
နေပြည်တော် ဧပြီ ၄
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ် ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဌာန ဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ် ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများကို စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
မိုင်းဆွဲတိုက်ခိုက်
ထိုသို့ ပြုလုပ်လျက်ရှိရာ ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာနှင့် မဲကုန်းကျေးရွာအနီး မိုင်တိုင် အမှတ် ၅၃ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံကြား၌ ရန်ကုန် မြို့မှ ကျွန်းလှမြို့သို့ ရွှေဘိုမြို့ (၁)ရပ်ကွက်နေ ယာဉ်မောင်းဖြစ်သူ ဦးဇော်ဝင်း (၄၄)နှစ် (ဘ) ဦးမြင့် သိန်း မောင်းနှင်ပြီး ရွှေဘိုမြို့နယ် ကျောက်မြောင်း မြို့နေ ယာဉ်နောက်လိုက်ဖြစ်သူ ဦးစတီး(ခ)စိုးခိုင် (၃၀)နှစ် (ဘ) ဦးစိုးသင်းနှင့် ခရီးသည် ၃၈ ဦးလိုက်ပါ လာသည့် SGG-3H/7458 “ဝင်းသစ္စာ” ခရီးသည် တင်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လမ်း၏ ဝဲ/ယာဘက်မှ လက်လုပ်မိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ရွှေဘိုမြို့နယ် သရက်ပင်ဝန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဥူးဇာဂရ သက်တော် (၄၀)နှစ်၊ ဝါတော်(၂၀)တွင် ဝဲလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ၊ ယာဉ်မောင်း ဦးဇော်ဝင်း တွင် လည်ပင်းပွန်းပဲ့ဒဏ်ရာ၊ ယာဉ်နောက်လိုက် ဦးစတီး(ခ) စိုးခိုင်တွင် ယာဘက်မျက်လုံး မှန်စဝင် ဒဏ်ရာ၊ ဝဲမျက်ခုံးပြတ်ရှဒဏ်ရာများ အသီးသီးရရှိ ခဲ့ပြီး မော်တော်ယာဉ်၏ လေကာမှန်များနှင့် ကိုယ်ထည်တို့တွင် မိုင်းစထိမှန် ပျက်စီးခဲ့သည်။
ပူးပေါင်းရှာဖွေ
ထိုကဲ့သို့ ခရီးသည်များလိုက်ပါလာသည့် မော်တော်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်း၍ အပူတပြင်းလိုက်လံ ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်