
နေပြည်တော် ဇူလိုင် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဗိုလ်မှူးချုပ်သန်းတင် (ငြိမ်း) ရေးသားသည့် “ကိုယ်တွေ့ဖြစ်ရပ်များ - စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ” စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်သည်။ ယင်း စာအုပ်မှာ ၂၀၀၄ ခုနှစ် အမျိုးသားစာပေ (နိုင်ငံရေး) ဆုရစာအုပ်ဖြစ်ပြီး တတိယအကြိမ် ထုတ်ဝေခြင်းဖြစ်သည်။ စာရေးသူ၏ အသက် ၁၆ နှစ်အရွယ် တပ်သားသစ်ဘဝမှစတင်လျက် တပ်မတော်တွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်လျက် နိုင်ငံနှင့် ပြည်သူအတွက် တိုက်ပွဲဝင်အောင်မြင်ခဲ့သည့် စစ်ခေါင်းဆောင်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်သည်။
စာရေးသူက “ဤဖြစ်ရပ်တွေက တကယ့်ဖြစ်ရပ်တွေ ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး မြန်မာ့တပ်မတော်သည် ရောင်စုံသူပုန်သောင်းကျန်းသူ တွေအပေါ် တရားတဲ့စစ်ပွဲတွေဖြင့် ရင်ဆိုင်ခဲ့ရပါသည်။ ရဲဘော်တွေရဲ့ နောင်တော်တွေဟာ မည်ကဲ့သို့ တိုက်ခိုက်ပြီး ကျော်လွှားခဲ့ရသည့် ဖြစ်ရပ်တွေ ကို နောင်လာနောက်သား ညီငယ်အရာရှိ၊ အကြပ်တပ်သားတွေအားလုံးကို သိစေချင်ပါသည်” ဟု အမှာတွင် ရေးသားထားပြီး နိုင်ငံ၏လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရန် တပ်မတော်သားများသည် ဇွဲ၊ စွမ်းရည် တိုင်းပြည်လူမျိုးနှင့် တပ်မတော်ကိုချစ်သည့် စိတ်ဓာတ်လိုအပ်ကြောင်း နှိုးဆော်ရေးသားထား သည်။
စာအုပ်တွင် စာမျက်နှာ ၄၃၇ မျက်နှာပါဝင်ပြီး အပိုင်း (၇) ပိုင်းခွဲကာ ကိုးကားသော စာအုပ်စာတမ်းများ၊ ဓာတ်ပုံ၊ မြေပုံများဖြင့် ပြည့်စုံဝေဆာစွာ ရေးသားထားသည်။ တန်ဖိုးငွေကျပ်၆၅၀၀ ဖြင့် ရန်ကုန်မြို့ အမှတ် ၅၂၉- ၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် ဝယ်ယူ ရရှိနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်