
ပေါက်ပေါက်
ထူးခြားတဲ့ နေကြာပန်း
နေကြာပင်၏ သိပ္ပံအမည်မှာ Helian thusannus ဖြစ်ပြီး နေကြာစေ့ကို အင်္ဂလိပ်လို Sun Flower Seeds ဟု ခေါ်ပါသည်။ နေကြာပင်၏ ထူးခြားချက်မှာ ရေသောက်မြစ်ရှည်လျားပြီး အမြစ်အုံဖွဲ့စည်းပုံ အလွန်ကောင်းသောကြောင့် ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိသည်။ နေကြာပန်း ဟုခေါ်ဆိုသော်လည်း နေကြာပန်းပွင့်လေးများ ပွင့်ရင်းခံပေါ်မှာ စုပြုံတည်နေသော ပန်းခိုင်အုံကြီး ဖြစ်ပါသည်။ ၎င်းပန်းအုံကြီးထဲတွင် ပန်းပွင့်နှစ်မျိုး ရှိပါသည်။ ဘေးပတ်လည်က အဝါရောင် တောက်တောက် ပွင့်ချပ်များကို Ray Florets ဟုခေါ်၍ အတွင်းဘက်ပိုင်းတွင် ခရုပတ်သဏ္ဌာန် စီတန်းလျက်ရှိသော ပန်းပွင့်ငယ်ကလေးများကို Disc Florets ဟု ခေါ်ပါသည်။ ထိုအပွင့်ငယ်လေး မှာ အဖိုဝတ်မှုန်နှင့် အမဝတ်မှုန် နှစ်မျိုးစီပါရှိသော် လည်း အဖိုဝတ်မှုန်က စော၍ရင့်မှည့်လေ့ရှိပါ သည်။ ဖိုမဝတ်မှုန် ရင့်မှည့်ချိန် မတူညီသောကြောင့် ပျားကောင်များ၏ အကူအညီဖြင့် အပင်တစ်ပင်မှ အခြားတစ်ပင်သို့ သဘာဝနည်းအရ ဝတ်မှုန် ကူးပြောင်းလေ့ရှိကြပါသည်။ စီးပွားဖြစ် နေကြာပန်းစိုက်ခင်းများတွင်မူ လူအင်အားဖြင့် ဝတ်မှုန်ကူးယူကြပါသည်။ နေကြာပန်းများ ဝတ်မှုန် ကြွေချိန် ရောက်သည့်အခါ နေကြာရွက်ပေါ်တွင် ဝတ်မှုန်ကိုခံယူ၍ အခြားအပွင့်များ၏ မျက်နှာပြင် ကို အသာအယာ ပွတ်ပေးခြင်းဖြင့် နေကြာ တောင်သူများက ဝတ်မှုန်ကူးပေးကြရပါသည်။ ၎င်းလုပ်ငန်းဆောင်တာကို နံနက် ၇ နာရီမှ ၁၁ နာရီအတွင်း လုပ်ဆောင်ပေးရပါသည်။
စီးပွားဖြစ် နေကြာစိုက်ပျိုးနည်း
စားသုံးဆီမှာ ဆန်ပြီးလျှင် ဒုတိယအရေးပါသော အခြေခံစားကုန်ဖြစ်သည်။ သို့ဖြစ်၍ ဆီဖူလုံရေး သည် အရေးပါလျက်ရှိသည်။ ဆီဖူလုံရန် ဆီထွက် သီးနှံအမျိုးမျိုးကို တိုးချဲ့စိုက်ပျိုးရန် လိုပါသည်။ နေကြာသည် ဆီဖူလုံရေးအတွက် စိုက်ပျိုးသင့်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ စိုက်ပျိုးရေးဦးစီး ဌာန၏ နည်းပညာသတင်းအချက်အလက်များအရ စီးပွားဖြစ် နေကြာစိုက်ပျိုးနည်းကို အောက်ပါ အတိုင်း အကြံပြုထားသည်ကို တွေ့ရပါသည်။ နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်း နှင့် တစ်ဧကဆီထွက်နှုန်း ကောင်းမွန်ခြင်းတို့ ကြောင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့် သီးနှံဖြစ်ပါသည်။ နေကြာတစ်ဧက တင်း ၃၀ မှ ၅၀ အထိ အထွက်နှုန်း ရရှိရန် အောက်ပါနည်းပညာများကို ကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ပါသည်။
(၁) အမျိုးအစား
အထွက်ကောင်းမျိုးများဖြစ်သည့် စပ်မျိုး နေကြာ၊ ရေဆင်းစပ်မျိုး-၁၊ နိုင်ငံတော် မျိုးစေ့ကော်မတီက အတည်ပြုထားသော နိုင်ငံခြားစပ်မျိုးများနှင့် OPV မျိုးဖြစ်သည့် ဆင်းရွှေကြာ- ၂ မျိုးများ အသုံးပြုပါ။ အရည် အသွေးကောင်းမွန်၍ အပင်ပေါက် ၈၀ ရာခိုင်နှုန်းအထက်ရှိသော မျိုးများကို အသုံးပြုရပါမည်။
(၂) စိုက်စနစ်
(က) စိုက်ချိန်အနေဖြင့် မှန်ကန်စွာ စိုက်ပျိုးရန် လိုပါသည်။ (မိုးရာသီ - မေ၊ ဇွန် ၊ ဆောင်းရာသီ- စက်တင်ဘာ၊ အောက်တိုဘာ)၊ (ခ) မြေအမျိုး အစားအနေဖြင့် မြေသားနက်၍ မွပြီး မြေဆီ အာဟာရ ထက်သန်သောမြေနှင့် နုန်းမြေတွင် စိုက်ပါ။ ရေစိမ့်အားကောင်းပြီး ရေမဝပ်သော မြေဖြစ်ရမည်။ မြေချဉ်ငံကိန်း (pH) ၆ ဒသမ သုည မှ ၇ ဒသမ ၅ ဖြစ်ရမည်။ (ဂ) အပင်ဦးရေ အနေဖြင့် တန်းကြား နှစ်ပေနှင့် ပင်ကြား ကိုးလက်မထား၍ တစ်ကျင်းသုံးစေ့မှ ငါးစေ့ စိုက်ပျိုးရန် (အပင်ဦးရေ ၂၉၀၀၀ ကျော်)၊ (ဃ) သားခွဲခြင်းအနေဖြင့် တစ်ကျင်းတစ်ပင်ချန်၍ ၁၅ ရက်သားအတွင်း အပြီးခွဲဖို့လိုပါသည်။ (င) ရေပေးသွင်းခြင်းအနေဖြင့် အပင်သက်တမ်း တစ်လျှောက် ရေလိုအပ်မှုမရှိစေရန်နှင့် ရေပေး သွင်းနိုင်ပါက အဖူး ၇၅ ရာခိုင်နှုန်းဝင်ချိန်နှင့် ပန်း ၇၅ ရာခိုင်နှုန်းဝင်ချိန်တို့တွင် ရေပေးသွင်း ရပါမည်။ ရေပေးသွင်းချိန်တွင် ရေမဝပ်စေရန် အရေးကြီးပါသည်။
(၃) သွင်းအားစု
(က) သဘာဝမြေသြဇာအဖြစ် မြေပြင်ချိန်တွင် နွားချေးဆွေး (သို့မဟုတ်) မြေဆွေးကို နွားလှည်း ငါးစီးမှ ၁၀ စီးအထိ ထည့်သွင်း ပေးရပါမည်။ (ခ) ဓာတ်မြေသြဇာအဖြစ် မြေပြုပြင်ချိန် တစ်ဧကကို ယူရီးယား ၁၅ ပိဿာ၊ တီစူပါ ၁၅ ပိဿာနှင့် ပိုတက်ရှ် ၁၅ ပိဿာနှင့် အဖူးဝင်ချိန် ယူရီးယား တစ်ဧက ၁၅ ပိဿာနှင့် ပန်းစပွင့်ချိန် ယူရီးယား တစ်ဧက ၁၅ ပိဿာနှုန်း အသုံးပြုရပါမည်။
(၄) အပင်ကာကွယ်ရေး
(က) ပေါင်းမြက်များကို အပင်ပေါက်ပြီး ၄၀ ရက်သားအတွင်း နှိမ်နင်းပေးရပါမည်။ (ခ) ပိုးမွှားအန္တရာယ်အတွက် အပင်ငယ်စဉ်တွင် ဖြုတ်ပိုး၊ ရွက်စားပိုး၊ ရွက်ဖောက်ကျိုင်းများ ကျရောက်တတ်သဖြင့် အချိန်မီကာကွယ်ရန် လိုအပ်ပါသည်။ အစေ့အဆန်တည်ချိန်တွင် သီးလုံးဖောက်ပိုးနှင့် ရွက်စုံစား ခူဝါများ ကျရောက်တတ်ပါသည်။ ထိသေပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ (ဂ) ရောဂါ အနေဖြင့် နေကြာပင်ငယ်များတွင် မှိုရောဂါ ကျရောက်တတ်သဖြင့် မျိုးစေ့ကို မှိုသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးရပါမည်။ နေကြာရွက်ခြောက်ရောဂါ ဆိုးရွားစွာ ကျရောက်ပါက ပွင့်ဖူးဝင်ချိန်မှစ၍ မှိုသတ် ဆေးဖြင့် ကာကွယ်နှိမ်နင်းဖို့လိုပါသည်။
(၅) ရိတ်သိမ်းနည်းစနစ်
နေကြာပွင့် နောက်ကျောဘက် အဝါရောင် သန်းလာချိန် ရိတ်သိမ်းရန်။ ရိတ်သိမ်းပြီး နေကြာပွင့်အား တစ်ပွင့်နှင့်တစ်ပွင့် မထပ် စေဘဲ နှစ်ရက်၊ သုံးရက် နေလှန်း အစေ့ခြွေရပါ မည်။ အစေ့တွင်း အစိုဓာတ် (၅ - ၆) ရာခိုင်နှုန်း ထိရရှိရန် နှစ်ရက်၊ သုံးရက် နေလှန်း၍ လေလုံ အောင် သိုလှောင်ရပါမည်။
နေကြာစေ့ ထုတ်လုပ်ပုံ
နေကြာပင်များသည် မျိုးစိတ်အများအပြား ရှိကြပြီး အသုံးပြုမှုအရ လှော်စားသောနေကြာစေ့ နှင့် ဆီကြိတ်သောနေကြာဟူ၍ ကွဲပြားပါ သည်။ လှော်စားသောနေကြာမှာ အစေ့ခွံထူ၍ အစေ့အရွယ်ကြီးပါသည်။ ဆီကြိတ်သောနေကြာ မှာ အခွံပါးပြီး အစေ့ခွံနှင့် အသားမှာ ကပ်နေပါ သည်။ ပန်းပွင့်၏ နောက်ကျောဘက် အဝါရောင် ပြောင်းပြီး အညိုကွက်များဖြစ်ပေါ်နေလျှင် အစေ့ များ ရင့်မှည့်လာပြီဖြစ်ပါသည်။ အပွင့်မကြီးလွန်း၊ မသေးလွန်း ပုံသဏ္ဌာန်မှန်ပြီး အစေ့အရောင် တူညီသော ပန်းပွင့်များကို ရွေးချယ်၍ သီးသန့် ရိတ်သိမ်းရပါသည်။ နေကြာပွင့်အုံများကို ဓားဖြင့် ဖြတ်ယူ၍ နေလှန်း၊ တုတ်ဖြင့် ရိုက်ခြွေကြရပါသည်။ နေကြာဆီ ထုတ်ယူရရှိရန်အတွက် အစေ့များကို ခြောက်သွေ့အောင်နေလှန်းပြီးနောက် ဆီကြိတ်ယူ ရပါသည်။
နေကြာဆီနှင့်ကျန်းမာရေး
မြန်မာနိုင်ငံတွင် နေကြာစေ့ကို ကြက်သွန်ဖြူ ဖြင့် လှော်၍စားသုံးလေ့ရှိကြပြီး တချို့နိုင်ငံများတွင် နေကြာစေ့ဖြင့် pan ကိတ်နှင့် ချောကလက်တို့တွင် ဌာပနာထည့်၍ စားကြပါသည်။ နေကြာစေ့ ဆီကြိတ်၍ ဟင်းချက်စားသုံးသောဓလေ့သည် လည်း ကျန်းမာရေးအတွက် လွန်စွာညီညွတ် မျှတစေပါသည်။
တစ်ခွက်စာပမာဏရှိသော နေကြာစေ့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ခွန်အား ၅၈၄ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် ၂၀ ဂရမ်၊ ပရိုတင်း ၂၀ ဒသမ ၇၈ ဂရမ်၊ အဆီဓာတ် ၅၁ ဒသမ ၄၇ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၈ ဒသမ ၆ ဂရမ်၊ ဖောလိပ် ၂၂၇ မိုက်ခရိုဂရမ်၊ နီအာစင်း ၈ ဒသမ ၃၃၅ မီလီဂရမ်၊ ပန်တိုသနစ် အက်စစ် ၁ ဒသမ ၁၃ မီလီဂရမ်၊ ပိုင်ရီဒေါက်ဆင်း ၁ ဒသမ ၃၄၅ မီလီဂရမ်၊ ရီဗိုဖလာဗင် သုည ဒသမ ၃၅၅ မီလီဂရမ်၊ သီအာမင် ၁ ဒသမ ၄၈ မီလီဂရမ်၊ ဗီတာမင်အေ ၅၀ အိုင်ယူ၊ ဗီတာမင်စီ ၁ ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်အီး ၃၅ ဒသမ ၁၇ မီလီဂရမ်၊ ဆိုဒီယမ် ကိုးမီလီဂရမ်၊ ပိုတက်စီယမ် ၆၄၅ မီလီဂရမ်၊ ကယ်လ်စီယမ် ၇၈ မီလီဂရမ်၊ ကော့ပါး ၁ ဒသမ ၈ မီလီဂရမ်၊ သံဓာတ် ၅ ဒသမ ၂၅ မီလီ ဂရမ်၊ မဂ္ဂနီစီယမ် ၃၂၅ မီလီဂရမ်၊ မဂ္ဂနီးစ် ၁ ဒသမ ၉၅ မီလီဂရမ်၊ ဖော့စဖရက် ၆၆၀ မီလီဂရမ်၊ စီလီနီယမ် ၅၃ မိုက်ခရိုဂရမ်၊ ဇင့် ငါးမီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၃၀ မိုက်ခရိုဂရမ်တို့ အသီးသီး ပါရှိနေကြပြီး လူကိုဘေးဖြစ်စေတတ်သော ကိုလက်စထရော လုံးဝမပါရှိပေ။
နေကြာစေ့ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း စားသုံး ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူး များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
p နေကြာဆီထဲတွင်ပါရှိသော ဗီတာမင်အီးက ဦးရေပြားပေါ်ရှိ သွေးကြောများ လည်ပတ် စီးဆင်းမှုကို ကောင်းစွာ အထောက်အပံ့ ဖြစ်စေပြီး ဆံပင်အရှည်မြန်စေနိုင်ပါသည်။
p နေကြာဆီသည် ဖောလစ်အက်စစ်ကြွယ်ဝ သော ဆေးဖက်ဝင်ဆီအမျိုးအစားဖြစ်ပါသည်။ ဖောလစ်အက်စစ် (ခေါ်) ဗီတာမင်ဘီ-၉ က အာရုံကြောစနစ်နှင့် အစ်ရီနယ်ဂလင်းတို့ အတွက် မရှိမဖြစ် အာဟာရဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲတွင်
ဆဲလ်အသစ်များဖြစ်ပေါ်စေရန် အထောက် အကူပြုပါသည်။
p ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားတို့အတွက် ဖောလစ်ဓာတ် မချို့တဲ့စေရန်နှင့် ကလေး အသေ (သို့မဟုတ်) ပေါင်ချိန်မပြည့်သော ကလေးမွေးဖွားခြင်းတို့မှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် မိခင်လောင်းများက နေကြာဆီ စားပေးသင့်ပါသည်။ နေကြာဆီသည် သန္ဓေ သားလောင်းအတွက် DNA ထုတ်လုပ်ပေးနိုင် သဖြင့် သန္ဓေသား၏ မျက်နှာ၊ အသည်း၊ နောက်ဘက်ကျောရိုးမကြီးနှင့် ဦးနှောက်တို့ ကို ဖွံ့ဖြိုးလာအောင် ကူညီထောက်ပံ့ပေးနိုင် ပါသည်။
p နေကြာဆီထဲတွင်ပါရှိသော lingams ဓာတ်က ကင်ဆာအဖုအကျိတ်များ ကြီးထွားလာမှုကို ကြန့်ကြာနှေးကွေးစေပါသည်။
p ဦးနှောက် မှတ်ဉာဏ်အားကောင်းစေရန်၊ အာရုံကြောများ အားကောင်းစေရန်၊ အနီ ရောင်ဆဲလ်များ ကောင်းစွာထုတ်လုပ်နိုင်ရန် နှင့် အရေပြားရောဂါ အမျိုးမျိုးတို့အတွက် ဗီတာမင်ဘီ-၆ က မရှိမဖြစ်ပါ။ နေကြာဆီ ထဲတွင် ဗီတာမင်ဘီ-၆ ကို လုံလောက်စွာ ရရှိ နိုင်ပါသည်။ ဦးခေါင်းတစ်ခြမ်းကိုက်ခဲသူများ အတွက်လည်း နေကြာဆီစားပေးသင့်ပါသည်။
p ကာဗိုဟိုက်ဒရိတ်ဆိုသည်မှာ လူသားတို့ အတွက် မရှိမဖြစ်လိုအပ်နေသော အာဟာရ များဖြစ်ကြသည့် အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကျန်းမာသော အဆီဓာတ်များ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ အစုအဝေးဖြစ်ပါသည်။ နေကြာဆီမှ ၎င်းကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင် ပါသည်။
p နေကြာဆီထဲတွင် သစ်ပင်မှရရှိနိုင်သော သဘာဝအဆီဓာတ် အပြည့်အဝပါရှိနေပြီး ၎င်းအဆီဓာတ်က ကျန်းမာရေးအတွက် လွန်စွာအရေးပါသော မပြည့်ဝဆီ (Unsaturated Fat) ဖြစ်ပါသည်။ ခန္ဓာကိုယ်ကို ဘေးဥပဒ် လုံးဝမဖြစ်စေသော HDL ကိုလက်စထရောများကို ပေးစွမ်းပြီး ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေသော LDL ကိုလက်စထရော လျော့ကျစေပါသည်။
p ဦးရေပြားခြောက်သွေ့ ဗောက်ထခြင်းက ခန္ဓာကိုယ်ထဲတွင် ဇင့်(သွပ်)ဓာတ်ချို့တဲ့နေခြင်း လက္ခဏာဖြစ်ပါသည်။ ဇင့်ဓာတ်အားကောင်း စေမည့် နေကြာဆီကို စားပေးခြင်းဖြင့် အရေပြားကို စိုပြည်စေနိုင်ပါသည်။
p အယ်လ်ဇိုင်းမားဖြစ်ခြင်းမှ ကာကွယ်ရန်နှင့် ဦးနှောက်နှင့်ပတ်သက်သော ကင်ဆာရောဂါ များမှ ကင်းဝေးစေရန်တို့အတွက် ဖောလစ်အက်စစ် (ခေါ်) ဗီတာမင်ဘီ-၉ ကြွယ်ဝသောနေကြာဆီကို စားပေးသင့်ပါ သည်။
p ဗီတာမင်အီးကြွယ်ဝသည့် နေကြာစေ့နှင့် နေကြာဆီတို့သည် ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ ကို ကျန်းမာကြံ့ခိုင်စေပါသည်။ အထူးသဖြင့် အစာအိမ်၊ အူမကြီး၊ အဆုတ်၊ အသည်း၊ သားအိမ်ခေါင်း စသည့် ကင်ဆာဝေဒနာရှင်များ အနေဖြင့် ၎င်းဗီတာမင်အီးကြွယ်ဝသည့် နေကြာစေ့လှော်နှင့် နေကြာဆီတို့ကို စားပေး သင့်ပါသည်။
p အနာကြီးရောဂါသည်များအတွက် ဗီတာမင်အီး ကြွယ်ဝသော နေကြာဆီက ကောင်းမွန်သော ဓာတ်စာဖြစ်ပါသည်။
p နေကြာဆီတွင်ပါရှိသော ဗီတာမင်အီးဓာတ်က မျက်စိကို အားကောင်းစေပြီး ဗီတာမင်အေ ဓာတ်က မျက်စိအတွင်းတိမ်ရောဂါ မဖြစ် အောင် ကာကွယ်ပေးနိုင်ပါသည်။
p ကြွက်သားများ ကြီးထွားရန်အတွက် ပရိုတင်း ဓာတ် လိုအပ်ပါသည်။ နေကြာဆီစားပေးခြင်း ဖြင့် ပရိုတင်းဓာတ်ရရှိစေနိုင်ပါသည်။
p သက်သတ်လွတ် စားသုံးသူများအတွက် အထူး သတိထားရန်မှာ အနီရောင် ခြေလေးချောင်း သားများ ရှောင်ခြင်းကြောင့် ပရိုတင်းအာဟာရ ချို့တဲ့လာနိုင်ပါသည်။ ပရိုတင်းဓာတ်ကြွယ်ဝ သော နေကြာဆီကို စားပေးသင့်ပါသည်။
p နေကြာဆီထဲရှိ စီလီနီယမ်သတ္တုဓာတ်က စိတ်တိုစိတ်ဆတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်စောခြင်း၊ စိတ်ဖိစီးမှုများခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ အမျိုးမျိုးကို ဖြေလျှော့ပေး နိုင်ပါသည်။
p ဗီတာမင်အီးနှင့် ဗီတာမင်စီတို့ အရင်းအမြစ် စုဝေးရာ နေကြာဆီက ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးနိုင်သော ဖရီးရယ်ဒီကယ်များ ၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးကာ နှလုံး သွေးကြောပိတ်ဆို့ခြင်းနှင့် နှလုံးရောဂါနှင့် ဆက်နွှယ်နေသော လေဖြတ်ခြင်းတို့မှလည်း ကာကွယ်ပေးပါသည်။
p အစာမကြေရောဂါ နှင့် ဝမ်းသွားခြင်းတို့အတွက် နေကြာဆီကို စားပွဲတင်ဇွန်းတစ်ဇွန်းခန့် သောက်ပေးပါ။
p နေကြာဆီထဲရှိ ဗီတာမင်အီး၊ စီလီနီယမ်နှင့် ကော့ပါးဓာတ်များက ခန္ဓာကိုယ်အတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ကောင်းကျိုး သက်ရောက်စေသဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားကာကွယ်ပေးနိုင် ပါသည်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြား ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ နှင့် ရင်သားကင်ဆာတို့အတွက် နေကြာဆီက ကောင်းကျိုးပြုပါသည်။
p မဂ္ဂနီစီယမ်ကြွယ်ဝသည့် နေကြာဆီကို စားပေး ခြင်းဖြင့် အရိုးများကြံ့ခိုင်သန်မာစေပါသည်။
p နေကြာဆီထဲရှိ စွမ်းအားပြည့် ပိုတက်စီယမ် ဓာတ်က သွေးဖိအားကို လျော့ကျစေ၍ သွေးတိုးရောဂါရှိသူများ နေကြာဆီကို ဟင်းချက်စားသင့်ပါသည်။
p ပန်းနာရင်ကျပ်ရှိသူများ၊ အဆစ်အမျက် ရောင်ရမ်းနာရှိသူများ၊ အရိုးပွရောဂါရှိသူများ အတွက် နေကြာဆီက ဓာတ်စာဖြစ်ပါသည်။
p ဆီးချို၊ သွေးချိုရောဂါသည်များ နေကြာဆီ စားပေးပါ။
p နေကြာဆီစားသုံးပေးခြင်းဖြင့် အဆုတ်လမ်း ကြောင်း ပိတ်ဆို့မှုရောဂါဖြစ်ခြင်းမှ ကာကွယ် ပေးနိုင်ပါသည်။
p သီအာမင်နှင့် ဇင့်ဓာတ်တို့ပေါကြွယ်ဝသည့် နေကြာဆီကို ဟင်းချက်စားသုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားလာစေနိုင်ပါ သည်။
p အသားအရေ ဝင်းပလိုသူများ၊ ဝက်ခြံပေါက် သူများ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်သင့်၍ အရေပြားပျက်စီးသူများ၊ အရွယ်တင် လှပ လိုသူများ၊ အသားအရေ မစိုမပြည်ခြောက်သွေ့ သူများ၊ ဆံပင်ကျွတ်သူများက နေကြာစေ့ လှော်စားပါ။ နေကြာဆီဖြင့် ဟင်းချက်စားပါ။ နေကြာဆီလိမ်းပေးနိုင်ပါသည်။
p အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းမှ ကင်းဝေး အောင်လည်း နေကြာဆီက ကြိုတင်ကာကွယ် ပေးနိုင်ပါသည်။ ။
- Log in to post comments