စာပေနှင့် အနုပညာမူပိုင်ခွင့်အခွင့်အရေး ကာကွယ်ပေးခြင်း

Type

ဆောင်းပါး

=======

 

စာပေနှင့် အနုပညာမူပိုင်ခွင့်အခွင့်အရေး ကာကွယ်ပေးခြင်း

==================================

 

ဦးကျော်ကျော် (တရားရေး)

 

 

စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက် မှုများ၊ ဖိုနိုဂရမ်ထုတ်လုပ်မှုများနှင့် ထုတ်လွှင့်ခြင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် စာပေနှင့် အနုပညာ ဆိုင်ရာ ထုတ်လုပ်မှုအဆင့်အတန်း မြင့်မားတိုးတက် စေရန်၊ မူလလက်ရာရှင်နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ပိုင်ရှင်၏ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို ဤဥပဒေနှင့် အညီ အကာအကွယ်ပေးနိုင်ရန်၊ ဖျော်ဖြေသူ၊ ဖိုနိုဂရမ် ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့်အဖွဲ့အစည်းတို့၏ ဆက်နွှယ်သည့်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် နိုင်ရန်၊ ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်များကို ကာကွယ်မြှင့်တင်နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေကို ၂၄ - ၅ -၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ပြီးဖြစ်ပါသည်။ ဤဥပဒေသည် နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်မည် ဖြစ်သည်။၁

 

စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုသည်မှာ စာပေ သို့မဟုတ် အနုပညာလက်ရာ၏ မူလလက်ရာရှင်က ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရရှိသော စာပေနှင့် အနုပညာဆိုင်ရာသီးသန့်အခွင့်အရေးများကို ဆိုသည်။၂

ဆက်နွှယ်သည့်အခွင့်အရေးဆိုသည်မှာ ဤဥပဒေ ပါ အခန်း(၁၄)တွင် ပြဋ္ဌာန်းထားသည့် ဖျော်ဖြေသူများ၊ ဖိုနိုဂရမ်ထုတ်လုပ်သူများနှင့် ထုတ်လွှင့်သည့် အဖွဲ့ အစည်းများ၏ သီးသန့်အခွင့်အရေးများကိုဆိုသည်။၃

 

စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်

 

စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်ဆိုသည်မှာ (၁) မူလလက်ရာရှင်၊ (၂) စီးပွားရေးဆိုင်ရာအခွင့်အရေးများကို မူလကပင် အလိုအလျောက်ရရှိထားပြီးဖြစ်သည့် မူလလက်ရာရှင်မဟုတ်သော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်တည်ထောင်ထားသောအဖွဲ့အစည်း၊ (၃) စီးပွား ရေးဆိုင်ရာအခွင့်အရေးများကို ပိုင်ဆိုင်သူအဖြစ် ဥပဒေ နှင့်အညီ လွှဲပြောင်းပေးခြင်းခံရသော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုခု၊ ထိုသူ၏အမွေဆက်ခံသူ သို့မဟုတ် တရားဝင်တည်ထောင် ထားသောအဖွဲ့အစည်းတစ်ခုခုကို ဆိုသည်။၄

 

ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်ဆိုသည်မှာ (၁) ဖျော်ဖြေသူ၊ ဖိုနိုဂရမ်ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့် အဖွဲ့အစည်း၊ (၂) စီးပွားရေးဆိုင်ရာအခွင့်အရေးများကို မူလကပင် အလိုအလျောက်ရရှိထားပြီးဖြစ်သည့် ဖျော်ဖြေသူ၊ ဖိုနိုဂရမ်ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့် အဖွဲ့အစည်းမဟုတ်သော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင် တည်ထောင်ထားသောအဖွဲ့အစည်း၊ (၃) စီးပွားရေး ဆိုင်ရာအခွင့်အရေးများကို ပိုင်ဆိုင်သူအဖြစ် ဥပဒေနှင့် အညီ လွှဲပြောင်းပေးခြင်းခံရသော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုခု၊ ထိုသူ၏အမွေဆက်ခံသူ သို့မဟုတ် တရားဝင်တည်ထောင် ထားသော အဖွဲ့အစည်းတစ်ခုခုကို ဆိုသည်။၅

 

အခွင့်အရေးရရှိသူဆိုသည်တွင် စာပေနှင့် အနုပညာ မူပိုင်ခွင့်ရရှိသည့် မူလလက်ရာရှင် သို့မဟုတ် စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်ကို ဆိုသည်။ ယင်းစကားရပ်တွင် စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို လွှဲအပ်လုပ်ကိုင်ခွင့်ပေးခြင်းခံရသူ၊ ခွင့်ပြု ချက်ဖြင့် လုပ်ကိုင်ခွင့်ရသူနှင့် တရားဝင်အမွေဆက်ခံသူ လည်း ပါဝင်သည်။၆

 

မူလလက်ရာရှင် သို့မဟုတ် စာပေနှင့် အနုပညာ မူပိုင်ခွင့်ပိုင်ရှင်သည် စီးပွားရေးဆိုင်ရာ သီးသန့်အခွင့် အရေးများအဖြစ် (က) မူပွားခြင်း၊ (ခ)ဘာသာပြန်ဆိုခြင်း၊ မှီငြမ်းခြင်း၊ စီစဉ်ခြင်း၊ အခြားနည်းဖြင့်ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်း၊ (ဂ) မူရင်း သို့မဟုတ် မိတ္တူကို ရောင်းချခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပိုင်ဆိုင်မှုကို လွှဲပြောင်းခြင်းဖြင့် အများပြည်သူသို့ ဖြန့်ချိ ခြင်း (ခြွင်းချက်-မူလလက်ရာရှင် သို့မဟုတ် စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်သည် ယင်း၏ခွင့်ပြုချက်ဖြင့် မည်သည့်နိုင်ငံတွင်မဆို ရောင်းချပြီးသော သို့မဟုတ် ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းထားပြီးသော စာပေ သို့မဟုတ် အနုပညာလက်ရာမူရင်း သို့မဟုတ် မိတ္တူအပေါ်တွင် ဖြန့်ချိသည့်အခွင့်အရေးကိုမရရှိစေရ)၊ (ဃ) ကွန်ပျူတာ ပရိုဂရမ်၊ အရုပ်အသံလက်ရာ၊ ရုပ်ရှင်ဖန်တီးမှုလက်ရာ၊ ဖိုနို ဂရမ်တွင် ထည့်သွင်းထားသည့်စာပေ သို့မဟုတ် အနုပညာ လက်ရာ၊ အချက်အလက်အစုအဝေး သို့မဟုတ် သင်္ကေတ ပုံစံဖြစ်သည့် ဂီတလက်ရာတို့၏မူရင်း သို့မဟုတ် မိတ္တူကို အများပြည်သူသို့ အခကြေးငွေဖြင့်ငှားရမ်းခြင်း၊ (င) အများ ပြည်သူအားဖျော်ဖြေခြင်း၊ (စ)ထုတ်လွှင့်ခြင်း၊ (ဆ) အခြား တစ်နည်းနည်းဖြင့် အများပြည်သူသို့ဆက်သွယ် ပို့လွှင့်ခြင်း၊ (ဇ) မိမိဖန်တီးထားသည့် စာပေ သို့မဟုတ် အနုပညာလက်ရာ များကို စုပေါင်းခြင်းဟူသည့် ပြုလုပ်မှုများကို ကိုယ်တိုင် ဆောင်ရွက်ရန် သို့မဟုတ် အခြားပုဂ္ဂိုလ် တစ်ဦးဦးအား ဆောင်ရွက်ခွင့်ပြုရန်အခွင့်အရေးတို့ကို ရရှိသည်။၇

 

ကန့်ကွက်ပိုင်ခွင့်တို့ကို ရရှိမည်ဖြစ်

 

မူလလက်ရာရှင်သည် စာပေ သို့မဟုတ် အနုပညာ လက်ရာနှင့်စပ်လျဉ်း၍ ပုဒ်မ ၁၈ ပါ အခွင့်အရေးများကို ပိုင်ဆိုင်ခြင်းမရှိစေကာမူ ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့် အခွင့်အရေးအဖြစ် (က) မူလလက်ရာရှင်ဖြစ်ကြောင်း တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် အများပြည်သူအသုံးပြု သည့် စာပေ သို့မဟုတ် အနုပညာလက်ရာမိတ္တူများအပေါ် တွင် မူလလက်ရာရှင်အဖြစ် မိမိ၏အမည်ကို ဖော်ပြခွင့်၊ (ခ) အများပြည်သူရရှိခံစားနိုင်ရန် တရားဝင်ပြုလုပ်ထား သည့် စာပေ သို့မဟုတ် အနုပညာလက်ရာမိတ္တူများပေါ်တွင် မူလက အမည်ဝှက်၊ အမည်ပွားဖြင့် ဖော်ပြထားပြီးဖြစ်လျှင် ယင်းအမည်ဝှက်၊ အမည်ပွားဖော်ပြခွင့်၊ (ဂ)စာပေ သို့မဟုတ် အနုပညာလက်ရာနှင့်စပ်လျဉ်း၍ မိမိ၏ဂုဏ်သိက္ခာနှင့် ထင်ရှားကျော်ကြားမှုကို ထိခိုက်စေရန် တစ်နည်းနည်းဖြင့် လက်ရာကိုချို့ယွင်းစေခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပျက်စေ ခြင်းကိုသော်လည်းကောင်း၊ ယုတ်လျော့သေးသိမ်စေရန် အခြားတစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းကိုသော်လည်းကောင်း ကန့်ကွက်ပိုင်ခွင့်တို့ကို ရရှိမည်ဖြစ်သည်။၈

 

စာပေ သို့မဟုတ် အနုပညာလက်ရာကိုဖန်တီးသည့် မူလလက်ရာရှင်သည် စီးပွားရေးဆိုင်ရာအခွင့်အရေးများ ၏မူလပိုင်ရှင်လည်း ဖြစ်သည်။ သို့ရာတွင် (က) ပူးတွဲမူလ လက်ရာရှင်များ၏ စာပေ သို့မဟုတ် အနုပညာလက်ရာ ဖြစ်ပါက (၁) ပူးတွဲမူလလက်ရာရှင်များသည် စီးပွားရေး ဆိုင်ရာအခွင့်အရေးများ၏ မူလပိုင်ရှင်များ ဖြစ်ရမည်။ (၂) ပူးတွဲမူလလက်ရာရှင်များ၏ လက်ရာတစ်ခုတွင် သီးခြားစီ အသုံးပြုနိုင်သည့် အပိုင်းများပါဝင်ပြီး အပိုင်းတစ်ခုချင်းစီ၏ မူလလက်ရာရှင်ကို ခွဲခြားသတ်မှတ်နိုင်ပါက ထိုသူဖန်တီး သည့်အပိုင်းအတွက် စီးပွားရေးဆိုင်ရာအခွင့်အရေး၏ မူလ ပိုင်ရှင်ဖြစ်ရမည်။ (ခ) အရုပ်အသံလက်ရာ သို့မဟုတ် ရုပ်ရှင် ဖန်တီးမှုလက်ရာဖြစ်ပါက (၁) ထုတ်လုပ်သူသည် အခြားနည်းဖြင့်သဘောတူညီချက်မရှိလျှင် စီးပွားရေးဆိုင်ရာ အခွင့်အရေးများ၏ မူလပိုင်ရှင်ဖြစ်ရမည်။ (၂) အရုပ်အသံ လက်ရာ သို့မဟုတ် ရုပ်ရှင်ဖန်တီးမှုလက်ရာကို ပြုလုပ်သည့် မူလလက်ရာရှင်၏စီးပွားရေးဆိုင်ရာ အခွင့်အရေးများသည် အဆိုပါအရုပ်အသံလက်ရာ သို့မဟုတ် ရုပ်ရှင်ဖန်တီးမှု လက်ရာကို ပြုလုပ်ရာတွင် မှီငြမ်းထားသော စာပေသို့မဟုတ် အနုပညာလက်ရာကို ဖန်တီးခဲ့သည့်မူလလက်ရာရှင်၏ စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို ထိခိုက်စေခြင်းမရှိ စေရ။ (ဂ) လက်ရာများကို စုပေါင်းခြင်းနှင့်စပ်လျဉ်း၍ အခြားနည်းဖြင့် သဘောတူညီချက်မရှိလျှင် စာပေသို့မဟုတ် အနုပညာလက်ရာကိုစုပေါင်းရာတွင် ဦးစီးဦးဆောင်ပြုသည့် လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်တည်ထောင်ထားသော အဖွဲ့ အစည်းသည် စီးပွားရေးဆိုင်ရာအခွင့်အရေး၏ မူလပိုင်ရှင် ဖြစ်ရမည်။ (ဃ) ဓာတ်ပုံလက်ရာဖြစ်ပါက (၁) မူလဖန်တီး ရိုက်ကူးသည့်ဓာတ်ပုံဆရာသည် စီးပွားရေးဆိုင်ရာ အခွင့် အရေးများ၏ မူလပိုင်ရှင်ဖြစ်ရမည်။ (၂) ဓာတ်ပုံဆရာသည် အခြားတစ်စုံတစ်ယောက်၏ စာဖြင့်ရေးသားထားသော သီးခြားသဘောတူညီချက်ဖြင့် အဖိုးအခယူ၍ ဆောင်ရွက် ခြင်းဖြစ်ပြီး အဆိုပါသဘောတူညီချက်နှင့် ဆန့်ကျင်ကွဲလွဲမှု မရှိခဲ့လျှင် ဓာတ်ပုံလက်ရာကိုဖန်တီးရန် စေခိုင်းသူသည် စီးပွားရေးဆိုင်ရာအခွင့်အရေးများ၏ မူလပိုင်ရှင်ဖြစ်ရမည်။ (င) စာပေ သို့မဟုတ် အနုပညာလက်ရာကို ဖန်တီးရန် အလုပ်ရှင်နှင့် အလုပ်သမားတို့၏ သဘောတူညီချက်အရ ဖြစ်စေ၊ ထိုသဘောတူညီချက်၏ အကျိုးဆက်အရဖြစ်စေ လုပ်ခလစာဖြင့် အလုပ်ခန့်ထားသောအလုပ်သမားဖြစ်သူက အလုပ်ချိန်အတွင်း စာပေ သို့မဟုတ် အနုပညာလက်ရာကို ဖန်တီးခြင်းဖြစ်ပါက အခြားနည်းဖြင့် သဘောတူညီချက် မရှိလျှင် အလုပ်ရှင်သည် စီးပွားရေးဆိုင်ရာ အခွင့်အရေး၏ မူလပိုင်ရှင်ဖြစ်ရမည်။၉

 

ဥပဒေအရ အကာအကွယ်ပေးရမည်ဖြစ်

 

မူလဖန်တီးမှုများဖြစ်သည့် စာပေ သို့မဟုတ် အနုပညာ လက်ရာများတွင် (က) စာအုပ်၊ လက်ကမ်းစာစောင်၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ကွန်ပျူတာပရိုဂရမ်နှင့် အခြားရေးသား ချက်များ၊ (ခ)ပြောကြားချက်၊ ပို့ချချက်၊ မိန့်ခွန်း၊ တရားဓမ္မ ဟောကြားချက်နှင့် အခြားဟောပြောချက်များ၊ ပြဇာတ်နှင့် ပြဇာတ်ဂီတလက်ရာ၊ ကိုယ်ဟန်အမူအရာဖြင့်သာ သရုပ် ဆောင်ချက်၊ ကကွက်စီစဉ်မှု လက်ရာနှင့် စင်မြင့်ပေါ်တွင် တင်ဆက်သည့်အခြားစာပေ သို့မဟုတ် အနုပညာလက်ရာ များ၊ (ဃ) စာသားပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တေးသီချင်းနှင့် တေးဂီတလက်ရာ၊ (င) ရုပ်ရှင်ဖန်တီးမှု လက်ရာအပါအဝင် အရုပ်အသံလက်ရာ၊ (စ) ဗိသုကာ လက်ရာ၊ (ဆ) ရေးဆွဲခြင်း၊ ရေးခြစ်ခြင်း၊ ဆေးခြယ်ခြင်း၊ ပန်းပုထုခြင်း၊ ထုဆစ်သွန်းလုပ်ခြင်း၊ ထွင်းထုခြင်း၊ ရောင်စုံ ဖန်မှန် ကျောက်မျက်ရတနာစသည်တို့ဖြင့် စီခြယ်ခြင်း ပြုထားသည့်လက်ရာ၊ သစ်သားဖြင့်ပြုလုပ်သည့်လက်ရာ၊ အိုးထိန်းအတတ်ပညာဖြင့် ပြုလုပ်သည့်လက်ရာ၊ သတ္တု ထည်၊ မြေထည်၊ လက်ဝတ်ရတနာ၊ လက်မှုပစ္စည်း၊ ရှေးခေတ်ဝတ်စုံ၊ တိုင်းရင်းသားရိုးရာအဝတ်အထည်နှင့် ဆင်ယင်ထုံးဖွဲ့မှုများ၊ (ဇ) ကျောက်ပုံနှိပ်ခြင်း၊ ရက်လုပ် ခြင်း ပြုထားသည့်လက်ရာ၊ ရွှေချည်ထိုးနှင့် အနုစိတ်သည့် အခြား အနုပညာလက်ရာများ၊ (စျ) ဓာတ်ပုံလက်ရာ၊ (ည)အသုံးချ အနုပညာလက်ရာ၊ (ဋ) အထည်အလိပ် အဆင်၊ (ဌ) ပထဝီအနေအထားနှင့်ဖြစ်စေ၊ မျက်နှာသွင် ပြင် ဖော်ပြချက်နှင့်ဖြစ်စေ၊ ဗိသုကာလက်ရာနှင့်ဖြစ်စေ၊ သိပ္ပံပညာနှင့်ဖြစ်စေ သက်ဆိုင်သည့်ရုပ်ပြနမူနာ၊ မြေပုံ၊ စီမံချက်၊ ပုံကြမ်းနှင့် သုံးဖက်မြင်လက်ရာများပါဝင်ပြီး ဥပဒေအရ အကာ အကွယ်ပေးရမည်ဖြစ်သည်။၁၀

 

စာပေ သို့မဟုတ် အနုပညာလက်ရာများ၏ ဖော်ပြ ချက်နည်းလမ်း သို့မဟုတ် ပုံသဏ္ဌာန်၊ ယင်းတို့၏ပါရှိမှု၊ အရည် အသွေးနှင့် ရည်ရွယ်ချက်တို့ မည်သို့ပင်ရှိစေကာမူ ဖန်တီးမှုပါရှိပါက ယင်းစာပေ သို့မဟုတ် အနုပညာ လက်ရာ ကို အကာအကွယ်ပေးရမည်။၁၁

 

စာပေ သို့မဟုတ် အနုပညာလက်ရာများ၏မူပိုင်ခွင့် ကို မထိခိုက်စေဘဲ (က) စာပေ သို့မဟုတ် အနုပညာ လက်ရာများကို ဘာသာပြန်ဆိုခြင်း၊ မှီငြမ်းခြင်း၊ စီစဉ် ခြင်းနှင့် အခြားနည်းဖြင့် ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင် ခြင်း၊ (ခ) ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်များကို စုပေါင်းခြင်းအပါအဝင် စာပေ သို့မဟုတ် အနုပညာလက်ရာ များကို စုပေါင်းခြင်း၊ (ဂ) ရွေးချယ်ခြင်း သို့မဟုတ် စီစဉ် ခြင်းဖြင့် အချက်အလက်များကို ဖတ်၍ရသည့်စက်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ စုပေါင်းခြင်းဖြစ်ပြီး ထိုသို့ စုပေါင်း ရာတွင် ဖန်တီးမှုပါရှိသော ဆင့်ပွားလက်ရာများကို အကာအကွယ်ပေးရမည်ဖြစ်သည်။၁၂

အကာအကွယ်မရှိစေရ

 

သို့ရာတွင် စာပေ သို့မဟုတ် အနုပညာလက်ရာ သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ လက်ရာ သည် (က) စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင် ဆောင် ရွက်ပုံနည်းလမ်း၊ သင်္ချာအတွေးအခေါ်အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက် များ၊ (ခ) သက်ဆိုင်ရာနေ့၏သတင်း သို့မဟုတ် ပုံနှိပ် ဖော်ပြထားသော သတင်းအချက်အလက်ဟု သတ်မှတ် နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသောအချက်အလက် များ၊ (ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊ (ဃ)နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာနများက ထုတ်ပြန် သည့်အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ၊ (င) တရားရုံးစီရင်ချက်များနှင့် အမိန့်များ၊ (စ)ပုဒ်မ ခွဲ(ဂ) မှ (င) အထိပါ အချက်အလက် များအား အစိုးရမှ တရားဝင်ဘာသာပြန်ဆိုခြင်းနှင့် စုပေါင်းခြင်းတို့တွင် အကျုံးဝင်လျှင် စာပေနှင့် အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးအတွက် အကာအကွယ်မရှိစေရပေ။၁၃

ဖိုးဝဗီဒီယိုထုတ်လုပ်ရေးပိုင်ရှင် ဦးလှဝင်း၊ ဒေါ်လှလှမူတို့သည် မူပိုင်ခွင့်ရရှိထားသူ အယူခံ တရားပြိုင် ဒေါ်ကြည်ကြည်၏ ခွင့်ပြုချက်မရရှိဘဲ “မှိုင်းဝေချစ်တဲ့ ခက်သစ္စာ” ဝတ္ထုဇာတ်လမ်းကို “မှိုင်းဝေ ချစ်သော ခက်သစ္စာ” အမည်ပြောင်း၍ ဗီဒီယိုကား ရိုက်ကူးပြီး အများပြည်သူအား ပြသခဲ့ခြင်းမှာ အယူခံ တရားပြိုင် ဒေါ်ကြည်ကြည်ရရှိထားသည့် မူပိုင်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ မူပိုင်ခွင့်ရရှိသူသည် မိမိရရှိ ထားသည့်အခွင့်အရေးကို အားလုံးဖြစ်စေ၊ အချို့အဝက် ဖြစ်စေ၊ စည်းကမ်းချက်မပါဘဲဖြစ်စေ၊ စည်းကမ်း ချက်များထား၍ဖြစ်စေ လွှဲပြောင်းပေးအပ်နိုင်သည်။ သို့ရာတွင် ထိုသို့လွှဲပြောင်းပေးအပ်ရာ၌ မူပိုင်ခွင့် အခွင့်အရေးရရှိသူကိုယ်တိုင် သို့မဟုတ် ၎င်း၏တရားဝင် ကိုယ်စားလှယ်က စာဖြင့် ရေးသားလက်မှတ်ရေးထိုး ပေးရန်လိုအပ်သည်။ စာဖြင့်ရေးသား၍ မူပိုင်ခွင့်ရရှိသူ လက်မှတ်ရေးထိုးထားခြင်းမရှိလျှင် ထိုလွှဲပြောင်း ပေးအပ်မှုသည် တရားမဝင်ကြောင်း ပုဒ်မ ၅ (၂)တွင် ပြဋ္ဌာန်းထားသည်။၁၄ (၁၉၁၁ ခုနှစ်၊ မူပိုင်ခွင့် ဥပဒေပုဒ်မ ၂ ကို ကိုးကား၍ ဆုံးဖြတ်ထားသည်။)

 

စာပေနှင့် အနုပညာမူပိုင်ခွင့်၏ ရည်ရွယ်ချက်မှာ မူပိုင်ခွင့်ပိုင်ရှင်အား သီးသန့်အခွင့်အရေးများ ပေးအပ် ခြင်းဖြင့် အသိဉာဏ်ပစ္စည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ကို ဆောင်ရွက်နိုင်စေရန်အတွက် အားထုတ်ဆောင်ရွက် နိုင်စေရန် ရည်ရွယ်ပါသည်။ တစ်ချိန်တည်းမှာပင် ဆန်းသစ်တီထွင်မှုများကို ဆောင်ရွက်ခြင်းဖြင့် သိပ္ပံ အနုပညာယဉ်ကျေးမှုများကိုလည်း တိုးတက်စေရန် ဖြစ်ပါသည်။ အဆိုပါ တိုးတက်တီထွင်မှုများဖြင့် အများပြည်သူ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် လည်း ရည်ရွယ်ထားပါသည်။ စာပေနှင့်အနုပညာ မူပိုင်ခွင့်အတွက် ပထမဦးဆုံးသော အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်မှာ The Berne Convention (1886) ဖြစ်ပါသည်။ အဆိုပါ Berne Convention ပါ ပြဋ္ဌာန်း ချက်များကို ခေတ်ကာလနှင့်အညီ တိုးတက်ပြင်ဆင် ရေးဆွဲထားသောစာချုပ်မှာ The Trade Related Aspects of Intellectual Property Rights Agreement (1994) ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်များအပေါ် ထပ်မံ၍ပြင်ဆင်ရေးဆွဲထားသော စာချုပ်မှာ The WIPO Copyright Treaty (1996) ဖြစ်ပါသည်။ Berne Convention မှာ ရှေးအကျဆုံးသော စာပေနှင့် အနုပညာမူပိုင်ခွင့် သဘောတူစာချုပ်ဖြစ်ပြီး အဆိုပါ စာချုပ်တွင် စာပေနှင့် အနုပညာမူပိုင်ခွင့် အခွင့်အရေးကို အကာအကွယ်ပေးပြဋ္ဌာန်းထားပါသည်။

 

စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက် များအရ မူလဖန်တီးမှုများဖြစ်သည့် စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖန်တီးမှုပါရှိသော စာပေ သို့မဟုတ် အနုပညာလက်ရာများ၏ ဖော်ပြချက်နည်းလမ်း သို့မဟုတ် ပုံသဏ္ဌာန်များ၊ ဆင့်ပွားလက်ရာများ၊ ဆက်နွှယ် သည့်အခွင့်အရေးများ၊ ဖျော်ဖြေသူနှင့် ဖျော်ဖြေတင်ဆက် မှု၊ ဖိုနိုဂရမ်ထုတ်လုပ်သူနှင့် ဖိုနိုဂရမ် ထုတ်လွှင့်ချက်နှင့် ထုတ်လွှတ်သည့်အဖွဲ့အစည်းများ၏ စီးပွားရေးဆိုင်ရာအခွင့်အရေးများ၊ ကိုယ်ကျင့်သိက္ခာဆိုင်ရာအခွင့်အရေး များကို ဥပဒေအရ အကာအကွယ်ပေးပြဋ္ဌာန်းထား ပါသည်။

 

တစ်ဖက်တွင်လည်း အများပြည်သူ၏ အကျိုးစီးပွား အတွက် စီးပွားရေးဆိုင်ရာအခွင့်အရေးများတွင် ကန့်သတ် ချက်နှင့် ကင်းလွတ်ချက်၊ ခြွင်းချက်များကို ခွင့်ပြုပြဋ္ဌာန်း ထားသည်။

 

သို့ပါ၍ ကိုယ်ပိုင်အသိဉာဏ်ဖြင့် တီထွင်ဖန်တီးမှု ပြုသည့် အခွင့်အရေးရရှိသူများကို အကာအကွယ် ပေးထားသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ ကန့်သတ်ချက် ကင်းလွတ်ချက်များဖြင့် မျှတစွာသုံးစွဲခွင့်ပြုထားသည့် စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေပါပြဋ္ဌာန်းချက်များကို ကောင်းစွာသိရှိနားလည်ထားခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူပြုသည့် တီထွင်ဖန်တီးမှုများကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရာတွင် အလွယ်တကူ လေ့လာမှုပြုနိုင်စေရန် ကောက်နုတ်တင်ပြအပ်ပါသည်။