စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာ‌ပေးအစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် အောက်တိုဘာ ၇


စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက် ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် UMFCCI ရုံးချုပ်၌  တွေ့ဆုံ၍   ကုန်စျေးနှုန်းတည်ငြိမ်စေရေး ပြည်တွင်းထွက်ကုန်များ  ပြည်တွင်းစျေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့  ပုံမှန်တိုးမြှင့်တင်ပို့နိုင် ရေး၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်  အရည် အသွေးစီမံခန့်ခွဲမှု ဌာနစုနှင့် ပူး‌ပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ရုံး၌ ကျင်းပသည့် စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင် မှုနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာပေးအစီအစဉ် သို့ တက်ရောက်ပြီး စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင် မှုနှင့်  မူပိုင်ခွင့်ဥပဒေစသည့်   ဥပဒေ  (၃) ရပ်သည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်သည့်နေရာ၌ အဓိကထောက်တိုင်ကြီး သုံးခုဖြစ်ကြောင်း၊ ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများ အလိုက်  ကော်မရှင်များနှင့်   ဗဟိုကော်မတီများကို လည်း   ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊  အဆိုပါ ဥပဒေ(၃)ရပ်ကို   လိုက်နာဆောင်ရွက်ကြရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများ၊ လိုက်နာဆောင် ရွက်ရမည့်ကိစ္စရပ်များ၊ ရှောင်ကြဉ်ရမည့်ကိစ္စရပ်များ ကို သိရှိနားလည်နိုင်မည်ဖြစ်ပြီး ဥပဒေရရှိခံစားနိုင် သော  အကျိုးရလဒ်များကို  ရရှိခံစားနိုင်စေမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။


ဆက်လက်၍  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြား ပြီး     သက်ဆိုင်ရာဥပဒေများအလိုက်   ကျွမ်းကျင် ပညာရှင်များနှင့်      တာဝန်ခံအရာထမ်းများက ဆွေးနွေးဟောပြောကြသည်။ 


ထို့နောက်       အသိပညာပေးအစီအစဉ်သို့ တက်ရောက်လာသည့် အစိုးရဌာနအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို  မေးမြန်းခြင်း၊   အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည် သီလဝါအထူးစီးပွားရေးဇုန်ရှိ  ပြည်ပသို့  တင်ပို့ရန် သန့်စင်ပြီးသံဖြူ (Tinconcentrate) ထုတ်လုပ်သည့် DS Myanmar Co.,Ltd ကုမ္ပဏီပိုင်  သတ္တုသန့်စင် စက်ရုံ၏   ကုန်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုကာ မြန်မာနိုင်ငံမှထွက်ရှိသော နိုင်ငံတကာ အဆင့်မီပစ္စည်းများကို အလားအလာ ရှိသည့် နိုင်ငံတကာစျေးကွက်များသို့ တိုးမြှင့်တင်ပို့ နိုင်ရေးနှင့်  လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။                                        

 သတင်းစဉ်