
နေပြည်တော် ဧပြီ ၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိရာ မတ် ၂၈ မှ ဧပြီ ၃ ရက်အတွက် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၅၂၂၅ ကျပ်~၆၃၀၀ ကျပ်) ထုတ်ပြန်ထားရှိသည်။
ယခုအပတ်အတွင်း နိုင်ငံတကာတွင်ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေများအရ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ တွင် စားအုန်းဆီဈေးနှုန်းများကျဆင်းလာပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်မှ ဧပြီ ၁၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာ လျှင် ငွေကျပ် ၆၀ ခန့် လျော့နည်းခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံး ငွေကျပ် ၅၄၄၀ မှ အမြင့်ဆုံး ငွေကျပ် ၆၂၄၀) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၏ Website: www.doca.gov.mm နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
သတင်းစဉ်