
နေပြည်တော် ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက နေအိမ် အတွင်းသို့ ဖျက်ဆီးဝင်ရောက်ကာ အိမ်အတွင်း အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ကို ဓားဖြင့်ထိုးကာ အမျိုးသမီးဝတ်ဆင်ထားသော ရွှေလက်ကောက် ငါးကွင်း လုယက်ယူဆောင်သွား ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက် ည ၁၁ နာရီခွဲတွင် ကလေးမြို့ အောင်သစ္စာရပ်ကွက်နေ ဦးကံမြင့် (၄၅) နှစ်၊ (ဘ) ဦးဝင်းမောင်သည် မိသားစု နှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် နေအိမ်ရှေ့ ခြံဝင်းတံခါး အပြင်ဘက်မှ အကြမ်းဖက်သူ အမျိုးသား ခုနစ်ဦးက ခြံဝင်းတံခါး ဖွင့်ပေးရန် အော်ဟစ်နေသဖြင့် ဦးကံမြင့် နှင့် ၎င်း၏သားဖြစ်သူ မောင်အောင်ချမ်းငြိမ်းတို့ နှစ်ဦးက သွားရောက်ကြည့်ရှုချိန်တွင် အဆိုပါ အမျိုးသား ခုနစ်ဦးအနက် အကြမ်းဖက်သူ အမျိုးသား သုံးဦးမှာ တူမီးသေနတ်များကိုယ်စီဖြင့် ခြံဝင်းတံခါး ကို ကျော်တက်ဝင်ရောက်လာကာ နေအိမ်တံခါးအား ထပ်မံဖျက်ဆီးနေသည်ကို တွေ့မြင်ရသဖြင့် ဦးကံမြင့် သည် ၎င်း၏သားဖြစ်သူ မောင်အောင်ချမ်းငြိမ်း ကို ခေါ်ဆောင်ကာ အသက်အန္တရာယ်ကို စိုးရိမ်ရ သဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် ကျန်မိသားစု ဝင်များအား နှိုးယူနိုင်ခြင်းမရှိဘဲ နေအိမ်အနောက် ဘက် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်းသူများ သည် နေအိမ်တံခါး ဖျက်ဆီး၍ အိမ်အတွင်း ဝင်ရောက်လာပြီး နေအိမ်ရှေ့ခန်း၌ အိပ်ပျော်နေသည့် ဦးကံမြင့်၏သားဖြစ်သူ မောင်ကျော်ခိုင်ဝင်း (၁၈) နှစ်နှင့် နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေသည့် ဦးကံမြင့်၏ ဇနီးဖြစ်သူ ဒေါ်မြမြသန်း (၄၅) နှစ်တို့ ကို ဓားများဖြင့်ထိုးကာ အော်ဟစ်ပြောဆိုခြိမ်းခြောက် ပြီး ဒေါ်မြမြသန်း ဝတ်ဆင်ထားသည့် ရွှေလက် ကောက် ငါးကွင်းကို အဓမ္မဆွဲချွတ် လုယက်ယူဆောင် ကာ နေအိမ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက်သူများ၏ ဓားဖြင့်ထိုးနှက် တိုက်ခိုက်ခဲ့မှုကြောင့် မောင်ကျော်ခိုင်ဝင်း၏ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင်လည်းကောင်း၊ ဒေါ်မြမြ သန်း၏ ဝမ်းဗိုက်တွင်လည်းကောင်း ထိုးသွင်းဒဏ်ရာ များ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေးလျက်ရှိပြီး အကြမ်းဖက် လုယက်မှုကျူးလွန်ခဲ့သူများကို ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်