
နေပြည်တော် ဇွန် ၅
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)က ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်စာမေးပွဲ(ဗဟိုအဆင့်)ထူးချွန်ဆုရရှိသော မင်္ဂလာသားငယ်၊ သမီးငယ်များအား ဂုဏ်ပြုချီးမြှင့် ခြင်းကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ မြစေတီစာသင်တိုက်၌ ကျင်းပရာ မြစေတီစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA နာယက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်း၊ မွန်ပြည်နယ် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း YMBA ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များ ထံမှ ဩဝါဒခံယူဆောက်တည်ကြပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို)က တာဝန်ရှိသူ တစ်ဦးက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီး ၁၂ ပါးအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA နာယက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းအား မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့ကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းက ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် မဟာ ဗုဒ္ဓဝင်စာမေးပွဲ(ဗဟိုအဆင့်) ထူးချွန်စွာအောင်မြင်ခဲ့ ကြသော မွန်ပြည်နယ်မှ မင်္ဂလာသားငယ်၊ သမီးငယ် ၁၂ ဦးကို တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြစေတီစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြောင်း သိရသည်။
သတင်းစဉ်