စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားပါမှ …

Type
1

 

စာဖတ်ပရိသတ်တစ်ဦး
 

သော်တာဆွေ “ကျွန်တော့်ဘဝဇာတ်ကြောင်း(၁)” နှစ်သောင်းကျပ်၊ “ကျွန်တော့်ဘဝဇာတ်ကြောင်း(၂)” နှစ်သောင်းကျပ်၊  “ကျွန်တော့်ဘဝဇာတ်ကြောင်း(၃)” နှစ်သောင်းကျပ်။
တစ်နေ့က   လူမှုကွန်ရက်စာမျက်နှာထက်တွင် တွေ့လိုက်ရသည့်  စာအုပ်ကြော်ငြာလေး။ အမယ်လေး၊ ဒီဘက်ခေတ်    စာအုပ်ဈေးနှုန်းတွေကို    ကြည့်ရင်း ကျွန်တော်အံ့ဩမှင်တက်ကာ  အမယ်လေးတမိပါ သည်။
၂၀၀၀ ပြည့်နှစ်တုန်းဆီက စာပေလောကစာအုပ် တိုက်က   ထုတ်ဝေခဲ့သော ဆရာသော်တာဆွေ၏ “ကျွန်တော့်ဘဝဇာတ်ကြောင်း ၁၊ ၂၊ ၃၊ ၄” အတွဲများ ကို    ကျွန်တော်ဝယ်ယူဖတ်ရှုခဲ့စဉ်က   တစ်တွဲမှ ငွေကျပ် ၁၅၀၀ စီမျှသာ ပေးခဲ့ရပါသည်။
ထို့အတူ   ဆရာသိန်းဖေမြင့်၏   “သူတို့ခေတ် သူတို့အတိတ်၊    သူတို့အရိပ်၊    ပွင့်ပွင့်လင်းလင်း သတင်းစာဖြတ်ပိုင်းများ”      ဆောင်းပါးပေါင်းချုပ် စာအုပ်ကလည်း တစ်အုပ်မှ  ငွေကျပ် ၁၅၀၀၊ ပညာရွှေတောင်စာအုပ်တိုက်ကဝယ်ဖြစ်ခဲ့သည့်    ဆရာ သိန်းဖေမြင့်၏          ဝတ္ထုတိုပေါင်းချုပ်ကလည်း ကျပ် ၃၀၀၀ မျှသာ ဖြစ်သည်။
၁၉၉၇-၉၈   က    ဆရာကြီးရွှေဥဒေါင်း၏ “တစ်သက်တာမှတ်တမ်းနှင့်    အတွေးအခေါ် များ” ပထမတွဲနှင့်    ဒုတိယတွဲစာအုပ်မှာလည်း    စာပေ လောကစာအုပ်တိုက်တွင် တစ်တွဲမှ    ကျပ် ၃၀၀၀  မျှသာပေးခဲ့ရသည်။
လက်လှမ်းမီသော ဈေးနှုန်းများဖြစ်ခဲ့
ဆိုရလျှင် ထိုခေတ် ထိုအခါက စာအုပ်ဈေးနှုန်း များသည်   ကျွန်တော်တို့လို စာဖတ်ပရိသတ်များ အတွက် ကိုယ်ပိုင်ဝယ်ယူဖတ်ရှုနိုင်ရန် လက်လှမ်းမီသောဈေးနှုန်းများဖြစ်ခဲ့သည်။   ၂၀၁၂၊   ၂၀၁၃ ကာလများတွင်   စာအုပ်ဈေးနှုန်းများ   အနည်းငယ် မြင့်တက်လာသည်။
၂၀၁၂ စက်တင်ဘာလတွင် ငါတို့စာပေတိုက်မှ ဝန်ကြီးချုပ်ဟောင်း  ဦးနု၏  “တာတေ စနေသား” ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်  ထွက်ရှိလာသည်။ ဖတ်ချင်လိုက်သည်မှာ မပြောပါနှင့်တော့။  သို့သော် စာအုပ်ရောင်းဈေးတန်ဖိုးက   ကျပ် ၈၅၀၀   ဖြစ်၍ လတ်တလော  ဝယ်ယူဖတ်ရှုရန်  လက်လှမ်းမမီဖြစ်ရ သည်။ ငွေပိုငွေလျှံရှိမှ ဝယ်တော့မည်ဟု ဆုံးဖြတ်ကာ စာအုပ်ကို စာအုပ်အရောင်းဆိုင်စင်ပေါ်တွင် ပြန်ထား ခဲ့ရသည်။
သို့ရာတွင် ၂၀၁၃  ဖေဖော်ဝါရီလတွင်   ဒုတိယ အကြိမ် ပြန်လည်ထုတ်ဝေသောအခါ တန်ဖိုးမှာ မူလ ပထမအကြိမ်တန်ဖိုးထက်  ထက်ဝက်သက်သာ၍ ချက်ချင်းဝယ်ယူ  ဖတ်ရှုဖြစ်ခဲ့သည်။  ဒုတိယအကြိမ် အဖြစ်   ထပ်မံထုတ်ဝေသောစာအုပ်တွင်    စာအုပ် တန်ဖိုးကို  အဘယ်ကြောင့် ထက်ဝက်နီးပါးလျှော့ချ ခဲ့ရသည်နှင့်ပတ်သက်၍  ဝန်ကြီးချုပ်ဟောင်း ဦးနု ၏  သမီး   ဆရာမကြီးဒေါ်စန်းစန်းနုက    “စာအုပ် တန်ဖိုး ၈၅၀၀ ကျပ်က   များလွန်းသည်။   လူတိုင်း မဝယ်နိုင်  မတတ်နိုင်ဘူး၊  ကိုယ်တွေလည်းကြုံရ ကြားရသည်။ ထိုသို့ ကြားသိလာရသည့်နောက်တွင် စန်းမွန်အောင်က  သူ့စာအုပ်ကိုပြန်ပြင်ပြီး ၄၅၀၀ ကျပ်နှင့်ထက်ဝက်လျှော့ကာ ရောင်းချင်သည်။ သူ့ အတွက် စာအုပ်ထုတ်ခစရိတ်ကျန်လျှင်ရပြီ။ အဲဒီလို ဆိုလျှင် အန်တီလည်း စာမူခရတာနည်းသွားမယ်။ ဖြစ်မလား၊    ကျေနပ်မလားဟုမေးပါသည်။    သူက စာအုပ်ဈေးကြီးတာနှင့် လူတိုင်းမဝယ်နိုင် မဖတ်ဖြစ် နိုင်သည့်အတွက်  အားနာပြီး စိတ်မကောင်းဖြစ်နေသူ၊ ကျွန်မက   ဘာပဲဖြစ်ဖြစ် တာတေစနေသားစာအုပ် ဖြစ်လျှင်ပြီးရော ကျွန်မဖေဖေဆန္ဒအတိုင်း မြန်မာ တစ်ပြည်လုံးရှိ   အလွှာအသီးသီးမှ လူကြီး   လူငယ် (အထူးသဖြင့်) လူငယ်များအားလုံး ဝယ်နိုင်ဖတ်နိုင် စေချင်သူဖြစ်သဖြင့်           ရတယ်ဟုပြောလိုက်၍  စန်းမွန်အောင်နှင့်  ကျွန်မတို့   တူအရီးနှစ်ယောက်၊ နှစ်ယောက်ပေါင်း   စိတ်တူကိုယ်တူနှင့်   စာအုပ်ကို အသွင်သစ်၊    မူလစာအုပ်ထုတ်ဝေခဲ့သော     စက္ကူ အကောင်းမျိုးနှင့်ပင်   ဓာတ်ပုံအသစ်များ    ဝေဝေ ဆာဆာနှင့် ရောင်းဈေးထက်ဝက်လျှော့ချပြီး တန်ဖိုး ၄၅၀၀ ကျပ်ဖြင့်  ထုတ်ဝေရောင်းချပေးလိုက်ပါပြီ” ဟူ၍ အမှာစာတွင်ဖော်ပြခဲ့ပါသည်။
ဝန်ကြီးချုပ်ဟောင်းဦးနု၏ “တာတေစနေသား” စာအုပ်နည်းတူ  တော်ကောင်းမင်း၏ “ကျန်ဇီမင်း သို့မဟုတ် တရုတ်ပြည်ကိုပြောင်းလဲခဲ့သူ” စာအုပ်မှာ လည်း တန်ဖိုးငွေကျပ် ၉၀၀၀ ဖြစ်၍   ဒုတိယအကြိမ် ထုတ်ဝေမှသာ ဝယ်ယူဖတ်ရှုနိုင်ခဲ့ပါသည်။
ရပ်ကွက်စာအုပ်အငှားဆိုင်လေးများ
ကျွန်တော်တို့ငယ်စဉ်ကမူ စာကောင်းပေမွန်များ ကို ထိုသို့ကိုယ်ပိုင်ဝယ်ယူဖတ်ရှုရန် သိပ်မလိုအပ်ခဲ့ပါ။ ရပ်ကွက်စာအုပ်အငှားဆိုင်လေးများက   ရပ်ကွက် တိုင်းလိုလိုတွင်ရှိခဲ့ကြ၍ ဖြစ်သည်။   စာအုပ်တွေက လည်း    မျိုးစုံလှသည်။   လစဉ်ထုတ်   မဂ္ဂဇင်းများ၊ သိုင်းဝတ္ထုများ၊ အချစ်ဝတ္ထုများ၊ နိုင်ငံရေးစာပေများ၊ အတ္ထုပ္ပတ္တိစာပေများအပါအဝင် သုတ ရသ စာပေ များက သူ့လိုင်းနှင့်သူ၊ သူ့ပရိသတ်နှင့်သူပင်။ စာအုပ် ငှားရမ်းခတန်ဖိုးကလည်း ၁၉၈၀ ကျော်လွန်နှစ်များ ကဆိုလျှင် တစ်ရက်မှ ပြား ၅၀၊ ပြား ၆၀ ၊ နောက်ပိုင်း တစ်ကျပ်၊    နှစ်ကျပ်မျှသာဖြစ်သည်။  သို့ဖြစ်၍ စာဖတ်ပရိသတ်များအတွက် ရပ်ကွက်စာအုပ်အငှား ဆိုင်လေးများသည်   စာပေဘဏ်တိုက်များသဖွယ် ဖြစ်ခဲ့လေသည်။
သို့သော် ၁၉၉၀ ကျော်လွန်နှစ်များနောက်ပိုင်းတွင်        ရပ်ကွက်စာအုပ်အငှားဆိုင်လေးများ တဖြုတ်ဖြုတ်              ပျောက်ကွယ်စပြုလာသည်။ မျက်မှောက်ကာလတွင်မူ လုံးဝနီးပါး မရှိတော့ချေ။ စာဖတ်သူများ တစ်စတစ်စနည်းပါးသွားသည်နှင့်အမျှ စီးပွားရေးအရ တွက်ခြေမကိုက်၍လား၊ ဘာရယ် ကြောင့်မှန်းမသိ။ စာဖတ်ပရိသတ်တစ်ဦးအနေဖြင့်မူ နှမြောတသ   ဖြစ်ရ၏။    စာပေဝါသနာရှင် အမာခံ စာဖတ်ပရိသတ်များအနေဖြင့်လည်း ရပ်ကွက်စာအုပ် အငှားဆိုင်လေးများ ပျောက်ကွယ်သွားသောအခါ ကိုယ်ပိုင်ဝယ်ယူဖတ်ရှုသည့်         အလေ့အထသို့  ပြောင်းလဲသွားခဲ့ရသည်။ 
တစ်ဖန်  ယခုမျက်မှောက်ကာလတွင် စာအုပ် ဈေးနှုန်းတန်ဖိုးများက မကြုံစဖူး ထိုးတက်လာပြန် သောအခါ အခက်အခဲဖြစ်ရပြန်ပါသည်။ စာအုပ် ထုတ်ဝေဖြန့်ချိသူများဘက်ကလည်း အထွေထွေ ကုန်ကျမှုစရိတ်များအပါအဝင် သူ့အခက်အခဲနှင့်သူ၊ သူ့အကြောင်းနှင့်သူ    ရှိပါလိမ့်မည်။   မည်သို့ဆိုစေ စာပေဝါသနာရှင်      စာဖတ်ပရိသတ်များအဖို့မူ စာကောင်းပေမွန်များကို ကိုယ်ပိုင်ဝယ်ယူဖတ်ရှုနိုင် မည့်အခွင့်အလမ်းက ပို၍အလှမ်းကွာဝေးခဲ့ရချေပြီ။
စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေး
အဆိုပါစာပေလောက လေဟာနယ်ကွက်လပ် ကို အစားထိုး   ဝင်ရောက်ဖြည့်ဆည်းပေးနိုင်မည့် တစ်ခုတည်းသောအဖြေကား စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့်          စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေးပင်ဖြစ်သည်။ 
နိုင်ငံတော်အစိုးရက     ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရေးနှင့်   စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့်       စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့်စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေး လျက်ရှိသကဲ့သို့ စေတနာရှင်၊ အလှူရှင်များကလည်း ပြည်သူများ    အလွယ်တကူ   စာပေလေ့လာဖတ်ရှု နိုင်စေရေးနှင့်   စာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အလှူငွေနှင့်  စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိသည်။
နိုင်ငံတော်       စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်            ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ကလည်း ဧပြီ ၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက်၌  ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ   စာကြည့်တိုက်များနှင့် တပ်မတော် ဌာနချုပ်များ၊ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ နိုင်ငံတော်အစိုးရကလှူဒါန်းသော သုတ၊ ရသစာအုပ် ၃၅၀၀ နှင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုက လှူဒါန်းသော လူထုသိပ္ပံကျမ်းအတွဲ(၁၊ ၂၊ ၃) စာအုပ် ၃၀၀၀၊ တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့ စာကြည့်တိုက်များသို့ နိုင်ငံတော်အစိုးရကလှူဒါန်း သော သုတ၊ ရသ စာအုပ် ၂၀၀၀ နှင့်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး မိသားစုကလှူဒါန်းသော  လူထုသိပ္ပံကျမ်း အတွဲ(၁၊ ၂၊ ၃)စာအုပ် ၁၅၀၀ တို့ကို ပေးအပ်လှူဒါန်း ခဲ့ကြသည်။
အခမ်းအနားတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  “လူငယ် များအပါအဝင် ပြည်သူများစာဖတ်ကြစေရန် မိမိတို့ အားပေးကြရမည်ဖြစ်ကြောင်း၊     စာပေလေ့လာ ဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးကြရမည် ဖြစ်ကြောင်း၊    အသိပညာ       မြင့်မားအောင် လုပ်ဆောင်ကြရန်အတွက်   စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့်   စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားရေးကိုလုပ်ဆောင်ကြရန်လည်း လိုအပ်မည် ဖြစ်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့သည်။
ထို့အတူ   ဧပြီ  ၁၀  ရက်  နံနက်ပိုင်းက နေပြည်တော်ရှိ      အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည့်       မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ      ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း ပွဲအခမ်းအနားတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က “စာကြည့်တိုက်ဆိုသည်မှာ ပညာဖြန့်ဝေပေးရာ    ဌာနကြီးတစ်ခုဖြစ်ကြောင်း၊ စာဖတ်စေရန်နှင့်  စာဖတ်အားများ တက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   တစ်ဦးချင်း အသိ ပညာများကြွယ်ဝစေရန်အတွက်   စာဖတ်ရန်လို ကြောင်း၊ ဖတ်ရှုသည့်စာကို ဖတ်ရုံသာ မဟုတ်ဘဲ မှတ်သားထားရှိရန်လိုကြောင်း၊    စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်း၊ ထိုသို့အသိပညာဗဟုသုတများ ကြွယ်ဝလာခြင်းဖြင့် ဘဝအတွက်  များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း” စသည်ဖြင့် ပြောကြားသွားခဲ့သည်။
စာကြည့်တိုက်ပေါင်းများစွာ လိုအပ်နေဆဲ
လက်ရှိကာလတွင်  ပြန်ကြားရေးဝန်ကြီးဌာန  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခရိုင်နှင့်မြို့နယ်အဆင့်များတွင် ပြည်သူ့စာကြည့် တိုက် ၄၁၀ ကို   ဖွင့်လှစ်ပေးထားပြီး   မြန်မာနိုင်ငံ စာကြည့်တိုက်များ   ဖောင်ဒေးရှင်းထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊  လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူ လူထု အစီအစဉ်ဖြင့်  ဖွင့်လှစ်ထားသည့် စာကြည့် တိုက်ပေါင်း ၃၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။
သို့ရာတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၃၃၀ နှင့် မြို့ပေါင်း ၄၁၇ မြို့အပါအဝင် စုစုပေါင်း ၈၀၁ မြို့၊ ရပ်ကွက်ပေါင်း ၃၄၈၅ ခု၊ ကျေးရွာအုပ်စု ပေါင်း ၂၃၉၁၀၊ ကျေးရွာပေါင်း ၆၃၂၁၀ တို့နှင့် နှိုင်းယှဉ် ကြည့်လျှင်    နိုင်ငံအတွင်း   စာကြည့်တိုက်ပေါင်း များစွာဖွင့်လှစ်နိုင်ရန် လိုအပ်နေဆဲပင်။ 
နိုင်ငံတော်        စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း      မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ   စာကြည့်တိုက်များ    ဖွံ့ဖြိုးတိုးတက် ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် “ယခုကဲ့သို့မွန်မြတ် သည့် စာပေအသိပညာလှူဒါန်းမှုများကို ဦးဆောင် နိုင်သူများက  ဦးဆောင်၍ နိုင်ငံတစ်ဝန်း၌ မကြာ ခဏ ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်အတွက် များစွာအကျိုးရှိစေမည်ဖြစ်သဖြင့် အားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနိုင်ကြရန် မေတ္တာရပ်ခံတိုက် တွန်းပါကြောင်း” ပြောကြားသွားခဲ့ပါသည်။
သို့ဖြင့် စာအုပ်ဈေးနှုန်းတန်ဖိုးများ မြင့်တက်လာ သည့်    ယနေ့ခေတ်ကာလတွင်     စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားပါမှ    စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင် လူငယ်မောင်မယ်များအနေဖြင့် စာကောင်းပေမွန်များကို အလွယ်တကူ လက်လှမ်း မီစွာ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်ရာ စာကြည့်တိုက် များ၏အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေးအတွက် စေတနာရှင်၊ အလှူရှင်များက ဆတက်ထမ်းပိုး ထောက်ပံ့ကူညီ လှူဒါန်းကြရန်  တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။      ။