စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   မေ   ၉ 


အိန္ဒိယနိုင်ငံအစိုးရ၏  အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော  ကုလားတန်မြစ်ကြောင်း ဘက်စုံ သုံး    ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ စစ်တွေကုလားတန်   အပြည်ပြည်ဆိုင်ရာ    ဆိပ်ခံ တံတားဖွင့်ပွဲအခမ်းအနားကို   ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆိပ်ကမ်း၌ ကျင်းပသည်။

 


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အိန္ဒိယနိုင်ငံ ဆိပ်ကမ်း များ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာန   ဝန်ကြီး     H.E. Shri Sarbananda Sonowal ၊  ရခိုင်ပြည်နယ်  ဝန်ကြီးချုပ်  ဦးထိန်လင်း၊    မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံ သံအမတ်ကြီး  H.E. Mr. Vinay Kumar ၊  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ထင်လတ်ဦး၊   ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  အိန္ဒိယသမ္မတနိုင်ငံမှ   ဝန်ကြီးနှင့်အတူလိုက်ပါလာသော    အဖွဲ့ဝင်များ၊    ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာနမှ  ဌာန အကြီးအကဲများ၊  ရခိုင်ပြည်နယ်ရှိ   ဌာနအသီးသီးမှ      ပြည်နယ်အဆင့်    တာဝန်ရှိသူများနှင့်   ဖိတ်ကြားထား သော   ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

 


ကြိုဆိုနှုတ်ဆက်


ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး     ဗိုလ်ချုပ်ကြီး     တင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ      စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင်     အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊   သင်္ဘောလုပ်ငန်းနှင့်    ရေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး    H.E. Shri Sar-bananda Sonowal ဦးဆောင်သော  အိန္ဒိယနိုင်ငံ အစိုးရ၏   ကိုယ်စားလှယ်များကို    ကြိုဆိုနှုတ်ဆက် သည်။    

 


ထို့နောက်     စစ်တွေကုလားတန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းရှိ    အစည်းအဝေးခန်းမတွင် ဒုတိယ ဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီး၊  အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊   သင်္ဘောလုပ်ငန်းနှင့်   ရေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန    ဝန်ကြီး   ဦးဆောင်သော အိန္ဒိယနိုင်ငံအစိုးရ၏   ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကို  စစ်တွေကုလားတန်ဆိပ်ခံတံတား အား စီမံခန့်ခွဲလျက်ရှိသော   A to Z Exim Limited မှ    လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြရာ  ဝန်ကြီးများက လိုအပ်သည်များ ကို ဆွေးနွေးမှာကြားသည်။ 

 


အမှာစကားများ ပြောကြား


ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို  အစီအစဉ် အတိုင်း ဆက်လက်ကျင်းပရာ ပထမဦးစွာ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် စတင်ဖွင့်လှစ်ကာ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ  သံအမတ်ကြီး   H.E. Mr. Vinay Kumar    က   ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင် ရေးနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန  ဝန်ကြီး   H.E. Mr. Shri Sarbananda Sonowal    တို့က အမှာစကားများ ပြောကြားကြသည်။

 


ဆက်လက်၍        ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက     အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့်   ဆောင်ရွက်ခဲ့သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင် ရေးစီမံကိန်း၏     အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ဖွင့်လှစ်နိုင်မှုသည် အိန္ဒိယနိုင်ငံအတွက်သာမက ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်အတွက်ပါ များစွာအကျိုး ဖြစ်ထွန်းစေနိုင်မည့်  စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းလမ်း၊    ပြည်တွင်းရေကြောင်း လမ်းနှင့်   မော်တော်ကားလမ်းကို    ချိတ်ဆက်၍ ဘက်စုံသယ်ယူပို့ဆောင်နိုင်မည်    ဖြစ်ခြင်းကြောင့်  နှစ်နိုင်ငံအကြား    ကုန်သွယ်မှုနှင့်    ဒေသတွင်း ကုန်သွယ်မှုကို      တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များအကြား လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုလည်း ပိုမိုကောင်းမွန်လာပြီး ဒေသခံများ၏ လူမှုစီးပွားဘဝ သည်လည်း များစွာတိုးတက်လာမည်ဖြစ်ကာ အလုပ် အကိုင်အခွင့်အလမ်းများလည်း   ပိုမိုရရှိမည်ဖြစ်ပါ ကြောင်း၊ စစ်တွေဆိပ်ကမ်းမှတစ်ဆင့်  အိန္ဒိယနိုင်ငံ နှင့်သာမက   ဒေသတွင်းနိုင်ငံများနှင့်ပါ   တိုက်ရိုက် ကုန်သွယ်နိုင်မည်ဖြစ်ရာ    စီမံကိန်းအောင်မြင်စွာ ပြီးစီးရေးအတွက်  ကြိုးစားအားထုတ်ပေးကြသည့် နှစ်နိုင်ငံအစိုးရဘက်မှ တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် 


ဆက်လက်၍        ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီး ဌာန      ဝန်ကြီးတို့က    စစ်တွေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ စစ်တွေကုလားတန်ဆိပ်ခံတံတား အထိမ်း အမှတ်  ကမ္ပည်းမော်ကွန်းအား  စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ နှစ်ဖက်အပြန်အလှန် အမှတ်တရ ပစ္စည်း  လဲလှယ်ကြပြီး   စစ်တွေကုလားတန်ဆိပ်ခံ တံတားဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်လာကြ သည့် ဧည့်သည်တော်များနှင့်အတူ  စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။  

 


ထို့နောက်    အိန္ဒိယနိုင်ငံမှ   လာရောက်သော အပြည်ပြည်ဆိုင်ရာကုန်စည်တင်သင်္ဘော  ITT Lion ဆိုက်ကပ်ထားသည့် စစ်တွေကုလားတန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းသို့  ရောက်ရှိကြပြီး ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယနိုင်ငံ ဆိပ်ကမ်း များ၊  သင်္ဘောလုပ်ငန်းနှင့်  ရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနဝန်ကြီး၊    ရခိုင်ပြည်နယ်   ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊   အိန္ဒိယ နိုင်ငံ     ပြည်ပရေးရာဝန်ကြီးဌာန    အတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ     အိန္ဒိယသံအမတ်ကြီးတို့က စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာ     ဆိပ်ခံ တံတားအား    ဖဲကြိုးဖြတ်၍    ဖွင့်လှစ်ပေးကာ လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ 

 


မွန်းလွဲပိုင်းတွင်     ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ရှိ   Royal Sittwe Resort Hotel    ၌ ကျင်းပသည့် အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊ သင်္ဘော လုပ်ငန်းနှင့်   ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Shri Sarbananda Sonowal ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း မှ  စီးပွားရေးလုပ်ငန်းရှင်များ  တွေ့ဆုံဆွေးနွေးပွဲ သို့  တက်ရောက်၍   စစ်တွေဆိပ်ကမ်းဖွင့်လှစ်နိုင်မှု ကြောင့်   နိုင်ငံကုန်သွယ်မှုတိုးတက်လာမည့်အခြေ အနေ၊ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ဒေသတွင်းနိုင်ငံ များသို့ ကုန်သွယ်မှုများ တိုးမြင့် တင်ပို့နိုင်မည့်အခြေ အနေ၊ ရခိုင်ပြည်နယ်အတွင်းရှိ  ပြည်သူများ၏  စီးပွား ရေးအခွင့်အလမ်းများနှင့်    အလုပ်အကိုင်အခွင့်အလမ်း များ  တိုးတက်ရရှိနိုင်မည့်အခြေအနေ၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အကြား သယ်ယူပို့ဆောင်မှုချောမွေ့ လာမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ 

 


ထို့အပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက  ရခိုင်ပြည်နယ်အစိုးရအဖွဲ့  အစည်း အဝေးခန်းမ (၁)  ၌   ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်   ဌာနဆိုင်ရာများနှင့်    တွေ့ဆုံ၍ ဘင်္ဂလားပင်လယ်အော်တွင်     မုန်တိုင်းဖြစ်ပေါ် ကျရောက်နိုင်မှုနှင့်   ပတ်သက်၍    ရှင်းလင်းခြင်း အခမ်းအနားကို တက်ရောက်သည်။  

 


အဆိုပါ  အခမ်းအနားတွင်    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်က မုန်တိုင်းခန့်မှန်းချက်နှင့် ဖြတ်သန်းမည့် လမ်းကြောင်းများကို     ဦးစွာရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်  နယ်စပ် ရေးရာဝန်ကြီး၊     အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်  တာဝန်ရှိသူများက   မုန်တိုင်းဘေးအန္တရာယ် အတွက်  ကြိုတင်ပြင်ဆင်ထားရှိမှုနှင့်  အရေးပေါ်အခြေအနေ တွင်    ဆောင်ရွက်မည့်အစီအစဉ်များကို     ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး က  ကဏ္ဍာအလိုက် စီမံချက်များအတိုင်း ကြိုတင် ပြင်ဆင်သင့်သည်များအား  ဂရုပြုဆောင်ရွက်ရန်၊     လုပ်ငန်းကော်မတီများအကြား ပူးပေါင်းဆောင်ရွက် ရန်၊ စီမံချက်များ လက်တွေ့ဆောင်ရွက်ရာတွင်လိုအပ် ချက်နှင့်  ညီညွတ်စေရေး ဆောင်ရွက်သွားရန်များကို မှာကြားသည်။ 

 


ကွင်းဆင်းစစ်ဆေး


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ သည်  (၂၀၂၂-၂၀၂၃) ၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် များတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဆတ်ရိုးကျချောင်း အလျား  ၁၂၆၂   မီတာ   ရေလမ်းကောင်းမွန်ရေး သောင်တူးခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးသည်။

 


အလားတူ   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့သောက်သုံးရေရရှိရေးအတွက်  စစ်တွေ မြို့  စိုက်ပျိုးရေးမျိုးသန့်ခြံအတွင်းရှိ  စက်ရေတွင်း ကိုးတွင်း တူးဖော်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးပြီး စစ်တွေမြို့     အထွေထွေရောဂါကုဆေးရုံကြီးတွင်  စက်ရေတွင်းတူးဖော်နေမှုများကို သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရသည်။                        

သတင်းစဉ်