
မြတ်မင်းလှိုင်
(ဇူလိုင် ၂၃ ရက်မှအဆက်)
သားတော်သုဒဿန၊ သုဘောဂနှင့် ကာဏာရိဋ္ဌတို့သည် မယ်တော်ခမည်းတော်တို့ကို တစ်လတစ်ကြိမ် အဖူးအမြော်ရောက်ကြ ပြီး အလောင်းတော် ဒတ္တနဂါးသည်မူ တစ်လခွဲတစ်ကြိမ် လာရောက်၏။ နဂါးပြည်၌ တစ်စုံတစ်ခုသော ပြဿနာရှိလျှင် ဘုရားအလောင်းဒတ္တနဂါး သာလျှင် ဖြေရှင်းပေးရသည်။ ခမည်းတော်မင်းကြီးနှင့် စတုမဟာရာဇ် ဝိရူပက္ခ နတ်မင်းကြီးထံ ခစားသောအခါ နတ်ပြည်တွင် ပေါ်ပေါက် သော ပြဿနာကိုလည်း ဘုရားလောင်းသာ ဖြေရှင်းပေးရသည်။
တစ်နေ့သောအခါ ဝိရူပက္ခနတ်မင်းကြီးသည် နဂါးပရိသတ်နှင့် တကွ တာဝတိံသာနတ်ပြည်သို့ သွား၍ သိကြားမင်းကြီးထံ ခစား၏။ ထိုနဂါးသိကြားပရိသတ်တို့၌ တစ်ခုသောပြဿနာ ဖြစ်ပေါ်နေသည်။ ထိုပြဿနာကို မည်သူမျှဖြေနိုင်ကြခြင်းမရှိ၍ ဘုရားလောင်း ဒတ္တသည် မြတ်သောပလ္လင်ထက်၌ နေရာယူ၍ ဖြေကြားလေသည်။ ထိုအခါ သိကြားမင်းသည် ဘုရားလောင်း ဒတ္တအား မြေကြီးနှင့်အမျှ ပညာကြီး မား ပြည့်စုံသည်ဟု ချီးကျူးကာ ဘူရိဒတ္တအမည်ကို ပေးတော်မူမည်ဟု ဘုရားလောင်းအား ဘူရိဒတ်ဟူသော အမည်ကိုမှည့်၏။ ထိုနေ့မှစ၍ ဘုရားလောင်းသည် သိကြားမင်းထံ မပြတ်ခစားရ၏။ ထိုသို့ခစားသော အခါ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမြတ်သည့် ဥပုသ်သီတင်း ဆောက်တည်ခြင်းပြုရန် ကြံရွယ်မိလေသည်။ နဂါးပြည်သို့ ရောက် သောအခါ မယ်တော်၊ ခမည်းတော်တို့ကို ခွင့်ပန်ကာ ထိုနဂါးပြည်၏ ဆိတ်ငြိမ်ရာ အရပ်တစ်ခုရှိ ဥယျာဉ်တော်၌ ဥပုသ်ဆောက်တည်၍နေ၏။ နဂါးမငယ်တို့သည် သီဆိုတီးမှုတ်မြူးထူးခြံရံကြ၏။ ဘူရိဒတ်လည်း ဥပုသ်သီတင်း ပြည့်စုံလိုသောကြောင့် မယ်တော်၊ ခမည်းတော်တို့ထံ ခွင့်ပန်ကြားခြင်းမရှိဘဲ မိမိမယားကိုသာခေါ်၍ လူ့ပြည်ယမုံနာ မြစ်နား သို့သွား၍ ဥပုသ်ဆောက်တည်မည်၊ ဥပုသ်နေ့ကျော်လွန်မှ အဖော်များ ဖြင့် နဂါးပြည်သို့ ခေါ်ဆောင်ကြရန် မှာကြားခဲ့သည်။ ထိုအရပ်၌ ထွန်တုံးဖျား ပမာဏရှိသော ကိုယ်ကိုဖန်ဆင်းလျက် မိမိ၏အရေ၊ အကြော၊ အရိုး၊ အသွေးအသားတို့ကို ယူလိုက ယူကြစေသတည်းဟု အင်္ဂါလေးပါးနှင့်ပြည့်စုံသော ဥပုသ်ကို ဆောက်တည်၏။ နေအရုဏ် တက်လျှင် နဂါးမတို့သည် မှာခဲ့သည့်အတိုင်း ဘုရားလောင်းကို နဂါး ပြည်သို့ ဆောင်ယူကုန်၏။ ဤသို့နည်းဖြင့် ဘုရားလောင်းသည် နေ့လ ရှည်စွာ ဥပုသ်သီတင်း ဆောက်တည်တော်မူ၏။
ထိုအချိန်အခါ၌ ဗာရာဏသီပြည် တံခါးအနီးရွာတွင် နေထိုင်သည့် နေသာဒဟုခေါ်သော ပုဏ္ဏားတစ်ယောက်သည် သောမဒတ်အမည် ရှိသော သားငယ်နှင့်အတူ သမင်များကို ဖမ်း၍သတ်ဖြတ် ရောင်းချကာ အသက်မွေးမြူလျက်ရှိသည်။ တစ်နေ့သ၌ ပုဏ္ဏားသည် သမင်သား ကို မရ၍ လက်ချည်းသက်သက်ပြန်ပါက ဇနီးဖြစ်သူ စိတ်ဆိုးမည်ကို စိုးရိမ်ကာ ဆက်လက်ရှာဖွေသည်။ ထိုအခါ ရေသောက်လို၍ ဘုရား လောင်းနေထိုင်ရာ ယမုံနာမြစ်သို့ ရေသောက်ဆင်းလာသော သမင်များကိုတွေ့၍ လိုက်လံပစ်ခတ်လေသည်။ ပုဏ္ဏားပစ်လိုက်သော သမင်တစ်ကောင်သည် ပစ်ရာအရပ်၌မလဲဘဲ မြားအဟုန်ကြောင့် ကြောက်လန့်တကြား ပြေးလေ၏။ ထိုသမင်နောက်သို့ လိုက်ရင်းဖြင့် ဘုရားလောင်းဘူရိဒတ်၏နေရာ တောင်ပို့အနီး ညောင်ပင်ကြီးသို့ ရောက်ရှိလာလေသည်။ ပုဏ္ဏားသားအဖသည် သင့်တင့်ရာ၌ သမင်ကို ထားပြီး သစ်ပင်ထက်သို့တက်ပြီးလျှင် သစ်ပင်ခွကြားတွင် အိပ်ကြ၏။
ထိုအခိုက် နဂါးမတို့သည် ဘုရားလောင်းအတွက် ပန်းမွေ့ရာကို လာခင်းကြ၏။ ဘုရားလောင်းဘူရိဒတ်သည် နတ်၏ကိုယ်ကို ဖန်ဆင်း၍ သိကြားမင်း၏ တင့်တယ်ခြင်းဖြင့် ပန်းမွေ့ရာ၌ နေလေ၏။ နဂါးမတို့ လည်း တီးမှုတ်ဖျော်ဖြေကာ ဘုရားလောင်းအားခစားကြ၏။ ထိုအသံ ကို ကြားလျှင် ပုဏ္ဏားသည် သစ်ပင်မှဆင်း၍ ဘုရားလောင်းအား မေးမြန်းစုံစမ်းလေသည်။ ဘုရားလောင်းလည်း မိမိသည် တန်ခိုးကြီး သော နဂါးဖြစ်ကြောင်း ပြောပြသည်။ ထို့နောက် နဂါးမင်းဘူရိဒတ်သည် ဤပုဏ္ဏားသည် ရုန့်ရင်းကြမ်းတမ်းသူဖြစ်၍ မြွေသမားခေါ်၍ ဘုရား လောင်းအား ပြပါက ဥပဒ်အန္တရာယ်ဖြစ်တော့မည်ဟု တွေးမိကာ ပုဏ္ဏားကို နဂါးပြည်သို့ ခေါ်သွားမည်ဖြစ်ကြောင်း ပြောကြားလေသည်။ ပုဏ္ဏားသည် သဘောတူညီကာ နဂါးပြည်သို့ လိုက်ပါ၍ စည်းစိမ် ခံစားလေသည်။
ဘုရားလောင်းဘူရိဒတ်သည် ဥပုသ်မပြတ် ဆောက်တည်၍ တစ်လခွဲတစ်ကြိမ် မယ်တော်၊ ခမည်းတော်တို့ထံ ပြန်၍ ခစားဝင်ကာ တရားစကားပြောဆိုသည်။ ထို့နောက် ပုဏ္ဏားသားအဖတို့ကို တွေ့ဆုံ မေးမြန်းလျက် အလိုရှိသည်တို့ကို ဖြည့်ဆည်းကာ မိမိနေရာသို့ ပြန်လေ့ ရှိသည်။ ပုဏ္ဏားသည် ဘုန်းနည်းသောကြောင့် နဂါးပြည်၌ တစ်နှစ်ကြာ နေထိုင်ပြီးသည့်အချိန်တွင် ပျော်ပိုက်ခြင်းမရှိတော့။ ပျော်မွေ့နေသော သား သောမဒတ်ကို အကြိမ်ကြိမ်စည်းရုံးပြီး သားက သဘောတူညီသော အခါ ဘူရိဒတ်နဂါးမင်းထံ လူ့ပြည်ပြန်ခွင့် တောင်းလေသည်။ ဘူရိဒတ် နဂါးမင်းသည် မိမိဥပုသ်ဆောက်တည်ရာ အရပ်ကိုသူတစ်ပါးကို ပြော ဆိုခြင်း မပြုစေရန်အတွက် အလိုရှိသော ဥစ္စာကိုရရှိနိုင်သည့် ပတ္တမြား ရှင်ကို ပုဏ္ဏားအား ပေးလေသည်။ ပုဏ္ဏားသည် မိမိမှာ အသက်ကြီးပြီ ဖြစ်၍ လူ့ပြည်သို့ရောက်က ရဟန်းပြုမည်ဖြစ်ကြောင်းပြော၍ ပတ္တမြား ကို လက်မခံချေ။ ထိုအခါ ဘူရိဒတ်မင်းက ရဟန်းအဖြစ် မကျင့်နိုင်၍ လူထွက်ချိန်တွင် အလိုရှိသမျှကို လာရောက်တောင်းဆိုရန် မှာကြားပြီး နဂါးလုလင်လေးယောက်တို့ကို ပုဏ္ဏားကို လူ့ပြည်သို့ လိုက်ပါပို့ဆောင် စေသည်။ နဂါးလုလင်လေးယောက်တို့သည် ပုဏ္ဏားသားအဖကို ဗာရာ ဏသီပြည်ခရီးသို့ ပို့ဆောင်ပြီး နဂါးပြည်သို့ ပြန်ကြလေသည်။
ပုဏ္ဏားသားအဖသည် ခရီးစဉ်အတိုင်း သွားကြရာ ခရီးအကြား၌ ရေကန်တစ်ကန်ကိုမြင်၍ ရေချိုးကြရန်အတွက် နဂါးပြည်မှ ဆင်မြန်း လာသော နတ်ဝတ်တန်ဆာကို ချွတ်၍ ထုပ်ပိုးလျက် ရေကန်နား၌ထား ပြီး ရေကန်တွင်းသို့ သက်ဆင်းရေချိုးကြလေသည်။ ထိုခဏ၌ ထိုအဝတ်တန်ဆာတို့သည် ပျောက်ကွယ်၍ နဂါးပြည်သို့ ပြန်ရောက် သွားလေသည်။ ပုဏ္ဏားသားအဖတို့ကိုယ်၌ အိမ်မှပါလာရင်းဖြစ်သော ဖန်ရည်ဆိုးသော ပုဆိုးညစ်သည် လာစွပ်လေသည်။ သားသောမဒတ် သည် ဖခင်ကိုကြည့်ပြီး မြတ်သောစည်းစိမ်တို့ ဆုံးရှုံးပျက်စီးရလေပြီ ဟု ငိုကြွေးလေသည်။ ထိုအခါ ပုဏ္ဏားသည် တော၌သမင်ပေါသည်ဖြစ် ၍ သမင်တို့ကိုသတ်၍ အသက်မွေးကြမည်ဟု နှစ်သိမ့်ကာ နေအိမ်သို့ ပြန်လာကြလေသည်။
နေအိမ်သို့ရောက်လျှင် ပုဏ္ဏားသည်ပင်ပန်းသည်ဖြစ်၍ အိပ်ပျော် လေသည်။ ပုဏ္ဏားအိပ်နေစဉ် ပုဏ္ဏေးမသည် သားတော်သောမဒတ်ကို နေအိမ်မှ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေရခြင်းကို မေးမြန်းလေသည်။ သားသောမဒတ်က နဂါးပြည်သို့ ရောက်ရှိသွားသည်ကို အစအဆုံး ပြန်လည်ပြောပြ၏။ ပုဏ္ဏေးမက နဂါးပြည်မှအပြန် မည်သည့်ရတနာမျိုး ပါရှိလာသည်ကို မေးသောအခါ နဂါးမင်းက အလုံးစုံကိုရနိုင်သော ပတ္တမြားကိုပေးသော်လည်း ဖခင်က လူ့ပြည်ရောက်လျှင် ရဟန်းပြုမည် ဖြစ်သောကြောင့် လက်မခံသည်ကိုလည်း ပြောပြ၏။ ထိုအခါ ပုဏ္ဏေးမ သည် လွန်စွာဒေါသထွက်ပြီး ပုဏ္ဏားကိုအပြစ်တင် ပြောဆိုလေသည်။ ပုဏ္ဏားလည်း တော၌သမင်ပေါများ၍ မုဆိုးလုပ်ကျွေးမွေးမည်ဟုဆိုကာ သားနှင့်အတူ တောသို့သွား၍ ယခင်နည်းတူ မုဆိုးလုပ်လျက် အသက် မွေးကြ၏။
ထိုအချိန်တွင် တောင်သမုဒ္ဒရာလက်ပံတော၌နေသော ဂဠုန် တစ်ကောင်သည် သမုဒ္ဒရာရေကို ၎င်း၏တောင်ပံခတ်သော လေအဟုန် ဖြင့် ကွဲစေပြီး သမုဒ္ဒရာအောက်၌ရှိသော နဂါး၏ဦးခေါင်းကို ဆွဲသုတ်၍ ဟိမဝန္တာတောသို့ ပျံသွားလေသည်။
ထိုအခါ၌ ကာသိကရာဇ်တိုင်း၌နေသော ပုဏ္ဏားတစ်ယောက်သည် ရသေ့ရဟန်းပြုလျက် ဟိမဝန္တာတော၌နေရာ သင်္ခမ်းတည်ဆောက် သီတင်းသုံးလျက်ရှိသည်။ ထိုရသေ့သည် စင်္ကြံဦး၌ရှိသော ကြီးမား သည့် ပညောင်ပင်ကြီးအောက်တွင် သီတင်းသုံးနေစဉ် ဂဠုန်သည် နဂါးကို ထိုပညောင်ပင်ပေါ်မှ ဖြတ်သန်းသယ်ဆောင်လာသည်။ နဂါး သည် အမြီးဖြင့် ပညောင်ပင်ကို ရစ်ပတ်လိုက်လေသည်။ ဂဠုန်သည် နဂါးက ပညောင်ပင်ကို အမြီးဖြင့် ရစ်ခွေလိုက်သည်ကို မသိရှိဘဲ မိမိ၏ ခွန်အားဖြင့် ကောင်းကင်ကို ပျံလေလျှင် ဂဠုန်သည် နဂါးကို လက်ပံပင် သို့ သယ်ဆောင်လာပြီး ဝမ်းကိုခွဲ၍ နဂါးဆီကိုစားပြီးလျှင် နဂါးအကောင် ကို သမုဒ္ဒရာသို့ ပစ်ချလေသည်။ ပညောင်ပင်သည် သည်းစွာအသံမြည်၍ ဖရိုဖရဲဖြင့် ကျလေသည်ကို ဂဠုန်လည်း မိမိ၌အပြစ်ရှိ၊ မရှိသိလို၍ လုလင်ပျိုအသွင်ဖြင့် ရသေ့ထံပါး ချဉ်းကပ်မေးမြန်းလေသည်။ ရသေ့က ပညောင်ပင်ကျွတ်စေလိုသော စေတနာမပါ၍ အပြစ်မရှိကြောင်း ပြော ကြားလျှင် ဂဠုန်သည် လွန်စွာကျေနပ်နှစ်သက်လှသည်ကြောင့် မြွေ နဂါးတို့ဘေးမှ တားမြစ်နိုင်သော မန္တန်ကိုပေးလေသည်။ ရသေ့က ငြင်းဆိုသဖြင့် အဖန်တလဲလဲတောင်းပန်လျက် အလမ္ပာယ်အတတ် မန္တန်ကို သင်ပေးပြီး မိမိနေရာသို့ ပြန်သွားလေသည်။
ထိုအခိုက်ဝယ် ဗာရာဏသီပြည်၌နေသော ဆင်းရဲသားပုဏ္ဏား တစ်ယောက်သည် ကြွေးထူလှသဖြင့် တော၌သေမည်ဟု ကြံရွယ်ပြီး မြို့မှထွက်လာခဲ့သည်။ ရှင်ရသေ့နေသော သင်္ခမ်းသို့ ရောက်လျှင် ထို ဆင်းရဲသားပုဏ္ဏားသည် ရှင်ရသေ့၏ ဝတ်ကြီးဝတ်ငယ်တို့ကိုပြု၍ နေလေသည်။ ရသေ့လည်း ကျေးဇူးတင်သဖြင့် မန္တန်ကိုသင်ပေးမည်ဟု ဆိုသော်လည်း ထိုပုဏ္ဏားက လက်မခံပေ။ ရသေ့လည်း အဖန်တလဲလဲ တိုက်တွန်းဖန်များမှ မန္တန်နှင့် မြွေအလမ္ပာယ် အတတ်ပညာကို သင်ယူ လေသည်။ ပုဏ္ဏားသည် အသက်မွေးရန် အတတ်ပညာရပြီဖြစ်၍ တစ်ရက်နှစ်ရက်နေပြီးလျှင် ရသေ့ထံမှ ခွင့်တောင်းကာ တောမှထွက် လာခဲ့ရာ ယမုံနာမြစ်နားသို့ ရောက်ရှိလေသည်။ ထိုအချိန်တွင် ဘူရိဒတ် နဂါးမင်း၏ အလုပ်အကျွေး နဂါးမတစ်ထောင်ခန့်သည် အလိုဟူသမျှ ပေးနိုင်သော ပတ္တမြားကို ယမုံနာမြစ်နား သဲပြင်ပေါ်ဝယ်ထား၍ ထိုပတ္တမြားအရောင်ဖြင့် ညဉ့်သုံးယံပတ်လုံး ရေကစားနေကြ၏။ အရုဏ်တက်သောအခါ၌ နဂါးမတို့သည် အဝတ်တန်ဆာဆင်ပြီး ထိုပတ္တမြားကိုယူ၍ ပြန်ရန်ပြင်ဆင်ချိန်တွင် ထိုဆင်းရဲသား ပုဏ္ဏား သည် မန္တန်ကိုရွတ်ဖတ်ရောက်ရှိလာ၏။ နဂါးမတို့သည် မန္တန်ရွတ်သံကို ကြားလျှင် ဂဠုန်လာသည်ဟု မှတ်ယူပြီး ပတ္တမြားကိုပင် မယူနိုင်တော့ ဘဲ မြေ၌ငုပ်ပြီးလျှင် နဂါးပြည်သို့ ပြေးကြလေ၏။ ပုဏ္ဏားသည် ပတ္တမြားကိုမြင်လျှင် ဝမ်းမြောက်ဝမ်းသာဖြင့် ယူသွားလေသည်။
ထိုခဏ၌ နေသာဒပုဏ္ဏားနှင့် သားသောမဒတ်တို့သည် သမင်ရှာ ရန် တောသို့ဝင်လာသည်။ ထိုဆင်းရဲသားပုဏ္ဏားနှင့် တွေ့ဆုံကြရာ တွင် ပုဏ္ဏားလက်၌ ပတ္တမြားကိုမြင်လျှင် ၎င်းတို့အား ဘူရိဒတ်နဂါးမင်း ကပေးသော ပတ္တမြားဖြစ်သည်ကိုသိရှိလေသည်။ နေသာဒပုဏ္ဏားသည် ပတ္တမြားကို ထိုပုဏ္ဏားမည်သို့ ရရှိခဲ့ကြောင်း မေးမြန်းစုံစမ်း သိရှိရလေ သည်။ ထိုအခါ နေသာဒပုဏ္ဏားသည် ပတ္တမြားရတနာကို ဆောင်ရမည့် အစီအစဉ်ကို မသိက အကျိုးမရှိနိုင်၍ အစီရင်ကိုသိသော မိမိအား ရွှေအချိန်တစ်ရာဖြင့် ရောင်းချရန် ပြောဆိုသည်။ ထိုဆင်းရဲသား ပုဏ္ဏားကရောင်းချခြင်း မပြုလိုကြောင်း ငြင်းဆိုလေသည်။
(ဆက်လက်ဖော်ပြပါမည်)