့် ပေ၈၆ ဒသမ ၂၈ သို့ ရေမောင်းတင်ပြီး ကွန်ကရစ်မြောင်း အရှည် ပေ ၃၂၀၀၀ နှင့် ရေပို့ပေးမည်။ အဆင့် (၃)မှာ အမြင့်ပေ ၂၀၀ ခန့် သို့ ရေတင်ပြီးဖိအားမြင့် ပိုက်လိုင်း အရှည် ပေ ၅၁၀၀၀ ဖြင့် ရေပေးမည်။ အဆင့် (၄)တွင် အမြင့်ပေ ၂၁၀ ကို ရေမောင်းတင် ပြီး ဖိအားမြင့်ပိုက်လိုင်း ၃၉၂၀၀ နှင့် ရေပို့သွားမည်ဖြစ်သည်။
ဆီမီးခုံ ရေပေးပင်မမြောင်း အလျား ၂၃ မိုင်၊ လက်တံမြောင်း အရှည် ၃၈ မိုင် စုစုပေါင်း ၆၁ မိုင် ရှည်လျားစွာဖြင့် နွားထိုးကြီးနယ်ကို ရေပေး၍ စိုပြည် စိမ်းလန်းလာရန် ယာမြေများ နုန်းတင် မြေဖြစ်ပြီး မိုးရွာမှ ရေမြင်ရသော အခြေ အနေမှ ရာသီမရွေး မြစ်ရေတွေ ဖွေးလာမည့်အပြင် ကောက်ပဲသီးနှံ ဆန်ရေစပါး အလျှံပယ်ဖြစ်လာမည် ဖြစ်သည်။
မြစ်ရှိသည့်နေရာသို့ လူသွား စရာမလိုဘဲ လူရှိသည့်နေရာကို မြစ်ကြီးကို ရွှေ့ပေးလိုက်သဖွယ် ဖြစ်သော ဆီမီးခုံ (၃) နွားထိုးကြီး စီမံကိန်းမှာ နိုင်ငံတော်က တစ်နှစ် သာ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၁ မှစ၍ လုပ်ငန်းများရပ်နား သွားခဲ့ရသည်မှာ ယခုတိုင်ဖြစ်သည်။ ၎င်းစီမံကိန်းကို အညာဒေသသားတို့က ရွှေကို မလို ရေလိုနေ၍ ဆက်လက်အကောင် အထည်ဖော်ပေးရန် လွန်စွာတောင့်တ နေပြီ ဖြစ်သည်။
ထို့ကြောင့် ဧရာဝတီမြစ်ရေကို ကုန်းခေါင်ခေါင် နွားထိုးကြီးမြို့နယ်သို့ အရောက်ပေးပို့မည့် ဆီမီးခုံ (၃) စီမံ ကိန်းကြီးမှာ စိုက်ပျိုးရန်နှင့် သုံးစွဲရန် အတွက် ရေကိုလွန်စွာ အလိုရှိနေသည့် အညာသူ အညာသားတို့အတွက် အဖိုး မဖြတ်နိုင်သည့် စီမံကိန်းကြီး ဖြစ်သည်။
၀၁၈