
နေပြည်တော် ဩဂုတ် ၂၄
၂၀၂၁ ခုနှစ် အောက်တိုဘာ လမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း များ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြော ကြားသည်။
ညှိနှိုင်း အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော် နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ တက်ရောက် ကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ လွှတ်တော်ရုံးများနှင့် ဗဟိုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက Video Confere-ncing စနစ်ဖြင့် ချိတ်ဆက်တက်ရောက်ကြသည်။
ပြန်လည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်မည်
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၀(ခ) အရ နိုင်ငံတော်၏ အမျိုးသား စီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်း နှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများသည် နှစ်စဉ်ပုံမှန်မဖြစ်မနေ ပြဋ္ဌာန်းဆောင်ရွက်ရမည့် ဥပဒေကြမ်းများဖြစ်သည့် အားလျော်စွာ တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ဘဏ္ဍာရေးနှစ်ကို ယခင်က နှစ်စဉ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်ခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြန်လည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်မည်ဖြစ်သည့်အတွက် ကြားကာလ ဘတ်ဂျက်အဖြစ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ၆ လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲရခြင်း ဖြစ်ကြောင်း။
ယခုအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေရပြီး စီးပွားရေးထိခိုက်မှုများ အနည်းနှင့်အများရှိသည့် အပြင် နိုင်ငံတော်၏ အခွန်အကောက်ရငွေနှင့် အခြား သာမန်ရငွေများအပါအဝင် နိုင်ငံတော်ဝင်ငွေအချို့ လျော့နည်းကျဆင်းလျက်ရှိရာ လာမည့် ၆ လတွင် လည်း ရငွေများဆက်လက် လျော့နည်းနိုင်ကြောင်း၊ သို့ရာတွင် နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကို မဖြစ်မနေသုံးစွဲရမည် ဖြစ်သဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ အသုံးစရိတ်များကို အတတ်နိုင်ဆုံး စိစစ်သုံးစွဲသွား ကြရန် တိုက်တွန်းလိုကြောင်း၊ ဘတ်ဂျက်ကာလ ၆ လသာဖြစ်သည့်အတွက် ရငွေလျာထားချက်များ သည် ၆ လအတွင်း အမှန်ရရှိနိုင်သော ရငွေများ ဖြစ်ရန်နှင့် အသုံးစရိတ်လျာထားချက်များသည် ၆ လအတွင်း အမှန်သုံးစွဲနိုင်မည့် အသုံးစရိတ်များ ကိုသာ လျာထားကြရန် လိုအပ်ကြောင်း။
ထို့အပြင် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်း များက ရေးဆွဲတင်ပြလာသည့် ၆ လတာအတွက် အရအသုံးလျာထားချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း နိုင်ငံတော်က ချမှတ် ပေးထားသော မူဝါဒများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် တင်ပြလာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင် ပြည်ထောင်စုကို တာဝန်ယူဆောင်ရွက် ရမည့် လုပ်ငန်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများထပ်မနေရန် လိုအပ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က (၆)လအတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုအတွက် ရေးဆွဲလျာထားပေးမှုအခြေအနေ၊ ရငွေရရှိရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းငွေစာရင်း များနှင့်စပ်လျဉ်း၍ စိစစ်ပြီးစီးမှုအခြေအနေနှင့် ပုံမှန်မဟုတ်သည့် အသုံးစရိတ်များအတွက် လျာထား ရေးဆွဲထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားမှုများမှ စစ်ဆေးတွေ့ရှိချက် များနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်လေးခုတွင် ကယ်ဆယ်ရေးပစ္စည်း သိုလှောင် ရုံနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးစင်တာ တည်ဆောက်ရေး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းရေး၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်းရှိ ကျိုင်းတောင်းရေလှောင် တမံ စီမံကိန်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး အတွက် ဘဏ္ဍာငွေတိုးမြင့်ရရှိရေး စသည့်ဖြည့်စွက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အရအသုံးခန့်မှန်းခြေ လျာထားချက် အတွက် ဖြည့်စွက်တင်ပြသည့် ဝန်ကြီးဌာနများနှင့် ထပ်မံညှိနှိုင်းဆွေးနွေးရေး၊ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာငွေသုံးစွဲမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို သက်ဆိုင်ရာအကြီး အကဲများက စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးရေး၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ မတ်လအထိ (၆)လအတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်ဆောင်ရွက်ရန်ရှိပါက ရသုံးခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြရန် အကြံပြုဆွေးနွေး တင်ပြသည်။
စနစ်တကျဖြင့် တင်ပြထား
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လအတွင်း အရအသုံး ခန့်မှန်းခြေငွေစာရင်း စိစစ်ခြင်းအစည်းအဝေးတွင် သက်ဆိုင်ရာ ဗဟိုအဆင့်၊ ဝန်ကြီးဌာနအဆင့် အသီးသီးတို့၏ တင်ပြချက်များနှင့် ပတ်သက်၍ အဆင့်ဆင့်သော အဖွဲ့အစည်းများက စိစစ်ပြီး စနစ်တကျဖြင့် တင်ပြထားသည်ကို တွေ့ရှိရကြောင်း၊ တင်ပြချက်ဆိုင်ရာများနှင့် ပတ်သက်၍ မိမိတို့အနေ ဖြင့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်က အတည်ပြုသည့်အခါ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ ၎င်းမှတစ်ဆင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လအတွက် ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသို့ တင်ပြသွားမည်ဖြစ်ကြောင်း။
ဥပဒေပြဋ္ဌာန်းပြီးသည့်အခါ ဝန်ကြီးဌာနများအနေ ဖြင့် ရငွေများကို လျာထားချက်အတိုင်း အပြည့်အဝ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိတို့ခွဲဝေရရှိသည့် ဘဏ္ဍာငွေများကို သုံးစွဲရာတွင် လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို အထောက်အကူပြုစေသည့် အသုံးစရိတ်များ၊ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် အသုံး စရိတ်များကို ဦးစားပေး သုံးစွဲကြရန်လိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများက တင်ပြ တောင်းခံကြသည့် အသုံးစရိတ်များတွင် ပုံမှန်လိုအပ် သည့် အသုံးစရိတ်များအပြင် ကုန်ထုတ်လုပ်မှုကို အကျိုးပြုစေမည့်စက်ရုံများ ပြန်လည်လည်ပတ်ရေး အတွက် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် ပတ်သက်သည့် အသုံးစရိတ်များ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေမည့် ပြည်ပ ချေးငွေ/ပြည်ပအကူအညီရငွေတို့ဖြင့် ဆောင်ရွက် မည့် အသုံးစရိတ်များ ပါဝင်နေသည်ကိုလည်း တွေ့ရှိ ရကြောင်း။
ဘတ်ဂျက်စက်ဝန်းအရ ယခုကဲ့သို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲဆောင်ရွက်တင်ပြနေချိန်တွင် ၂၀၂၀ -၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ကို အပြီးသတ် အကောင်အထည်ဖော်ရမည့်အချိန် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကပ်ရောဂါစိန်ခေါ်မှုများနှင့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်အရ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ ရှိနေသော်လည်း ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ရငွေလျာထားချက်များ အတတ်နိုင်ဆုံး ပြည့်မီရေး၊ ခွင့်ပြုပြီးအသုံးစရိတ်များ အချိန်မီသုံးစွဲ နိုင်ရေး၊ အချိန်မီသုံးစွဲနိုင်ခြင်းမရှိသည့် အသုံးစရိတ် များကို သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံခြင်း တို့ကို ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
အစွမ်းကုန် ကြိုးပမ်းအားထုတ်
ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ ဝင်ငွေ ရရှိရေးအတွက် ကြိုးပမ်းဆောင် ရွက်နေကြရသည့် ဝန်ကြီးဌာနများရှိသကဲ့သို့ မဖြစ်မနေ ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များ စသည့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကိုယ်စား သုံးစွဲရသည့် ဝန်ကြီးဌာနများလည်းရှိကြောင်း၊ ကိုဗစ် ကပ်ရောဂါနှင့် အထွေထွေစိန်ခေါ်မှုများကြောင့် ဝင်ငွေရှာဖွေရာတွင် အခက်အခဲအနည်းနှင့် အများရှိ သည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် မလျှော့သောဇွဲ၊ စုပေါင်းအားဖြင့် အခြေအနေပေးသည့်အပေါ်တွင် ရနိုင်သည့်ဘက်မှ မဖြစ်မနေ မိမိတို့ဝန်ကြီးဌာန အလိုက် သတ်မှတ်ပေးထားသည့် လျာထားဝင်ငွေများ ရရှိအောင် အစွမ်းကုန် ကြိုးပမ်းအားထုတ်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ အလားတူ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရမည့် ဝန်ကြီးဌာန များအနေဖြင့်လည်း မဖြစ်မနေ သုံးစွဲရမည့် အသုံး စရိတ်များမှအပ အတတ်နိုင်ဆုံး ချွေတာသုံးစွဲကြရန် လည်း မှာကြားလိုကြောင်း၊ ဝင်ငွေရှာဖွေခြင်းနှင့် သုံးစွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိ ရသည့် အချက်များအနက် အများဆုံးအားနည်းချက် တွေ့ရှိရသည့် အချက် ၉ ချက်အပြင် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့အတူ လာမည့် ၆ လတွင်လည်း ဥပဒေပါရငွေ၊ သုံးငွေလျာထားချက် များကို နီးစပ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်