ဆီအိုး၊ ဆန်အိုးကြီးများအကြောင်း

Type
၅

 

မြင့်မောင်စိုး
 

“အဝိညာဏကာ - အဝိညာဏက ဖြစ်ကုန်သော တော တောင် ရေ မြေ သစ်ပင်ဟူသမျှတို့သည် ဓာတုယာ-ဓာတ်လေးပါးကြောင့်၊ ဌိတာ - တည်ကုန် ၏။ သတ္တ- သတ္တဝါဟူသမျှတို့သည်၊     အာဟာရေန- အာဟာရကြောင့်၊ ဌိတာ  - တည်နေကြကုန်၏” ဆိုသော သဘာဝတရားအတိုင်း    ကျွန်တော်တို့  လူသားများ   အသက်ရှင်နေထိုင်နိုင်ရေး   စားရေ ရိက္ခာ ပြည့်စုံရေးသည်   အရေးကြီးဆုံးသောကိစ္စ တစ်ရပ်ပင် ဖြစ်ပေသည်။

 


စားဆီလိုအပ်ချက်မြင့်မားနေ


ယခုတလော   ကျွန်တော်   ဖတ်မှတ်မိသော သတင်းများတွင်   ဆီအိုးကြီးသုံးလုံးအကြောင်း။ ထိုဆီအိုးကြီး   သုံးလုံးသည်   စိန်အိုးကြီးသုံးလုံး မဟုတ်သလို  ရွှေအိုးကြီးသုံးလုံးလည်း မဟုတ်ပေ။ သို့သော်  ထိုစိန်အိုး၊  ရွှေအိုးတွေထက်  ဆီအိုးကြီး များသည်    အဖိုးအနဂ္ဃထိုက်တန်လှပေသည်။ အကြောင်းသည်ကား ကျွန်တော်တို့ မြန်မာနိုင်ငံ တွင်  ဆီလိုအပ်ချက်ကြီးမှာ  ကြီးမားများပြားနေ ခြင်းကြောင့်ပင်ဖြစ်သည်။  ကြော်လှော်ချက်ပြုတ် ရေးတွင် စားဆီလိုအပ်ချက်သည် မြင့်မားနေဆဲပင် ဖြစ်သည်။
ပြည်တွင်းဆီစားသုံးမှုဖူလုံစေရန်   ကြိုးစား အားထုတ်သင့်ကြောင်း    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစည်းအဝေး( ၁/၂၀၂၂)တွင် ဤသို့မှတ်ချက်ပြုပြောကြားခဲ့သည်ကို  သတိပြုမိသည်။

 


စားသုံးဆီများ  ပြည်ပမှတင်သွင်းမှုလျှော့ချနိုင် ရေးအတွက်  မကွေးတိုင်းဒေသကြီးကို   ပထမ ဆီအိုး၊ တနင်္သာရီတိုင်းဒေသကြီးသည်    ဒုတိယ ဆီအိုးဖြစ်သကဲ့သို့              ရှမ်းပြည်နယ်သည်လည်း   ပဲပုပ်၊ နေကြာ၊ နှမ်းနှင့်  ပန်းနှမ်းများစိုက်ပျိုးနိုင် သဖြင့်    ဆီထွက်အောင်စိုက်ပျိုးနိုင်မည်ဆိုပါက ရှမ်းပြည်နယ်ကိုလည်း     တတိယဆီအိုးအဖြစ် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊  ဧရာဝတီ တိုင်းဒေသ ကြီးကိုလည်း      မိမိတို့နိုင်ငံ၏   စပါးကျီ အဖြစ် သတ်မှတ်ထားကြောင်း၊   တနင်္သာရီတိုင်း ဒေသကြီးအတွင်း     ဆီအုန်းများစိုက်ပျိုးရာတွင်   စိုက်ပျိုးမှုများ    ဆောင်ရွက်ထားခြင်းမရှိသည်ကို   တွေ့ရသဖြင့်  စည်းကမ်းနှင့်အညီ   ဆက်လက်၍  စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    ပြောကြားခဲ့ ပါသည်။

 


ဒုတိယဆီအိုးကြီးဖြစ်လာရေး


ဤအချက်ကိုထောက်ရှုလျက်    မကွေးတိုင်း ဒေသကြီးသည်   ရှေးအစဉ်အဆက်ကတည်းက နှစ်စဉ် နှမ်းနှင့်မြေပဲ  အဓိကစိုက်ပျိုးထုတ်လုပ်ရာဒေသဖြစ်ခြင်းကြောင့် ပထမဆီအိုးကြီးဖြစ်ခြင်းမှာ မဆန်းပေ။ သို့သော် ဒုတိယဆီအိုးကြီးဖြစ်လာရေး ကြိုးစားအားထုတ်နေရသော    တနင်္သာရီတိုင်း ဒေသကြီးသည်      ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု တွင် နည်းပညာလိုအပ်ချက်နှင့်  ကြိုးစားအားထုတ်မှု မှာ လိုအပ်နေဆဲဖြစ်သည်။ နည်းပညာနှင့် ကြိုးစား အားထုတ်မှုကိုသာ       မြှင့်တင်လိုက်မည်ဆိုလျှင် မကြာမီနှစ်များအတွင်း  အမှန်တကယ်   ဒုတိယ ဆီအိုးကြီးဖြစ်လာနိုင်စရာအကြောင်း ရှိသည်။

 


ဆီအုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍  တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် တို့တွင် ဆီအုန်းစိုက်ဧက ၃၉၁၀၀၀ ကျော်ခွင့်ပြုပေး ထားကြောင်း၊   ယင်းစိုက်ဧကများအား   အပြည့် အဝစိုက်ပျိုးနိုင်မည်ဆိုပါက ဆီတန်ချိန် ၄ ဒသမ ၅ သိန်းခန့်အထိ  ထွက်ရှိနိုင်သည်ကို  ပညာရှင်များ၏ တွက်ချက်မှုအရ  သိရသည်။

 


အမှန်တကယ်တော့ မြန်မာနိုင်ငံတွင် ဆီထွက် သီးနှံကို မကွေးတိုင်းဒေသကြီးအပြင်     မန္တလေး တိုင်းဒေသကြီးနှင့်  စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်  လည်း  စိုက်ပျိုးပါသည်။   မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင်       နွေနှမ်းများစိုက်ပျိုး အောင်မြင်နေမှုနှင့်       ပတ်သက်၍        ကျွန်တော် ကိုယ်တိုင်      ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးသည်။ ကျောက်ဆည်ခရိုင်သည်     ရှေးမြန်မာမင်းများ လက်ထက်ကတည်းက    လယ်တွင်းကိုးခရိုင် အဖြစ်   သတ်မှတ်ထားပြီး   စိုက်ရေးပျိုးရေးကောင်းမွန်သော ဒေသတစ်ခုဖြစ်သည်။   နွေနှမ်းစိုက်ပျိုးရေးမှာ  စနစ်တကျ အားထည့်စိုက်ပျိုးလုပ်ကိုင်လျှင်  ဆီ ထွက်သီးနှံ   အထွက်နှုန်းတိုးလာစရာအကြောင်း ရှိသည်။     ထို့ကြောင့်   မြန်မာ့ဆီအိုးကြီးများသည်  ရှိပင်ရှိငြားသော်လည်း  အိုးပြည့်စေရန်  ကြိုးစားအားထုတ်နေရဦးမည်ဖြစ်ပါသည်။    ထိုကြိုးစား အားထုတ်မှုသည်  တောင်သူတစ်ဦးတည်းနှင့် မစွမ်း နိုင်ပေ။   ငွေကြေးအရင်းအနှီး၊   နည်းပညာ၊   မျိုး ကောင်း  မျိုးသန့်၊   မြေဩဇာ၊   ရေလိုအပ်ချက် စသည်ဖြင့် ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ပေသည်။ သို့မှသာ   ဆီအိုးဖြည့်တင်းရေးလုပ်ငန်းစဉ်သည် တိုးတက်လာနိုင်ပေလိမ့်မည်။ 

 


 ဆန်အိုးပြည့်ရေး


လူတို့နေ့စဉ်စားသုံးသမျှ       စားရေရိက္ခာတို့ တွင်   ဆန်သည်အဓိကဖြစ်ခြင်းကြောင့်     ဆန်အိုး ပြည့်ရေးသည်  အရေးကြီးသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြို့ပေါင်း  ၃၀၀ ကျော်ရှိသည့်အနက် လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့လူဦး ရေသည်  ၁၉၅၃ ခုနှစ်က ခုနစ်သိန်းကျော်သာရှိသည်။ ယခု ၂၀၂၂ ခုနှစ်သို့ရောက်သောအခါ   ရန်ကုန် မြို့လူဦးရေသည် ရှစ်သန်းကျော်သွားပြီဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရဆိုလျှင် ယခုအခါ ၅၅ သန်းကျော်သွားပြီဖြစ်သည်။ ၁၉၆၁-၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံ၏ စပါးစိုက်ဧကမှာ ၁၁ သန်း ကျော်ရှိသည်။ ထိုစဉ်က စပါးစိုက်ဧက တိုးလာခြင်း မှာ     အမှန်စိုက်ပျိုးသည့်ဧကထက်   ဧကပေါင်း ရှစ်သိန်းခုနစ်သောင်းခြောက်ထောင့်လေးရာ  ပိုမို တိုးတက်ခဲ့ကြောင်း၊  အကြောင်းမှာ ပြည်ထောင်စု မြန်မာနိုင်ငံ    တော်လှန်ရေးကောင်စီအစိုးရ၏ ၁၉၆၂ ခုနှစ်    မိုးရာသီလယ်ယာစိုက်ပျိုးရေး လုပ်ငန်းအရ   စိုက်ပျိုးရေးဌာနမှ   ဓာတ်မြေဩဇာ နှင့်  မျိုးကောင်းမျိုးသန့် စပါးများ   ဝေငှဖြန့်ဖြူး ပေးခြင်း၊  မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းမှ    ရေနုတ်မြောင်း     တာတမံများ ပြုလုပ်ပေးခြင်း၊  အမတော်ကြေးများကို တောင်သူ လယ်သမားများလက်ဝယ်သို့  အရောက်ထုတ်ပေး ခြင်းတို့ကြောင့်ဖြစ်ကြောင်း  သမိုင်းမှတ်တမ်းများ အရ  လေ့လာသိရှိရပေသည်။

 


လက်ရှိမြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက  ၁၅ သန်းခန့်နှင့်  နွေစပါး စိုက်ဧက နှစ်သန်းခန့်  စိုက်ပျိုး ကြောင်း၊ မိုးစပါးမှာပျမ်းမျှ  တင်း  ၇၀ ကျော်ခန့်သာ ထွက်သေးကြောင်း၊ တစ်ဧက တင်း  ၁၀၀ ထွက်ရှိ ရေး  ကြိုးစားနေကြကြောင်း  သိရသည်။   ဤသို့ မိုးစပါး  ၁၅ သန်းနှင့် နွေစပါး  နှစ်သန်းအထိတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ခြင်းမှာ       အစိုးရအဆက်ဆက်က ဆည်မြောင်းတာတမံများ အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောက်လုပ်ပေးနိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပါသည်။ မိုးကောင်းရေသောက်အပြင်   ဆည်ရေသောက်စနစ် ကို  တိုးချဲ့နိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ယခု အခါ ဆိုလာစွမ်းအင်ကိုအသုံးပြုပြီး မြစ်ရေတင် စနစ်ကိုပါ   တိုးချဲ့လုပ်ကိုင်လာနိုင်သဖြင့်     စိုက်ဧက များ  ထပ်မံတိုးလာဖို့  ရှိနေပါသေးသည်။

 


ဤသို့ မြန်မာနိုင်ငံတွင် ဆီအိုးကြီးနှင့် ဆန်အိုး ကြီးများ     ပြည့်တင်းရေး    အစဉ်တစိုက်ကြိုးစား နေသကဲ့သို့  ဆားအိုးကြီးလည်း ပြည့်ဖို့လိုနေသေး သည်။    မြန်မာနိုင်ငံတွင်  မွန်ပြည်နယ်သည်   ဆားအဓိကထွက်ရှိရာဒေသတစ်ခုဖြစ်သည်။ ၂၀၂၂ ခုနှစ် အတွင်း  မွန်ပြည်နယ် ဆားထွက်ရှိရာ  ဒေသများမှ နေလှန်းဆားဧက ၄၂၄၁ ဒသမ ၉၀ တွင်  တန်ချိန် ၄၂၅၁၀ ထုတ်လုပ်ရန်လျာထားကြောင်း သိရပေ သည်။ ထို့ကြောင့်  ဆားအတွက်လည်း လိုအပ်ချက် ဖြစ်မည်ကို  မပူပန်ရပေ။

 


စားရေရိက္ခာဖူလုံရေး


ထို့ကြောင့် မြန်မာနိုင်ငံတွင် ဆီအိုးကြီး၊ ဆန်အိုး နှင့် ဆားအိုးကြီးသည်လည်း  အသင့်ရှိနေပြီဖြစ်ပါ သည်။  သို့သော်  ထိုဆီအိုးကြီး၊   ဆန်အိုးကြီးနှင့် ဆားအိုးကြီးများ     ပြည့်လျှံဖူလုံရေးသည်  တစ်နှစ်    တည်း  ဖြည့်တင်းရမည့်ကိစ္စမဟုတ်ဘဲ   နှစ်စဉ် နှစ်တိုင်း ဝါယမစိုက်ကာကြိုးစားအားထုတ်ရမည့် ကိစ္စကြီးပင် ဖြစ်ပါသည်။     လူဦးရေသည် တစ်နှစ် ထက်တစ်နှစ် တိုးနေသည်။   တိုးလာသော  လူဦး ရေကိုကာမိအောင်      စိုက်ပျိုးထုတ်လုပ်နိုင်မှသာ       စားရေရိက္ခာဖူလုံရေး     စိတ်အေးအေးနေကြရမည် ဖြစ်ပါသည်။     ။