စာပေဆိုတာက ကမ္ဘာအဆုံးထိမြင်နိုင်တဲ့ အဝေးကြည့်မှန်ပြောင်း နှလုံးသားခွန်အားတွေပေးနိုင်တဲ့ အကောင်းဆုံးအားဆေးပါ

 

တွေ့ဆုံမေးမြန် - အာကာလင်း
 ဓာတ်ပုံ - တင်စိုး

 

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၁ ခုနှစ် အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာရေးဆရာများနှင့် ပုံနှိပ်‌ရေးနှင့်ထုတ်‌ဝေရေးဦးစီးဌာန စာ‌ပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိ‌သောအမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်းမှုများကို ဆက်လက် ဖော်ပြလိုက်ပါသည်။
 

စာမူအမည်    -    ဂျစ်ကန်ကန်ဝတ္ထုတို
ဘာသာရပ်    -    ဝတ္ထုတို 
စာ‌ရေးသူ    -    ဆရာမင်းခိုက်စိုးစန်
“ဝတ္ထုရေးတယ် ဆိုတာမျိုးက  ဆယ်တန်းစာမေးပွဲ   ဖြေသလိုမျိုး ပြင်ဆင်ရတာတွေ၊ ကြိုးစားရတာတွေ လုပ်ရတဲ့ကိစ္စမျိုး မဟုတ်ဘူးထင်ပါတယ်။ ကိုဗစ် ကာလမှာ အိမ်တွင်းအောင်းနေရတုန်း ဆရာဝန်ဘဝ အတွေ့အကြုံတွေ၊ ကိုယ့်မိတ်ဆွေ ဆရာဝန်တွေရဲ့ အတွေ့အကြုံတွေ၊ ကိုယ်မနှစ်သက်တဲ့ မိသားစုပုံစံ၊ ကိုယ်မနှစ်သက်တဲ့  ကျောင်းဆရာ  ဆရာမ ပုံစံ၊ ကိုယ်မကြိုက်တဲ့ လူ့အဖွဲ့အစည်းအကြောင်းတွေ ရေးလိုက်တာပါပဲ။ အဲဒါကို ဖေ့စ်ဘုတ်ပေါ် တင်လိုက် တယ်။ ထုတ်ဝေသူက   သူထုတ်ချင်တယ်ပြောလို့ သဘောတူလိုက်တယ်။ ဒါနဲ့ စာအုပ်ဖြစ်လာတယ်။
စာကို စပြီးရေးဖြစ်ရတဲ့ အကြောင်းရင်းကတော့ ရှေ့ကစာရေးဆရာကြီးတွေရဲ့ စာကိုဖတ်ပြီး ကိုယ်တိုင် ရေးကြည့်ချင်စိတ်နဲ့   ရေးလိုက်တာ  ဖြစ်ပါတယ်။ ၁၉၈၉ ဖေဖော်ဝါရီမှာ နေရောင်ခြည်သည် ရောဂါပိုးကို သေစေ၏ဆိုတဲ့  ခေါင်းစဉ်နဲ့   မဟေသီမဂ္ဂဇင်းမှာ တစ်မျက်နှာဝတ္ထုတိုလေး ပါလာတယ်။ အဲဒါ စာပေ ခရီးအစပါပဲ။ ရေးတာကတော့ အမျိုးအစား စုံပါတယ်။  ဝတ္ထုတို၊ ဝတ္ထုရှည်၊ လုံးချင်း၊ ကဗျာ၊ ဆောင်းပါး၊ ဘာသာပြန်၊ ဝတ္ထုအတွေးအမြင်၊ အက်ဆေးစသည်ဖြင့်‌ ရေးဖြစ်ပါတယ်။ ကျွန်တော်လူငယ်စာရေးဆရာ ဘဝတုန်းကလည်း လူကြီးတွေဝေဖန်တာကို သိပ် မကြိုက်ဘူး။ အခု ကိုယ်က လူကြီးဖြစ်လာတော့ လည်း လူငယ်တွေကို ဘာမှမဝေဖန်ချင်၊ အကြံမပေးချင် ပါဘူး။ သူတို့လည်း ကြိုက်မယ်မထင်ဘူး။ ကိုယ်ချင်းစာ  ရမှာပေါ့” ဟု ပြောသည်။
ဒေါက်တာကျော်စိုး (မင်းခိုက်စိုးစန်) ကို အဖ ဦးမြဝင်း-အမိဒေါ်အေးကြွယ်တို့က ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ်(၂)မှ MBBS ဘွဲ့ ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ မဟေသီမဂ္ဂဇင်းတွင် “နေရောင် ခြည်သည်ရောဂါပိုးများကို  သေစေ၏”   ဝတ္ထုတို ဖြင့် စာပေလောကထဲသို့   စတင်ဝင်ရောက်ခဲ့သည်။ ပထမဆုံးလုံးချင်းဝတ္ထုမှာ “လွမ်းလို့  သေသွားတဲ့ သစ်ပင်” ဖြစ်သည်။ ဆက်လက်ပြီး လုံးချင်းဝတ္ထု အုပ်၂၀ခန့်ရေးခဲ့ပြီး “သုည” မှာ လူကြိုက်အများဆုံးနှင့် အအောင်မြင်ဆုံးစာအုပ်ဖြစ်ခဲ့သည်။ ဝတ္ထုတိုစုစည်းမှု များအဖြစ်  “ကောင်းကင်နဲ့  မလွတ်တဲ့တောင်ပံ  တစ်စုံ၊ ကျွန်တော်နှင့်အလင်းမျှော်စင်၊ မင်းသားကြီး၊ ကျွန်တော့ကို အမေသတ်ခဲ့တယ်၊ သမီးပြည့်တန်ဆာ၊ ဇာတ်သိမ်းခန်းကို သင်ကိုယ်တိုင် ဖြည့်စွက်ရေးသားပါ၊ ဂျစ်ကန်ကန်ဝတ္ထုတိုများ စသည်ဖြင့် ဝတ္ထုတိုစုစည်းမှု စာအုပ်ပေါင်း ၂၁ အုပ်ခန့်  ရေးသားခဲ့သည်။ ထိုပြင် ကလေးအတွေးအက်ဆေး၊ အကယ်၍သာ ၁ နှင့် ၂၊ ဟာသအကြောင်းအက်ဆေး၊ ကတ်သီးကတ်သတ်ပုံပြင် များ၊ ပို့စ်မော်ဒန်လူငယ် စသည်ဖြင့် အတွေးအမြင်နှင့် အက်‌ဆေးစာအုပ်များ‌ ရေးသားခဲ့သည်။ ဘာသာပြန် အနေဖြင့် ကမ္ဘာ့သရဲတစ္ဆေ ဝတ္ထုတိုများ အတွဲ ၁/၂နှင့် ဟယ်ရီပေါ်တာစီးရီး၊ ဂန္တဝင်သစ်အက်ဆေး စသည်ဖြင့် ခုနစ်အုပ်ခန့်  ဘာသာပြန်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဆရာမင်းခိုက်စိုးစန်သည် စာပေရေးသားခြင်းအပြင် ရုပ်ရှင်နယ်ပယ်တွင်လည်း ဇာတ်ညွှန်းများရေးသားပြီး ဇာတ်လမ်းတွဲများကို ဒါရိုက်တာအဖြစ်  ရိုက်ကူး တင်ဆက်ခဲ့သည်။

 

စာမူအမည်နှင့်    -    လူ့ဘဝခဏတာ မြင့်မြတ်စွာ
ဘာသာရပ်များ        လူဖြစ်ခိုက်မှာပေါ့ 
        (လူငယ်စာပေ - ပထမဆု)
    -    အတွေ့အကြုံအဖုံဖုံ ပြည်ပ
        ပညာတော်သင် မှတ်တမ်းစုံ 
        (စာပဒေသာ    - တတိယဆု)
 စာ‌ရေးသူ    -    ဆရာနွေကံ့ကော်(မြို့လှ)
“ကျွန်တော့်အနေနဲ့ ဒီ ၂၀၂၁ ခုနှစ် စာပေဗိမာန် စာမူဆုမှာ လူငယ်စာပေ ပထမဆုနဲ့ စာပဒေသာ ဘာသာရပ်မှာ တတိယဆု ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ဝတ္ထုရှည်ပထမဆု၊ ၂၀၂၀ မှာ လူငယ်စာပေ တတိယဆုတွေ ရခဲ့ဖူးပါတယ်။ ဒီနှစ် တော့ လူငယ်စာပေ ပထမဆုကို ထပ်မံဆွတ်ခူးနိုင်တာနဲ့ မထင်မှတ်ဘဲ တစ်နှစ်တည်း ဆုနှစ်ဆုရခဲ့တဲ့အတွက် အင်မတန်ဝမ်းသာပါတယ်၊ လူငယ်စာပေနဲ့ပတ်သက်ပြီး အကြောင်းအရာ  မထူးဆန်းပေမယ့်  ကျွန်တော် ဖြတ်သန်းခဲ့တဲ့   ဘဝအမှန်ကိုပဲ  အရိုးရှင်းဆုံးနဲ့ စာဖတ်သူတိုင်း စိတ်ပါဝင်စားမှုရှိအောင် ရေးသား တင်ပြခဲ့တာပါ၊ စာဖတ်သူတိုင်းဆိုတဲ့နေရာမှာ အဓိက ကတော့ လူငယ်တွေပေါ့။
ဘဝလမ်းကို လျှောက်လှမ်းတဲ့နေရာမှာ လူတိုင်း ဟာ သူ့ဟာနဲ့သူ မတူညီတဲ့ အခက်အခဲ အဆင်မပြေမှု မျိုးစုံနဲ့ ချီတက်နေရတာကို လူငယ်တွေသိနားလည်ပြီး အခက်အခဲကြားကနေပဲ ဘယ်လို အောင်မြင်မှုရအောင် ထိုးဖောက်မလဲဆိုတာကို ရေးသားထားတာဖြစ်ပါတယ်၊ လူငယ်တွေအတွက် ဦးတည်တာဖြစ်တဲ့အတွက် လူငယ်တွေ  သိသင့်သိထိုက်တဲ့   ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ ထားရှိအပ်တဲ့ ဟီရိသြတ္တပ္ပတရားတွေကို ဖတ်လို့မပျင်းရလေအောင် တတ်နိုင်သမျှ ကြိုးစားရေးသားပါတယ်၊ အကဲဖြတ် ဆုပေးခဲ့ကြတဲ့ ဆုရွေးချယ်ရေးအဖွဲ့ဝင် ပညာရှင်များကို ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောလိုပါ တယ်။
နောက်တစ်ဆုဖြစ်တဲ့ စာပဒေသာဆုကတော့ ကျွန်တော်ရုရှားနိုင်ငံမှာ ပညာသင်ခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေကို မှတ်တမ်းသဖွယ်ပြုစုပြီး ရေးသားခဲ့တဲ့  စာမူပါ၊  သုံးနှစ်တာကာလအတွင်း ရုရှားနိုင်ငံသားတို့ရဲ့ လူနေမှုစနစ်တွေ၊ အမျိုးသားရေး ခံယူချက်တွေကို  တွေ့ရှိခဲ့ရာကနေ   ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့   ချိန်ထိုးကြည့်ချင်လာပါတယ်၊ နောက်နောင်  ရုရှားကို   အကြောင်းအမျိုးမျိုးနဲ့ သွားရောက်ကြမယ့်သူတွေအတွက်လည်း တစ်ထောင့် တစ်နေရာက အထောက်အကူပြုကောင်းပြုစေရဲ့ဆိုပြီး ဒီစာမူကိုရေးသား ပြိုင်ပွဲဝင်ဖြစ်ခဲ့တာပါ။
ရုရှားနိုင်ငံဟာဆိုလည်း တစ်ချိန်တုန်းက စစ်ဘေး စစ်ဒဏ်ကို နင့်နေအောင် ခံခဲ့ရပါတယ်၊ ဒါပေမယ့် မှန်ကန်တဲ့ခေါင်းဆောင်တွေ၊ အမျိုးသားရေးခံယူ ချက်အားကောင်းတဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု ကြောင့် ဒီနေ့မှာဆို သူတို့ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုဖြစ်နေပါပြီ၊ ကိုယ့်နိုင်ငံကျမှ နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရပြီး အဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မမှတ်ဘဲ ရောက်ရာနေရာကနေ အားလုံးညီညွတ်ကြ မယ်ဆိုရင် တစ်နေ့နေ့မှာ ဒေသတွင်းကနေ ကမ္ဘာ့တန်းဝင်နိုင်ငံတစ်ခုဖြစ်လာမယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပေးချင်တာလည်း ပါပါတယ်။”
ဆရာနွေကံ့ကော်(မြို့လှ)သည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့ ကျွန်းပင်စုကျေးရွာဇာတိ ဖြစ်သည်။  ၂၀၀၇  ခုနှစ်တွင်  စစ်တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့  ရရှိခဲ့ပြီး  ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရုရှားနိုင်ငံ မော်စကိုမီးရထားတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ကာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ လက်ရှိ နေပြည်တော်တွင် တာဝန်ထမ်းဆောင်ရင်း စာပေများရေးသားလျက်ရှိသည်။

 

စာမူအမည်    -    ကြိုလင့်နေပါမြသီတာ
ဘာသာရပ်    -    ဝတ္ထုရှည်ပထမ
စာရေးသူ    -    ကိုထွန်း(‌ကျယ်ဂေါင်)
“တကယ်တော့ ပထမ ကျွန်တော်သန္ဓေတည်ခဲ့ တာက ဝတ္ထုတိုပေါ့။ ဒါပေမယ့် ကျွန်တော်ရဲ့ဇာတ်အိမ်က ကျယ်တယ်။ ဝတ္ထုရှည်အဖြစ်နဲ့   ပြန်ပြင်ရေးပြီး လုံးချင်းစာအုပ်ထုတ်လိုက်ရင် စာဖတ်သူကို အကျိုး တစ်စုံတစ်ရာရနိုင်တယ်လို့ ယူဆပြီး လုံးချင်းဝတ္ထုရှည် အဖြစ် ဖန်တီးခဲ့တာပါ။ နောက်တော့ ကျွန်တော့်အတွေး က   တစ်မျိုးဖြစ်လာတယ်။   ကျွန်တော့်ဝတ္ထုက  ပြန်ကြားရေးဝန်ကြီးဌာန   ပုံနှိပ်ရေးနှင့်  ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်ပြိုင်ပွဲမူနဲ့လည်း ကိုက်ညီ တယ်လို့ ခံစားမိတာကြောင့်   ပြိုင်ပွဲမှာတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီစာမူဖြစ်မြောက်ဖို့  ကျွန်တော်   သုံးနှစ်နီးပါး ပြင်ဆင်ခဲ့ရတယ်။ ဝတ္ထုထဲက အဓိကဇာတ်ကောင်က မြသီတာပေါ့။ သူ့ရေသူ့မြေ၊ သူ့ကျေးရွာကို ချစ်တယ်။ သူ့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ဖို့သာ အာရုံစိုက်ကြိုးပမ်း ခဲ့တယ်။ လူငယ်ဆိုပေမယ့် ကိုယ်ကြီးပွားချမ်းသာရေး၊ ကိုယ့်နှလုံးသားရေးကို ဦးစားမပေးဘူး။ အဓိကကတော့ ကိုယ့်ရေကိုယ့်မြေကိုသိပ်ချစ်တဲ့ လူငယ်မိန်းကလေးတစ်ယောက်အကြောင်းပါ။
စာပေခရီးနဲ့ပတ်သက်ပြီး   ပြောရရင်   ငယ်စဉ် ကတည်းက စာပေကို ဝါသနာပါခဲ့တာပေါ့။ တကယ် ရေးဖြစ်တာက  ၁၉၉၈ ခုနှစ်မှ စတင်ခဲ့တာ။ သတင်း ဆောင်းပါးတွေရေးပြီး   စတင်လှုပ်ရှားခဲ့ပါတယ်။  ၂၀၁၁ ခုနှစ်မှာတော့ ကိုထွန်း (ကျယ်ဂေါင်) ဆိုတဲ့ ကလောင်အမည်တစ်ခုတည်းကိုပဲ အတည်တကျသုံးပြီး “အဲယားကွန်းမကောင်းရင် တံခါးဖွင့်မောင်းပါ”စာမူနဲ့ စာပေနယ်ထဲကို ခြေစုံပစ်ဝင်လာခဲ့တာပါ။ 
အခုလိုစာပေဆုရတဲ့အတွက် ဝမ်းမြောက်ပီတိဖြစ်ရ တာကတော့ ကျွန်တော့်ရဲ့ အရင်ဝတ္ထု ခေါင်းစဉ်လိုပါပဲ။ အတိုင်းအတာမသိ နှိုင်းစရာမရှိပေါ့ဗျာ။ ဆုရွေးချယ် ရေးအဖွဲ့ကို ကျေးဇူးအထူးတင်ပါကြောင်း ပြောလို ပါတယ်။ ယနေ့ခေတ်လူငယ်တွေကို ပြောချင်တာ ကတော့ စာဖတ်ကြပါ။ စာပေဆိုတာက ကမ္ဘာအဆုံး ထိမြင်နိုင်တဲ့  အဝေးကြည့်မှန်ပြောင်း၊ နှလုံးသားခွန်အား တွေပေးနိုင်တဲ့ အကောင်းဆုံးအားဆေးပါလို့ ပြောချင် ပါတယ်။  ဒါကြောင့်   စာဖတ်ကြပါလို့    တိုက်တွန်းချင် ပါတယ်။”
ကိုထွန်း   (‌ကျယ်ဂေါင်)   သည်   ယခုအခါ  စာပေရေးသားခြင်း၊ ထုတ်ဝေခြင်းများ   ဆောင်ရွက် ရင်း   မိသားစုနှင့်အတူ  နေပြည်တော်တွင် နေထိုင် လျက်ရှိသည်။