စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၅၆၄၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

နေပြည်တော်    ဇွန်   ၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်း သိုလှောင်   ဖြန့်ဖြူးခြင်း   လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ  ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး   စားအုန်းဆီ  အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ   သယ်ယူပို့ဆောင်ခ  ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

 


ယခုအပတ်အတွင်း   ကမ္ဘာ့စားအုန်းဆီ   ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ စားအုန်းဆီဈေးနှုန်းများ ယခင်အပတ်ထက်အနည်းငယ်ကျဆင်းလာခဲ့ပြီး တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများ အပေါ်အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ်၊  ဇွန်လ ၆ ရက်မှ   ဇွန် ၁၂ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၆၄၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

 


ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပေးထုတ်ပြန် ထားသည်။

 


အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Face-book Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။  

သတင်းစဉ်