
စစ်တွေ စက်တင်ဘာ ၁
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြ သည့် အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများအား သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အအုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Sinovac ကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် စစ်တွေတပ်နယ်မှ ဆေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်းဖြစ်ကာ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာ ခွင့်ပြုကြောင်း သိရသည်။
သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက်အအုံ တွင် အမျိုးသားနှင့် အမျိုးသမီးများကို သီးသန့်ခွဲပြီး အမျိုးသားများကို အဆောက်အအုံအပေါ်ထပ်နေရာတွင် လည်းကောင်း၊ အမျိုးသမီးများ အား ဒုတိယထပ်နေရာတို့တွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးမှုနှင့်စပ်လျဉ်း၍ သဲချောင်း IDPs စခန်း တာဝန်ခံ ဦးမောင်မောင်စိန်က “ကျွန်တော်တို့ သဲချောင်းစခန်းမှာ ဩဂုတ် ၃၀ က စတင်ပြီး IDPs စခန်းအတွင်းက လူဦးရေ ၃၀၀ ကို ထိုးနှံပေးနိုင်ခဲ့ပါတယ်။ ဒီသဲချောင်း IDPs စခန်းမှာရှိတဲ့ အသက် ၄၅ နှစ်နှင့်အထက် ပြည်သူအားလုံးကို ထိုးပေးမယ်လို့ ကြားသိရပါ တယ်။ ကျွန်တော်ကတော့ ကာကွယ်ဆေးကို ၄ လပိုင်းကတည်းက ထိုးပြီးပါပြီ။ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကျွန်တော်တို့ တကယ် လို့များ ရောဂါကူးစက်ခံရရင်တောင် အသက်အန္တရာယ်မရှိဘူးလို့ သိရပါ တယ်။ ကာကွယ်ဆေးထိုးထားရင် အများကြီး အကျိုးကျေးဇူးရှိတဲ့ အကြောင်းကြားသိရတဲ့အတွက် ကျွန်တော်တို့ စခန်းမှာ နေထိုင်သူတွေ ကို ကာကွယ်ဆေးထိုးကြဖို့ နှိုးဆော်တိုက်တွန်း ပြောကြားထားပါတယ်။ ဒီကာကွယ်ဆေးတွေကို ကျွန်တော်တို့ စခန်းတွေထိလာပြီးတော့ ထိုးနှံ ပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ တပ်မတော်က ဆေးဝန်ထမ်းတွေနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်အစိုးရကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်”ဟု ပြောသည်။
အလားတူ စစ်တွေမြို့ သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အအုံတွင် သဲချောင်းကျေးရွာနေပြည်သူများအား ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ သဲချောင်း IDPs စခန်းမှ ဆေးလာရောက် ထိုးနှံသည့် ဒေါ်ခိုင်ခင်ဦးက “ကျွန်မတို့ကလည်း ဒီကာကွယ်ဆေး ထိုးထားတဲ့အတွက် ရောဂါကို ကာကွယ်နိုင်တယ်လို့ သိထားပါတယ်။ ဒါကြောင့် ဒီဆေးကို လာရောက်ပြီးထိုးနှံတာပါ။ ဒီကာကွယ်ဆေး ကို ထိုးထားတဲ့အတွက် သေဆုံးမှုလည်းမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် စခန်းမှာနေထိုင်ကြတဲ့ လူတွေလည်း လာရောက်ထိုးနှံကြဖို့ ပြောကြားလိုပါတယ်။ ဒီဆေးကိုလာရောက်ထိုးပေးကြတဲ့ ဆရာဝန်တွေ နဲ့ တာဝန်ရှိတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများမှ အသက်(၄၅)နှစ်နှင့် အထက် ပြည်သူများအား သက္ကယ်ပြင်ကျေးရွာ အမှတ်(၁၀) အခြေခံ ပညာအထက်တန်းကျောင်းနှင့် သက္ကယ်ပြင် IDPs စခန်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ဩဂုတ် ၂၈ မှစတင်ပြီး ထိုးနှံပေး လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော သက်ကြီးရွယ်အိုများ အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ IDPs စခန်းတာဝန်ခံ နှင့် တာဝန်ရှိသူများက လိုအပ်သောကိစ္စများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့် IDPs စခန်း များမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် အတွက် ကာကွယ်ဆေး Sinovac အလုံးရေ ၅၀၀၀၀ ကို ပြည်ထောင်စု အစိုးရအဖွဲ့မှ သီးသန့်ခွဲဝေချပေးထားပြီးဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမေးမြန်း - အေးအေးအောင်၊ တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ - တင်ထွန်း(ပြန်/ဆက်)