
ညောင်ဦး မတ် ၃
ဗီယက်နမ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များအဖွဲ့က ကမ္ဘာအနှံ့ ကျရောက်နေသော ကိုဗစ်ကပ်ရောဂါ ကင်းဝေးစေရန် ရည်ရွယ်၍ မတ် ၁ ရက်က မန္တလေး တိုင်းဒေသကြီး ပုဂံညောင်ဦးဒေသရှိ စာသင်တိုက် ကျောင်းများအပါအဝင် ဘုန်းတော်ကြီးကျောင်း ၅၀ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် လှူဖွယ် ပစ္စည်းများ လာရောက် ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
အဆိုပါ ဆက်ကပ်လှူဒါန်းခြင်းကို ပုဂံမြို့ ရတနာဘုံစံ တောရဓမ္မရိပ်သာကျောင်းတိုက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလှူရှင် ဗီယက်နမ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များအဖွဲ့က ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပင့်သံဃာအရှင် သူမြတ်များက ကမ္ဘာအနှံ့ကျရောက်နေသော ကိုဗစ် ကပ်ရောဂါနှင့် အခြားသော ကပ်ရောဂါအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အန္တရာယ်ကင်းပရိတ်တရား တော်နှင့် ရတနသုတ်၊ မေတ္တသုတ်များကို ရွတ်ဖတ် ပွားများခဲ့ကြသည်။ ထို့နောက် အလှူရှင်များအဖွဲ့က လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချကာ အမျှအတန်းများပေးဝေခဲ့ကြပြီး ပုဂံညောင်ဦးဒေသရှိ စာသင်တိုက်ကျောင်း ငါးကျောင်း၊ ဘုန်းတော်ကြီး ကျောင်း ၄၅ ကျောင်းကို တစ်ကျောင်းလျှင် ဆွမ်းဆန်တော် ၁၂ ပြည် ၊ ဆီတစ်ပိဿာ၊ ကုလားပဲ တစ်ပြည်နှင့် နို့ဆီဘူး၊ ကော်ဖီမစ်ထုပ်၊ အားဆေး၊ ဝတ္ထုငွေတို့ပါဝင်သော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
“ဦးဇင်းတို့ ပုဂံညောင်ဦးဒေသမှာရှိတဲ့ စာသင် တိုက်ကျောင်းငါးကျောင်း ၊ ဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်းရှိ ဆရာတော်၊ သံဃာတော်တွေကို ဗီယက်နမ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်တွေက ကမ္ဘာအနှံ့ ကျရောက်နေတဲ့ ကိုဗစ်ကပ်ရောဂါနဲ့ အခြားသော ကပ်ရောဂါဘေးအန္တရာယ်မှ ကင်းဝေးစေဖို့အတွက် ရည်ရွယ်ပြီးတော့ ဆွမ်းဆန်တော် ၊ ဆီ ၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို လာရောက်လှူဒါန်းပေးတာ ဖြစ်ပါတယ်။ အဓိကကတော့ ကမ္ဘာအနှံ့ရှိ ပြည်သူ ပြည်သားအပေါင်းကို ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေးစေအောင် မြန်မာပြည်မှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေရဲ့ မေတ္တာဓာတ်ကို ခံယူတဲ့အနေနဲ့ ကုသိုလ်ပြုလှူဒါန်းခြင်းလည်း ဖြစ်ပါတယ်။ အလှူရှင် အဖွဲ့ဟာဆိုရင် နှစ်စဉ်နှစ်တိုင်း မြန်မာပြည်ကိုလာပြီး လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ ဦးဇင်းတို့ ပုဂံ ညောင်ဦးဒေသမှာ လာရောက်လှူဒါန်းမှုအနေနဲ့ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ မနေ့က ပုဂံမြို့ဟောင်းနဲ့ ပုဂံမြို့သစ်ရှိ စာသင်တိုက် ကျောင်းအပါအဝင် ဘုန်းတော်ကြီး ကျောင်း ၅၀ ကို လှူဒါန်းခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာလည်း ညောင်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင် တိုက် ကျောင်းများမှ ဆရာတော် ၊ သံဃာတော်အပါး ၅၀ ကို ဦးဇင်းရဲ့ကျောင်းမှာ ပင့်ပြီးတော့ ဆက်လက် လှူဒါန်းပေးမှာ ဖြစ်ပါတယ်”ဟု ပုဂံမြို့ ရတနာဘုံစံ တောရဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာ တော် ဦးသာဂရက မိန့်ကြားသည်။
ရဲဝင်းနိုင် (ညောင်ဦး)