
နေပြည်တော် ဩဂုတ် ၂၄
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ (၆)လအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်း တင်ပြခြင်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ချိတ်ဆက်တက်ရောက်
ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ တက်ရောက်ကြပြီး ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် ချိတ်ဆက်တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် တွင် ဘဏ္ဍာရေးနှစ်အား ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရန် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်မည် ဖြစ်သည့်အတွက် လက်ရှိဘဏ္ဍာရေးနှစ် ကုန်ဆုံး သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နောက်ပိုင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ (၆) လအတွက် ဘတ်ဂျက်အား ကြားကာလ ဘတ်ဂျက်အဖြစ် ရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ချမှတ် ဆောင်ရွက်ရသည့် ကန့်သတ်ချက်၊ တားမြစ်ချက်များ အရလည်းကောင်း၊ နိုင်ငံရေး အဖျက်အမှောင့် လုပ်ရပ်များကြောင့် လည်းကောင်း နိုင်ငံတော်၏ စီးပွားရေး လည်ပတ်မှုအပေါ် ထိခိုက်မှုရှိခဲ့ပြီး နိုင်ငံတော်၏ အခွန်အကောက်ရငွေများ ကျဆင်းခဲ့ ကြောင်း၊ မိမိတို့ အိမ်စောင့်အစိုးရအဖွဲ့အနေဖြင့် မည်သို့ပင် စိန်ခေါ်မှုများရှိစေကာမူ ပြည်သူများ၏ လူမှုစီးပွားလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။
အလေးပေးဆောင်ရွက်
(၆)လ ဘတ်ဂျက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ လိုငွေအတွက် ပြည်ထောင်စု မှ ထောက်ပံ့ပေးမည့်ငွေနှင့် မိမိတို့ဒေသအလိုက် ရရှိသည့်ရငွေများ စုပေါင်း၍ မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများ၊ ပြည်သူများအား တိုက်ရိုက် အကျိုးဖြစ်စေမည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ် လုပ်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးပြုစေနိုင်မည့် အသုံးစရိတ်များအား အလေးပေးဆောင်ရွက်ပေးကြစေလိုကြောင်း။
လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်၍ မပြီးပြတ် သေးသည့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ပြည်သူ များအဓိကလိုအပ်နေသည့်လုပ်ငန်းများကို ဦးစားပေး အလိုက် လျာထားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ (၆)လအတွက် ရေးဆွဲသည့်ဘတ်ဂျက်ဖြစ်သဖြင့် လျာထားသည့် အသုံးစရိတ်များကိုသတ်မှတ်ကာလအတွင်းပြီးပြတ်အောင် သုံးစွဲ နိုင်ရန် အထူးအရေးကြီး ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသန္တရစီမံကိန်းများကို ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ကဏ္ဍများအလိုက် စီမံကိန်းများ နှင့်ချိတ်ဆက်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ ပြည်ပချေးငွေ၊ အကူအညီရငွေတို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရန်ဖြစ်သည့်အပြင် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဖော် ထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလို ကြောင်းဖြင့် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့် ဦးစားပေးဆောင်ရွက်သင့်သည် လုပ်ငန်း များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လထိ (၆)လအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းငွေစာရင်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ ရငွေ၊ သုံးငွေစာရင်းများ၊ လျာထားမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာများနှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဘဏ္ဍာငွေ ရေးဆွဲမှု၊ ဆက်လက်အကောင်အထည်ဖော်မှုများ နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်သင့်သည့် အချက်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြ သည်။
အောင်မြင်စွာ ကျော်လွှားနိုင်
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီးစိုးဝင်းက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုခွဲဝေပေးသည့် ၆ လပတ် သည် ကြားဖြတ်ကာလ ဘတ်ဂျက်ဖြစ်သည်နှင့်အညီ မိမိတို့ရငွေအပေါ်တွင် နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုထောက်ပံ့ငွေများဖြင့် ပေါင်းစပ်၍ သုံးစွဲ ရခြင်းဖြစ်ကြောင်း၊ ယခုကာလအတွင်း မိမိတို့ အိမ်စောင့်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနည်းတူ ကိုဗစ် -၁၉ ကပ်ရောဂါဆိုးကြောင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ကျော်လွှားနေရကြောင်း၊ ထိုသို့ ရင်ဆိုင် ကျော်လွှားရာတွင် အဓိကအားဖြင့် နိုင်ငံတော်၏ စီးပွားရေးကို ခက်ခဲစေသည့်၊ ယိုင်လဲစေသည့်အပြင် ပြည်သူတို့၏လူမှုစီးပွားဘဝထိခိုက်စေမည့် အခက် အခဲများကိုရင်ဆိုင်ကျော်လွှားနေရသည့် ကာလဖြစ် ကြောင်း၊ အလားတူ နိုင်ငံရေးနှင့် ဆက်နွှယ်သည့် စီးပွားရေးဖိအားများသည်လည်း အစိုးရအတွက် စိန်ခေါ်မှု၊ တစ်နည်းအားဖြင့် ပြည်သူများအတွက် စိန်ခေါ်မှုများပင် ဖြစ်ကြောင်း၊ အဆိုပါစိန်ခေါ်မှုများ ကို မိမိတို့အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ များနှင့်အတူ စုပေါင်းညီညွတ်စွာဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ရမည်ဖြစ်ကြောင်း။
မှန်မှန်ကန်ကန်သုံးစွဲ
ယခု ခွဲဝေပေးလိုက်သည့် ရသုံးခန့်မှန်းခြေ ဘတ်ဂျက်များနှင့် ပတ်သက်၍ စနစ်တကျသုံးစွဲရန်၊ စိစိစစ်စစ်ဖြင့်သုံးစွဲရန်နှင့် ခွဲဝေရရှိသည့် ငွေပမာဏ အပေါ်တွင် မူတည်၍ ဘဏ္ဍာငွေသုံးစွဲမှုများသည် လည်း ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ မှန်မှန် ကန်ကန်သုံးစွဲကြရန်လိုပါကြောင်း၊ မိမိတို့ တိုင်းဒေသ ကြီးနှင့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယိုင်လဲနေသည့် စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး ပြန်လည် ဦးမော့နိုင်အောင် သုံးစွဲရာ၌ မလိုလားအပ်သည့် အသုံးစရိတ်များအား စိစစ်လျှော့ချသုံးစွဲကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်