
ဒေါက်တာတင်မာမာဦး
( စိုက်ပျိုးရေး)
စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၌ အရေးပါသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး ဒေသတွင်း ဆန်ဖူလုံမှုအနေဖြင့် ၂၁၀ ဒသမ ၄၃ ရာခိုင်နှုန်း၊ စားသုံးဆီ ဖူလုံမှုတွင် ၅၀၂ ဒသမ ၈၄ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှုတွင် ၉၆၃ ဒသမ ၂၉ ရာခိုင်နှုန်းရှိသည့်အတွက် စိုက်ပျိုးရေးအားကောင်းသည့် ဒေသကြီးတစ်ခုဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးအပေါ် မှီခိုလျက်ရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ် ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာသားငါး ထုတ်ကုန်တိုးမြှင့်ရေးပြပွဲ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
တိုင်းဒေသကြီး၏ အဓိက စိုက်ပျိုးသီးနှံများမှာ စပါးအပါအဝင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှု ကုန်ကြမ်းသီးနှံ၊ နှစ်ရှည်သီးနှံနှင့် ဥယျာဉ်ခြံသီးနှံများ စုံလင်စွာစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လယ်ယာ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စုစုပေါင်း မြေဧရိယာ ဧက ၂၃၁ သိန်းကျော် ရှိသည့်အနက် အသားတင် စိုက်ပျိုးမြေ ၄၅ ဒသမ ၆ သိန်းကျော်ရှိပြီး သီးထပ်၊ သီးညှပ် ဧက သိန်း ၉၀ ခန့် စိုက်ပျိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးဖြစ် သည့်အတွက် လယ်ယာကဏ္ဍ သည် တိုင်းဒေသကြီး ၏ အဓိက အားထားရာ ကဏ္ဍတစ်ခုဖြစ်ပါသည်။
၃၂ ရာခိုင်နှုန်းပါဝင်
နိုင်ငံတော်၏ လယ်ယာသားငါးကဏ္ဍ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တွင် စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာ သားငါးကဏ္ဍအနေဖြင့် ၃၂ ရာခိုင်နှုန်းပါဝင်လျက် ရှိရာ သစ်တောကဏ္ဍ ၃ ဒသမ ၁ ရာခိုင်နှုန်း၊ စိုက်ပျိုး ရေးကဏ္ဍ ၂၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် သားငါးကဏ္ဍ ၅ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည့်အတွက် စစ်ကိုင်းတိုင်း ဒေသကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကဏ္ဍများသည် အလွန် အရေးပါလှပါသည်။
၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် တိုင်းဒေသကြီး၏ GDP တိုးတက်မှုအနေဖြင့် ယခင်နှစ်ထက် ၄ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုတိုးတက်စေရေး ရည်မှန်း ဆောင်ရွက် ရမည်ဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍတွင် ၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် သားငါးကဏ္ဍတွင် ၁ ဒသမ ၅ ရာခိုင် နှုန်း ပိုမိုထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၂ - ၂၀၂၃ ခုနှစ် စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ နှစ်စဉ် မိုးစပါး ဧက ၁၈ သိန်းနှင့် နွေစပါးဧက ၃ သိန်းကျော် စုစုပေါင်းဧက ၂၁ သိန်းကျော် နှစ်စဉ်စိုက်ပျိုးလျက် ရှိပြီး ပဲမျိုးစုံစိုက်ပျိုးမှုအနေဖြင့် ပဲမျိုးစုံ ဧက ၁၉ သိန်းကျော်နှင့် ဆီထွက်သီးနှံစိုက်ဧက ၂၅ သိန်းခန့် လျာထားစိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်သည်။
နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု
တိုင်းဒေသကြီးအတွင်း နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် နှစ်စဉ်နေကြာစိုက်ဧက ၃ ဒသမ ၅ သိန်းခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် နည်းပြီး တစ်ဧက ဆီထွက်နှုန်း မြင့်မားသည့် နေကြာသီးနှံကို မိုးနေကြာ ၄၁၄၂၆ ဧကနှင့် ဆောင်းနေကြာ ၃၅၁၇၇၃ ဧက စုစုပေါင်း ၃၉၃၁၉၉ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်သည်။
မွေးမြူရေးကဏ္ဍ
မွေးမြူရေးကဏ္ဍအနေဖြင့်လည်း အသားကဏ္ဍ နှင့်စပ်လျဉ်း၍ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရ ပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ဝင်ငွေ တိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင် ရွက်လျက်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနှင့်ဆက်စပ်သည့် နည်းပညာ၊ အသိပညာ များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး နည်းပညာပေးခြင်း၊ အသားကဏ္ဍ ဖွံ့ဖြိုး ပြီး အသားစားသုံးမှု မြင့်မားလာစေရန်နှင့် မွေးမြူရေး လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးလာစေရန်အတွက် နွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ ဝက်၊ ဘဲနှင့် ကြက်မျိုးကောင်းမျိုးသန့် များဖြန့်ဖြူးပေးခြင်းနှင့် ကောင်းမွန်သောတိရစ္ဆာန် မွေးမြူရေးကျင့်စဉ်များကို လိုက်နာကျင့်သုံးစေရေး နည်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ငါးမွေးမြူရေးကဏ္ဍအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် အတွက် အင်းကဏ္ဍ၊ ဘုံငါးဖမ်းလုပ်ငန်းနှင့် မွေးမြူ ရေးငါးထုတ်လုပ်မှုများမှ ငါးထုတ်လုပ်မှုပိဿာ ထောင်ပေါင်း ၇၃၁၂၅ ခန့် ထုတ်လုပ်နိုင်ခဲ့သည်။ ပြည်သူများအနေဖြင့် ငါးရိက္ခာများ ရေရှည်စားသုံး နိုင်ရန်နှင့် ပုဂ္ဂလိက မွေးမြူရေးကဏ္ဍတိုးတက်စေ ရေးအတွက် လိုအပ်သောငါးသားပေါက်များမွေးမြူ ပေးခြင်း၊ မွေးမြူရေးနည်းပညာများ ဖြန့်ဝေခြင်းနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ဒေသထွက် ကုန်တိုးမြှင့်ရေး၊ ငါးပုစွန် မွေးမြူရေးဆိုင်ရာ ခေတ်မီ နည်းပညာနှင့် အသိပညာများဖြန့်ဝေရေး၊ သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေဘဲ ရေသယံဇာတ များထုတ်လုပ်နိုင်ရေးနှင့် ငါးလုပ်ငန်းဖြင့် အသက် မွေးကြသူများနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေ ရေးအတွက် ငါးလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်း၊ နည်းပညာအထောက်အကူပြုသင်တန်းများ ဖွင့်လှစ် ပို့ချ၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ပြပွဲနှင့်ဆွေးနွေးပွဲ
တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူ ရေးလုပ်ကိုင်သူများအတွက် သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်အား ထိခိုက်မှုမရှိစေဘဲ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် လယ်ယာထွက်ကုန် နှင့် မွေးမြူရေးထွက်ကုန်များ၊ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများ ထုတ်လုပ်တင်ပို့မှု တိုးမြှင့်ရေးလိုအပ် ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ် ဖြင့် ကူညီဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီး၏ လယ်ယာသားငါးထုတ်ကုန် တိုးမြှင့်ရေးပြပွဲ၊ ဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ ကို မေ ၁၀ ရက်က တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ၍ ပြပွဲတွင် လယ်ယာသားငါးထုတ်ကုန် တိုးမြှင့်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်ကုန်ပစ္စည်းများဖြင့် ဝေဝေဆာဆာ ကျင်းပပြသခဲ့သည်။
ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာများ ထုတ်လုပ်ရောင်းချ နေသည့် ကျော်သရဖူကုမ္ပဏီက တစ်ရက်လျှင် နှစ်တန် ထုတ်နိုင်သော ကြံမြှုပ်ချေးသဘာဝ မြေဩဇာများကို လက်တွေ့ထုတ်လုပ်ပြသခဲ့ရာ ပြပွဲသို့ တက်ရောက်လာသည့် တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု၍ မေးမြန်းဝယ်ယူအားပေး ခဲ့ကြသည်။
တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနကလည်း တိရစ္ဆာန်ကုသရေးဆိုင်ရာများ၊ မွေးမြူ ရေးကဏ္ဍတိုးမြှင့်ရေးအပြင် ဒေသတွင်း အလား အလာကောင်းသော အသားစားကြက်နှင့် တိုင်းရင်း မျိုးကြက်များကို ပြသခဲ့ရာ လာရောက်ကြည့်ရှုသူ များ၏ နှစ်သက်မှု ရရှိခဲ့သည်။
အဆိုပါ ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး ပွဲများတွင် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း လယ်ယာသားငါးထုတ်ကုန် တိုးမြှင့်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ဆောင်ရွက် ထားရှိမှုများ၊ လယ်ယာကဏ္ဍရည်မှန်းအထွက်နှုန်း များ၊ တိုင်းဒေသကြီး၏ စီးပွားရေးကဏ္ဍတွင် လယ်ယာကဏ္ဍ GDP ပါဝင်မှုများ၊ မွေးမြူရေးကဏ္ဍ ဆိုင်ရာများ၊ ရေပေးဝေနိုင်မည့် အစီအစဉ်များနှင့် ဆိုလာစနစ်ဖြင့် ရေတင်နိုင်မည့် အစီအစဉ်များ၊ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံး ပြုရေးဆောင်ရွက်ထားရှိမှုနှင့် လယ်ယာထွက်ကုန် များ ဈေးကွက်ရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး
အလားတူ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ် ရေး ညှိနှိုင်းအစည်းအဝေးများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မတ် ၁၈ ရက်တွင် လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များအနေဖြင့် မိမိတို့ဒေသများ၏ ရေခံ၊ မြေခံကောင်းများကို အခြေခံပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို မြှင့်တင်ကာ စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ တည်ထောင်၍ တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် တိုင်းဒေသ ကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၃ ရက်တွင်လည်းကောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် စိုက်ပျိုး ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
သို့ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာ ကဏ္ဍကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆက်စပ်ဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ တောင်သူများနှင့် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများအားလုံး ပူးပေါင်း၍ သမားရိုးကျထုတ်လုပ်မှုမှ စံချိန်စံညွှန်း ပြည့်မီသည့် အရည်အသွေးကောင်း ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ပြီး ရေရှည် တည်တံ့သော စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် ရေးသားတင်ပြအပ် ပါသည်။ ။
- Log in to post comments