
ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) (ပုံမှန်)သင်တန်းနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ်(ပုံမှန်)သင်တန်းများ
ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက်တင်ပြခြင်းနှင့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
======================================================
နေပြည်တော် ဇန်နဝါရီ ၅
ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) (ပုံမှန်) သင်တန်း နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက် တင်ပြခြင်းနှင့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့် ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အသိအမှတ်ပြု
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးရှိ ဗဟိုအဆင့်မှ ကျေးလက်ကျန်းမာရေးဌာနခွဲများအထိ အဆင့်ဆင့်သော ဝန်ထမ်းများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများကို ဆောင်ရွက်ရုံသာမက ပြည်သူ့ဆေးရုံ များ၌လည်း ကုသရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးလုပ်ငန်း များကိုလည်း လစ်ဟာမှုမရှိစေရေးအတွက် ဆက်လက် ဆောင်ရွက်နေမှုများအား မှတ်တမ်းတင်အသိအမှတ်ပြုပါ ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ်သောပညာရှင်များ ပြတ်လပ်မှုမရှိရန် မွေးထုတ် လေ့ကျင့်ပေးလျက်ရှိသော ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ် ၁၆ ခုမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူး များ၊ ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးပါ ကြောင်း၊ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) (နောက်ဆက်တွဲ) သင်တန်းများနှင့် သူနာပြုတက္ကသိုလ် (နောက်ဆုံးနှစ်) သင်တန်းများဖွင့်လှစ်ရေးအတွက် စီမံချက် များရေးဆွဲခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ခွင့်ပြုခဲ့ သဖြင့် မကြာမီဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) (ပုံမှန်)သင်တန်းနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင် ရေးနှင့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ခေါ်ယူရေး အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနနှင့် သက်ဆိုင်ရာတက္ကသိုလ်များမှ တာဝန်ရှိသူများ တိုင်ပင် ဆွေးနွေးရေးဆွဲထားရှိသည့် စီမံချက်မူကြမ်းများကို တင်ပြမည်ဖြစ်ပြီး တက်ရောက်လာကြသူများအားလုံးက ပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း။
လုံးဝပေါ့ဆ၍မရ
ကျန်းမာရေးစနစ်ခိုင်မာတောင့်တင်းစေရေးအတွက် အရည်အသွေးပြည့်ဝရုံသာမက ကျင့်ဝတ်လိုက်နာဆောင် ရွက်ပြီး ပညာရပ်တိုးတက်ရေးအတွက် သုတေသနပြုမှု အလေ့အကျင့်ကောင်းများရှိသည့် ပညာရှင်များမွေးထုတ် ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေသည် အနည်းငယ် လျော့နည်းလာသော်လည်း လုံးဝပေါ့ဆ၍မရပါကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတကာမှ လေကြောင်းဖြင့် ဝင်ရောက် လာသူအားလုံးကို နှစ်ပတ်အသွားအလာကန့်သတ်ပြီး RT PCR နည်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးမှုကိုလည်း နှစ်ကြိမ်ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် သင်တန်းများဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပြီး အင်တာနက်အသုံးပြု Virtual စနစ်များဖြင့်လည်း တွဲဖက်သင်ကြားသွားမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမ များ၊ သင်တန်းသား သင်တန်းသူများအနေဖြင့် လက်တွေ့ သင်ကြားမှုများ၊ လူနာများအား စမ်းသပ်ရာ၌လည်းကောင်း၊ အဖွဲ့ငယ်များဖွဲ့၍ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးခြင်း ကိစ္စရပ် များ၌လည်းကောင်း စိတ်ဝင်စားမှုများသဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရန်၊ ရှောင်ရန် ကိစ္စများအား မေ့လျော့ သွားသည်များရှိနိုင်ပါကြောင်း။
သို့ဖြစ်ပါ၍ ယခုသင်တန်းများ ပြန်လည်ဖွင့်လှစ်ရာ၌ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများအား တစ်ဦးနှင့်တစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်းများကို မဖြစ်မနေပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ တာဝန်ရှိသူများအားလုံး ၏ အားထုတ်ကြိုးပမ်းမှုများဖြင့် ၂၀၁၆ ခုနှစ် ဧပြီလမှ ယခုအထိ ဆေးနှင့်ဆေးပညာနှီးနွှယ် ဘွဲ့လွန်သင်တန်းသစ် ၃၄ ခုကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက် ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါ ကြောင်း၊ ဆေးနှင့်ဆေးပညာနှီးနွှယ်ဘာသာရပ်တိုင်း၌ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ် လုံလောက်စွာရှိမှသာလျှင် ပြည်သူများအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်မည်ဖြစ် သဖြင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီလမှစကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အထူးဦးစားပေးဆောင် ရွက်လျက်ရှိပါကြောင်း။
ဘွဲ့လွန်တက်ရောက်နေသူ ၃၀၂၈ ဦးရှိ
လက်ရှိတွင် ဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းစုစုပေါင်း ၁၃၆ မျိုး၌ တက်ရောက်နေသူ ပေါင်း ၃၀၂၈ ဦးရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီး ဌာနမှ ပညာရှင်များ နိုင်ငံတကာအတွေ့အကြုံနှင့် ပညာရပ် များ ရရှိစေရန်အတွက် နိုင်ငံတကာအစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ ခြောက်လအောက်နှင့် ခြောက်လအထက်သင်တန်းများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများတက်ရောက်ရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီလ မှ ယခုအထိ ၈၆၀၀ ကျော် စေလွှတ်ခဲ့ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ရန် ပညာရှင်များမွေးထုတ် သင်ကြားလေ့ကျင့်မှုလုပ်ငန်းများကို ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများကလည်း ပွင့်လင်းတိကျ စွာဖြင့် ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) (၆/၂၀၁၉) (ပုံမှန်)သင်တန်းနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ် (၁/၂၀၂၀) (ပုံမှန်)သင်တန်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမ များနှင့် အစည်းအဝေးများ ပြုလုပ်ပြီး တိုင်ပင်ဆွေးနွေးခဲ့ကာ စီမံချက် (မူကြမ်း) ရေးဆွဲထားရှိမှု၊ စီမံချက်(မူကြမ်း)အရ သင်တန်းများဖွင့်လှစ်မည့် ကာလမတိုင်မီ တစ်လတွင် သင်တန်းသား သင်တန်းသူများအား အသိပေးကြေညာရန်၊ လာမည့်ဖေဖော်ဝါရီလတွင် သင်တန်းများပြန်လည်ဖွင့်လှစ် ရန် လျာထားမှု၊ သင်တန်းစာမေးပွဲများပြုလုပ်ရန်၊ ပြန်လည် သင်ကြားခြင်းပြုလုပ်ရန်၊ ကိုယ်ပိုင်စာကြည့်ချိန်ပေးရန် နှင့် အတန်းတင်စာမေးပွဲကို အဆိုပါကာလ၌ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများနှင့်အညီ အသင့်တော်ဆုံးပုံစံဖြင့် ဆောင်ရွက်ရန်တို့ကိုလည်းကောင်း၊ တက္ကသိုလ်အလိုက် နောက်ဆုံးနှစ် သင်တန်းသား သင်တန်းသူ အရေအတွက်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်တက်ရောက် မည့် အရေအတွက်၊ သင်တန်းပြီးဆုံးပြီးနောက် အလုပ်သင် တာဝန်ချထားမည့် သင်ကြားရေးဆေးရုံကြီးများနှင့် ပတ်သက်၍လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဘွဲ့လွန်ဆေးပညာ သင်တန်းများ ဝင်ခွင့်ခေါ်ယူရေးအတွက် ကြိုတင်အစည်း အဝေးများပြုလုပ်ထားကာ စီမံချက်(မူကြမ်း) ရေးဆွဲထား ရှိမှု၊ စီမံချက်(မူကြမ်း)အရ လာမည့်ဖေဖော်ဝါရီလတွင် လျှောက်လွှာခေါ်ယူကာ ဧပြီလတွင် ဘာသာရပ်ဆိုင်ရာ ရေးဖြေစာမေးပွဲကိုပြုလုပ်ရန် လျာထားမှု စသည်တို့ကို ရှင်းလင်းတင်ပြသည်။
အကြံပြုချက်များပေးအပ်
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ် ၁၅ ခုတို့မှ ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများက စီမံချက် (မူကြမ်း) နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် အကြံပြုချက်များပေးအပ်ခဲ့ကာ ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ အခြားသော သင်တန်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ထပ်မံဆွေးနွေးမှုများပြုလုပ်ကာ စီမံချက်(မူကြမ်း)များ ရေးဆွဲတင်ပြသွားမည်ဖြစ်ကြောင်း အသီးသီးတင်ပြခဲ့ကြ သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သင်တန်းများဖွင့်လှစ်ရာတွင် အသုံးပြုမည့် တစ်ကိုယ်ရေ သုံး ရောဂါကာကွယ်ရေးဆိုင်ရာပစ္စည်းများ အပါအဝင် လိုအပ်သည်များကို စာရင်းပြုလုပ်၍ အမြန်ဆုံးတင်ပြ တောင်းခံစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ စီမံချက်(မူကြမ်း)များကို ဆောင်ရွက်မည့်အချိန်ကာလ (timeline)နှင့်တကွ စနစ် တကျရေးဆွဲထားခြင်းသည် ကောင်းမွန်ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာန၊ ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ ဆွေးနွေး တိုင်ပင်ရေးဆွဲထားပြီး ဝန်ကြီးဌာနသို့ တင်ပြလာမည့် စီမံ ချက်များအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ အမြန်ဆုံးတင်ပြကာ အတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ဖြစ်စဉ်ကာလတွင် မိမိတို့အနေဖြင့် သမားရိုးကျ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်၍မရဘဲ ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေအရပ်ရပ်နှင့်အညီ အသင့်တော်ဆုံးနှင့် အကောင်းဆုံး ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ကြိုးပမ်းဆောင်ရွက်
ဆေးနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ တာဝန် ရှိသူများအနေဖြင့် သမားရိုးကျမှ ဖောက်ထွက်သော အမြင် များ၊ တီထွင်ဆန်းသစ်သောအမြင်များဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပညာရှင်များ မွေးထုတ်လေ့ကျင့်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေ လိုပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြ သော ပါမောက္ခကြီးများသည် နိုင်ငံတကာမှ ဘွဲ့လွန်ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်များ ရရှိထားသူများဖြစ်ကာ အတွေ့အကြုံမြင့်မားကြသူများဖြစ်သဖြင့် မြန်မာနိုင်ငံ၌ ယခု ကျင့်သုံးလျက်ရှိသော သင်ကြားမှုနည်းစနစ်များ ပိုမို ကောင်းမွန်စေရေးအတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ သင်ရိုးညွှန်းတမ်းများကိုလည်း နောက်ဆုံးပေါ်အချက်အလက်များ၊ တွေ့ရှိချက်များနှင့် အညီ အမြဲမွမ်းမံပြင်ဆင်နေရမည်ဖြစ်ပါကြောင်း၊ သင်ကြား မှုအထောက်အကူပြုပစ္စည်းများ လိုအပ်ချက်ကိုလည်း အမြဲတမ်းဆန်းစစ်ကာ တင်ပြတောင်းခံစေလိုပြီး ဝန်ကြီး ဌာနမှ ဦးစားပေးအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် အရည်အသွေးပြည့်ဝသည့် ပညာရှင်များ ဆက်လက်မွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်