စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း (၁၉၂၈ - ၂၀၂၁)

 

မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့များနှင့် မြန်မာ့လူမှုဘဝ၊ မြန်မာ့သမိုင်းဆိုင်ရာ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်များစွာကို ရေးသားပြုစုခဲ့သည့် စာရေးဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်းသည် ဇူလိုင်လ ၁၅ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။

ဆရာကြီး   ကွယ်လွန်ခြင်းမှာ   မြန်မာစာပေ လောကအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်ပါသည်။ ဆရာကြီးသည် မြန်မာစာပေ ဖွံ့ဖြိုးရေးနှင့်  မြန်မာမှု၊  မြန်မာ့ဓလေ့ဆိုင်ရာများ ထွန်းကားရေးအတွက် မိမိ၏ကလောင်စွမ်းဖြင့် နှစ်ပေါင်းများစွာ   စွမ်းဆောင်ခဲ့သူဖြစ်ပြီး     မြန်မာ့ ကျေးလက်လူမှုသရုပ်ဖော်  အဖွဲ့များကို   ပီပြင်စွာ သရုပ်ဖော်ရေးသားနိုင်သော ဂန္ထဝင်စာရေးဆရာကြီး တစ်ဦးအဖြစ် ထင်ရှားပါသည်။


ဆရာကြီးကို အဖ ယာသမားကြီး ဦးရွှေစံ၊ အမိ ဒေါ်ငွေစင်တို့မှ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူ  ကျွန်းမြို့၊ ရွာသစ်ကြီးကျေးရွာတွင် ၁၂၉၀ ပြည့်နှစ်၊  တန်ဆောင်မုန်းလပြည့်ကျော်  ၇  ရက်   (၃-၁၁-၁၉၂၈)   နေ့တွင်   မွေးဖွားသည်။    သားသမီး လေးယောက်အနက် တတိယမြောက်သားဖြစ်ပြီး မိဘမျိုးရိုးမှာ မင်းမှုထမ်း မျိုးရိုးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီနှင့်      ဒုတိယကမ္ဘာစစ်အတွင်း အထက်တန်းပညာ ဆည်းပူးခဲ့သည်။ ကျောင်းနေစဉ် ကတည်းက    စာပေဝါသနာပါခဲ့ပြီး     စာကောင်း ပေကောင်းများ    ရှာဖွေဖတ်ရှု  လေ့လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်တွင် မြို့ကြီးများမှ ဆင်ဖြူ ကျွန်းမြို့ဘက်သို့ တိမ်းရှောင်လာကြသော စစ်ပြေး ဒုက္ခသည်များထံမှလည်း     စာအုပ်ကောင်းများ ဖတ်ရှုခွင့်ရကာ စာပေလိုက်စားမှု ပိုမိုရင့်သန်လာ ခဲ့သည်။


ဆင်ဖြူကျွန်း၌နေစဉ်ကတည်းကပင် မန္တလေး မြို့ရှိ ပြည်ညွန့်စာစောင်၊ ရန်ကုန်မြို့ရှိ သွေးသောက် မဂ္ဂဇင်း၊ ရှုမဝမဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်းများသို့ စာမူများ ရေးသားပေးပို့ခဲ့သည်။ ထို့နောက် ဗလစ လူငယ် ဂျာနယ်၊ ဗမာပြည်လွတ်လပ်ရေး အမျိုးသမီးများ အစည်းအရုံး    (ဗ.လ.မ.စ)   အမျိုးသမီးမဂ္ဂဇင်း၊ ဆန်းသစ်ဦးမဂ္ဂဇင်းတို့တွင်   ကဗျာများ      စတင် ရေးသားခဲ့သည်။


ရှေးဦးကလောင်အမည်မှာ “ရွှေဇင်” ဖြစ်သည်။  အယ်ဒီတာ၊ ရုပ်ရှင်ဒါရိုက်တာ လှအောင် ထုတ်ဝေ  သော “တိုင်းသစ်ဂျာနယ်” တွင် ထိုကလောင်ဖြင့် ၁၉၅၂ ခုနှစ်၌ ကဗျာစတင် ရေးသားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင်  “ဆင်ဖြူကျွန်းအောင်သိန်း”   အမည်ကို ပြောင်းကာ ကဗျာရော၊ စကားပြေပါ ရေးသားသည်။ 


၁၉၅၃ ခုနှစ်တွင် လူငယ်ဂျာနယ်၌ ဆင်ဖြူကျွန်း အောင်သိန်း ကလောင်အမည်ဖြင့် စတင်ရေးသားပြီး ပထမဦးဆုံးဝတ္ထုတိုမှာ   “စွပ်ကျယ်”     အမည်ရှိ ကိုဆေးရိုးဝတ္ထုတိုဖြစ်သည်။ ပထမဦးဆုံးလုံးချင်း ဝတ္ထုမှာ   ၁၉၅၇  ခုနှစ်  စာပန်းချီမဂ္ဂဇင်းတိုက်က ထုတ်ဝေသည့် “လွမ်းယမုံဦး” စာအုပ်ဖြစ်ပြီး ဦးဆုံး သုတစာအုပ်မှာ ၁၉၈၂ ခုနှစ်တွင် စာပေဗိမာန်က ထုတ်ဝေသည့် “စပ်ပန်းချီမိတ်ဆက်” စာအုပ်ဖြစ် သည်။ ဆရာကြီးသည် မကွယ်လွန်မီအချိန် အထိ ဘာသာရပ်မျိုးစုံ လုံးချင်းစာအုပ် ၂၀၀ ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး   ဝတ္ထု၊   ဆောင်းပါး၊    ပြဇာတ် စုစုပေါင်း ပုဒ်ရေ ၃၀၀၀ ကျော် ရေးသားခဲ့သည်။


ဆရာကြီးသည် ၁၉၅၀-၅၃ ခုနှစ်တွင် မြေပြင် ပစ် အမြောက်ကြီးတပ် တပ်ရင်း (၁) တွင် တပ်သား အဖြစ်၊ ၁၉၅၇-၅၈ ခုနှစ်တွင် ရုပ်ရှင်ပဒေသာမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ၊ ၁၉၅၈-၅၉ ခုနှစ်တွင် ရုပ်ရှင် လောက၊ ယနေ့ရုပ်ရှင်နှင့် နတ်သျှင်နောင်စာစောင် တို့တွင် တာဝန်ခံအယ်ဒီတာအဖြစ် ထမ်းဆောင်ခဲ့  သည်။ ရုပ်ရှင်နယ်ပယ်တွင်လည်း ၁၉၅၉ ခုနှစ်မှ  ၁၉၆၂ ခုနှစ်ထိ ဇာတ်လမ်းမှတ်တမ်းတင်သူ၊ တွဲဖက်  ဒါရိုက်တာ စသည်ဖြင့် လုပ်ကိုင်ခဲ့သည်။


မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေး  အသင်း၊ မြန်မာနိုင်ငံ စာပေဝါသနာရှင်အဖွဲ့အစည်း နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် တွင်  မြန်မာနိုင်ငံ  စာပေနှင့်စာနယ်ဇင်းအဖွဲ့   ဗဟို ဦးစီးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။


ဆရာကြီး၏      စာပေလက်ရာများအနက် ကိုဆေးရိုးဝတ္ထုများကို  စာဖတ်ပရိသတ်တို့  အနှစ် သက်ဆုံး ဖြစ်သည်။ ဆင်ဖြူကျွန်း ရမ်းဘိုကုန်းရွာကို  အခြေခံ၍ ကိုဆေးရိုးနှင့် မကျည်းဒန် ဇာတ်ဆောင် နှစ်ဦးကို အခြေခံကာ ကျေးလက်လူမှုသဘာဝနှင့် တောင်သူလယ်သမားတို့၏ စရိုက်လက္ခဏာများကို ထင်ဟပ်ရေးဖွဲ့ထားသော   ဝတ္ထုတိုများဖြစ်သည်။ ယင်းဝတ္ထုတိုများကို   စုပေါင်း၍    ကိုဆေးရိုးဝတ္ထု အမှတ် (၁) မှစ၍ အတွဲ (၁၀) အထိ ထုတ်ဝေခဲ့သည်။ ဒုတိယအထင်ရှားဆုံးမှာ နေမင်းတစ်ထောင် ဝတ္ထု ရှည် (၈) တွဲဖြစ်သည်။ ယင်းဝတ္ထုရှည်ကြီးမှာ မြန်မာ စာပေဝတ္ထုသမိုင်းတွင် စာပေအဆင့်အတန်း မြင့်မား သော ရသမြောက် ဝတ္ထုရှည်ကြီးအဖြစ် မော်ကွန်းထိုး နိုင်ခဲ့သည်။


ဆရာကြီး၏   ဓားရောင်ကဖွေး၊      လယ်သမား သူပုန်၊ ဂဠုန်ဆရာစံ၊ နီရဲသောဗိုလ်ဥတ္တမ၊ ငရဲနိုင်ငံ၊ နေမင်း သိန်းရာထောင်ပြဇာတ်၊ မြန်မာ့ယဉ်ကျေးမှု သုတပဒေသာ၊ မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့၊ ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ၊ မြေ၏ဇာတ် ဟောင်း မဂ္ဂဇင်းဝတ္ထုရှည်များ၊ ပုဏ္ဏကရသစုံဝတ္ထု များ၊ မြစ်တို့၏သဘော၊ ရီးဆေးရိုးတို့ မြေးမြစ်များ စာအုပ်တို့မှာ ထင်ရှားသည်။


ဆရာကြီးသည် ၁၉၉၀ ပြည့်နှစ်တွင် ကိုဆေးရိုး (၄)၊  ၁၉၉၆  ခုနှစ်တွင်  ကိုဆေးရိုး  (၆)  တို့ဖြင့် အမျိုးသားစာပေဆု   (ဝတ္ထုတိုပေါင်းချုပ်)  ဆုများ ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် နေမင်းတစ်ထောင်ဝတ္ထု (၈ အုပ်တွဲ) ဖြင့် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ရရှိခဲ့သည်။   ၂၀၀၈   ခုနှစ်တွင်    အမျိုးသားစာပေ တစ်သက်တာဆု   ရရှိခဲ့ပြီး  ၂၀၁၀   ပြည့်နှစ်တွင် စည်သူဘွဲ့ကို ရရှိသည်။၁၉၉၈ ခုနှစ်တွင် အရှေ့ တောင်အာရှ စာပေဆု S.E.A Write Award ဆုကို ရရှိခဲ့သည်။ ဆရာကြီး၏ ကလောင်ခွဲများမှာ ရွှေဇင်၊  ဇင်အောင်၊ မင်္ဂလာဇင်အောင်တို့ ဖြစ်ပြီး အမည်ရင်း မှာ ဦးကြည်အေးဖြစ်သည်။


ဆရာကြီးသည် ဘဝတစ်သက်တာလုံး စာပေ ရေးသားခြင်းဖြင့်    မွေ့လျော်ကာ    အသက်မွေး ဝမ်းကျောင်းပြုခဲ့ပြီး အမှတ် ၆၅၂၊ အနောက်ခိုင်ရွှေဝါ လမ်း၊ ၇/အနောက်ရပ်ကွက်၊ သာကေတမြို့နယ်၊  ရန်ကုန်မြို့တွင် နေထိုင်ရင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅   ရက်တွင်   ကွယ်လွန်သည်။    ဇနီးဒေါ်တင်ဥ (ကွယ်လွန်) နှင့် သားသမီး ၄ ဦး ကျန်ရှိကြောင်း သိရှိရသည်။


စာပေဗိမာန် 
ကိုးကားစာအုပ်များ


-    ၂၀၀၇      ခုနှစ်အတွက်    အမျိုးသားစာပေဆု 
    လက်ကမ်းစာအုပ်
-    မြန်စာစာပေအဘိဓာန်    ပထမတွဲ၊      စိတ်ကူး 
    ချိုချိုစာပေ၊ ၂၀၁၆
-    ၂၀ ရာစု စာရေးဆရာများနှင့် စာစုစာရင်း၊ ပညာ 
    ရွှေတောင်စာပေ၊ ၂၀၁၃
-    ကိုဆေးရိုးကို      ဖန်တီးသူ၊      ဘဝသရုပ်ဖော် 
    သက်တော်ရှည် စာရေးဆရာကြီး  ဆင်ဖြူကျွန်း 
    အောင်သိန်း၊      မောင်ခေတ်ထွန်း၊     စံတော်ချိန် 
    သတင်းစာ (၄-၅၊ ၇၊ ၂၀၂၁)