
လန်ဒန် ဇန်နဝါရီ ၂၅
ဗြိတိန်နိုင်ငံသည် နိုင်ငံအတွင်း ရောက်ရှိ လာသော ခရီးသွားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပါက ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှုကဲ့သို့သော စည်းကမ်းချက်များကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားသည်။
ယင်းသို့ ဖြေလျှော့ပေးခြင်းကို ဗြိတိန်သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှက်က ဇန်နဝါရီ ၂၄ ရက် တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့သို့ စည်းကမ်း ချက်များ ဖြေလျှော့ပေးခြင်းသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် လျော့ကျလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၌ ယခုလအစောပိုင်းက နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်သိန်းအထိ မြင့်တက်ခဲ့ရာမှ လက်ရှိတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သိန်းအောက် ကျဆင်း ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုကြောင့် အလွန်အမင်းဖျားနာသူအရေအတွက် လျော့ကျသွားပြီဖြစ်ကြောင်းနှင့် အသက် ၁၂ နှစ် အထက်ရှိသူများ၏ ၆၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်