
လန်ဒန် ဇွန် ၆
ဗြိတိန်နိုင်ငံ၏ နန်းသက်အရှည်ကြာဆုံးဖြစ်သည့် ဘုရင်မကြီး အယ်လိဇဘတ် -၂ က နန်းစံသက် နှစ်ပေါင်း ၇၀ ကြာ အခမ်းအနားဆင်နွှဲပြီးနောက် တိုင်းသူပြည်သားများအတွက် တိုင်းပြုပြည်ပြုအကျိုးများကို ဆက်လက်သယ်ပိုးသွားမည်ဟု ဇွန် ၅ ရက်က ကတိပြုမိန့်ကြားသည်။
ဘုရင်မကြီးအဖြစ် နှစ် (၇၀) မြောက် နန်းစံခြင်း အထိမ်းအမှတ်အခမ်းအနားကို မည်သို့ကျင်းပ ရမလဲဆိုသည်နှင့် ပတ်သက်ပြီး လမ်းညွှန်စာအုပ် မရှိပါကြောင်း၊ သို့သော် မိမိရဲ့ နှစ် (၇၀) မြောက် ပလက်တီနမ်ရတုကို ဆင်နွှဲရန် လမ်းမပေါ် ရောက်ရှိ လာသည့် ပြည်သူများကို လေးစားပြီး ဝမ်းသာ ပီတိဖြစ်ရကြောင်း လေးရက်တာ ကျင်းပသည့် အခမ်းအနားအပြီးတွင် ထုတ်ပြန်သော ကြေညာ ချက် တစ်စောင်၌ အသက် ၉၆ နှစ်အရွယ်ရှိ ဘုရင်မ ကြီးက ထည့်သွင်းမိန့်ကြားခဲ့ခြင်း ဖြစ်သည်။
စစ်ရေးပြ ဂုဏ်ပြုအခမ်းအနားများ၊ ဂီတ ဖျော်ဖြေပွဲများနှင့် ယဉ်ကျေးမှုပြပွဲများအပါအဝင် လန်ဒန်မြို့ လမ်းမထက်တွင် လူထောင်ပေါင်း များစွာ စည်စည်ကားကားဖြင့် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။ လန်ဒန်မြို့လယ်ကောင်၌ လမ်းဘေး အနုပညာများ၊ တေးဂီတများနှင့် ကာနီဗယ်ပွဲတော် များ တင်ဆက်သည့် နောက်ဆုံးနေ့ဖြစ်သော ဇွန် ၅ ရက် မွန်းလွဲပိုင်းတွင် ဘုရင်မကြီးသည် ၎င်းနေထိုင် စံမြန်းရာ ဘက်ကင်ဟမ်နန်းတော်၏ လေသာဆောင် ရှေ့သို့ ခေတ္တရောက်ရှိကာ ပြည်သူများအား နှုတ်ဆက်ခဲ့သည်။
သို့သော်လည်း ဘုရင်မကြီးသည် အသက်အရွယ် အရ လှုပ်ရှားသွားလာရာတွင် ပြဿနာရှိနေ သဖြင့် စိန့်ပေါလ်ဘုရားကျောင်း၌ ပြုလုပ်သည့် ကျေးဇူးတော်နေ့အခမ်းအနားနှင့် ဘက်ကင်ဟမ် နန်းတော်ပြင်ပ၌ ပြုလုပ်သည့် ကြယ်ပွင့်ဂီတ ဖျော်ဖြေပွဲနှင့် မီးထွန်းပွဲတော်ကို တက်ရောက်နိုင် ခြင်း မရှိခဲ့ပေ။
အခမ်းအနားများကို လူကိုယ်တိုင် မတက် ရောက်နိုင်သော်လည်း ပြည်သူနှင့်အတူရှိပြီး မိသားစု၏ ဖေးမကူညီမှုနှင့်အတူ တိုင်းကျိုးပြည်ကျိုး ကို စွမ်းနိုင်သမျှ ဆက်လက်သယ်ပိုးသွားမည်ဖြစ် ကြောင်း ဘုရင်မကြီးက မိန့်ခွန်းပြောကြားသည်။
ဆင်ဟွာ