ဘေးအန္တရာယ်များနှင့်ရင်ဆိုင်ရချိန်တွင် အရေးကြီးသည့် ကြံ့ကြံ့ခံနိုင်စွမ်းအား

Type

ဆောင်းပါး

=======

 

ဘေးအန္တရာယ်များနှင့်ရင်ဆိုင်ရချိန်တွင် အရေးကြီးသည့် ကြံ့ကြံ့ခံနိုင်စွမ်းအား

===========================================

 

ကောင်းမွန်

 

ယခုအချိန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရင်ဆိုင်နေရသည်မှာ ခက်ခဲလှသည့်အချိန်ပင် ဖြစ်သည်။ သို့ရာတွင် မိမိတို့သည် ယခုထက်ဆိုးရွားသည့်အချိန်၊ ယခုထက်ဆိုးရွားသည့်ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရသည်။ အထိတ်တလန့် မဖြစ်ကြဘဲ ရဲစွမ်းသတ္တိရှိရှိ တည်တည်ငြိမ်ငြိမ်နေကြပြီး တစ်ဦးအပေါ်တစ်ဦး အားထားမှီခိုကြခြင်းဖြင့်သာ ယင်းအခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်သည်။

 

အမေရိကန်သမ္မတ ဘီကလင်တန်၏ ဒုတိယ သက်တမ်း ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ပထမ ဦးဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ မယ်ဒလင်းအောဘရိုက်က ယခုနှစ် ဧပြီလအတွင်း နယူးယောက်တိုင်းမ်သတင်းစာ၌ ရေးသားခဲ့သည့် “ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရချိန် တွင် (အရေးကြီးသည့်) ကြံ့ကြံ့ခံနိုင်စွမ်းအား” ဆောင်းပါး မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကာလတွင် အထိတ်တလန့်မဖြစ်ကြဘဲ ရဲစွမ်းသတ္တိရှိရှိ တည်တည် ငြိမ်ငြိမ်နေကြပြီး တစ်ဦးအပေါ်တစ်ဦး အားထားမှီခို ကြခြင်းဖြင့်သာ အခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

 

ယာယီမှီခိုရာ အဆောက်အအုံတစ်ခု

 

မယ်ဒလင်းအောဘရိုက်အနေဖြင့် ဦးဆုံးပြန်လည် အမှတ်ရမိသည်မှာ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀ ပြည့်နှစ်များအတွင်း လန်ဒန်မြို့ ကင်စတန်ပန်းခြံလမ်းရှိ မီးဖိုချောင်လေး တစ်ခုနှင့် အိပ်ခန်းငယ်လေးနှစ်ခု ပါရှိ သည့် တိုက်ခန်းတစ်ခုဖြစ်ပြီး ယင်းတိုက်ခန်းမှာ နာဇီတို့ သိမ်းပိုက်ထားသည့် ဥရောပတိုက် ဒေသအနှံ့မှ ဒုက္ခသည် များ ယာယီမှီခိုရာအဖြစ် အသုံးပြုခဲ့ကြသည့် အဆောက် အအုံတစ်ခုပင် ဖြစ်သည်။

 

၎င်းတို့၏ နေ့စဉ်အတွေ့အကြုံမှာ ရာရှင်စနစ်ဖြင့် ဝေငှသည့် အစားအစာများ၊ နေအိမ်ပြင်ပသို့ မထွက်ရ အမိန့်များ၊ နေအိမ်ပြင်ပသို့ အလင်းရောင်မထွက်စေရန် အသုံးပြုထားသည့် ခန်းဆီးထူထူများနှင့် အရာရာအားလုံး နီးပါး ပြတ်တောက်မှုဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။

 

လန်ဒန်မြို့ကို လေကြောင်းမှ တိုက်ခိုက်ချိန်များ အတွင်း မြို့ခံများအနေဖြင့် ရပ်ကွက်များအတွင်း စုဝေး ကြ၍ မျက်နှာကြက်နိမ့်သည့် မြေအောက်ခန်းများအတွင်း သီချင်းများ သီဆိုကြပြီး ဘီစကွတ်မုန့်များ၊ လက်ဖက် ရည်များ မျှဝေသုံးဆောင်ကြသည်။

 

တစ်ခုသော နေ့လယ်ခင်းတွင် အောဘရိုက်၏ ဖခင်ဖြစ်သူသည် လေကြောင်းရန်အချက်ပေးသံကို လျစ်လျူရှုကာ ရေဒီယိုအသံထုတ်လွှင့်မှုအတွက် ဇာတ်ညွှန်းကို အပြီးသတ်ရန် အပေါ်ထပ်၌ ဆက်လက် နေခဲ့သည်။ ပျံ့လွင့်လာသည့် ဗုံးများ၊ ဗုံးဆန်များက ယင်းအဆောက်အအုံကို များစွာတုန်ခါစေသဖြင့် ၎င်း၏ ဖခင်ဖြစ်သူမှာ စားပွဲခုံအောက်သို့ ဦးစွာဝင်ပုန်းခဲ့ပြီးနောက် ကျန်ရှိသူများ ပုန်းအောင်းနေရာ မြေအောက်ခန်းသို့ ပြေးဝင်လာခဲ့ရသည်။

 

အခြားဖြစ်ရပ်တစ်ခု၌ အိမ်နီးချင်း အိမ်ခန်းအမျိုး သမီးငယ်တစ်ဦးသည် ကံကြမ္မာကို အရဲကိုး၍ အနီးအနား ရှိ အရက်ဘားတစ်ခုသို့ ဂိမ်းဆော့ရင်း အဖျော်ယမကာ သုံးဆောင်ရန် တိမ်းရှောင်ခဲ့ရာ ယင်းညပိုင်းတွင် ၎င်းအရက်ဘားမှာ တိုက်ရိုက်ဗုံးမှန်ခဲ့သဖြင့် အဆိုပါ အမျိုးသမီးမှာ သေလုနီးပါးဖြစ်ခဲ့သည်။ သို့ရာတွင် သူမသည် အသက်မသေခဲ့ဘဲ အသက် (၁၀၃) နှစ်အထိ ရှင်သန်နေထိုင်သွားခဲ့ကြောင်း နောက်ပိုင်းတွင် ကြားသိ ခဲ့ရပါသည်။

 

လူသားများမှာ အမှန်တကယ်ပင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည့် မျိုးနွယ်တစ်ခုပင် ဖြစ်သည်။

 

အမှန်တကယ် ထူးဆန်းခဲ့သည်မှာ

 

မယ်ဒလင်းအောဘရိုက်အနေဖြင့် အေးဆေးပြီး သတ္တိရှိသည့် မိဘနှစ်ပါးကြောင့် (မစ်ကီမောက်စ် နားရွက် ဖြင့်) ဓာတ်ငွေ့ကာမျက်နှာဖုံးအား စွပ်ထားရခြင်းကို လည်းကောင်း၊ အန္တရာယ်ရှိသည့် မိုးကောင်းကင်အောက်၌ ကြိုးခုန်တမ်းကစားရသည်ကိုလည်းကောင်း အထူး အဆန်းဟု မထင်မှတ်ခဲ့ပေ။ ထိုအချိန်က အမှန်တကယ် ထူးဆန်းခဲ့သည်မှာ (ရှားပါးလှသည့်) ထောပတ်စစ်စစ်နှင့် လတ်ဆတ်သည့်အသီးအနှံတို့ပင် ဖြစ်ကြသည်။

ယင်းနောက်ပိုင်း ဆယ်စုနှစ်များစွာအတွင်း အောဘရိုက်အနေဖြင့် အမေရိကန်အစိုးရအဖွဲ့၌ ပါဝင်၍ တာဝန်ထမ်းရွက်ခဲ့ဖူးသလို ပြင်ပ၌လည်း အခြားသော တာဝန်များ ထမ်းဆောင်ခဲ့ဖူးရာ လွန်စွာထူးခြားလှသည့် အခြေအနေမျိုးစုံကို ဖြတ်ကျော်ရှင်သန်သူများက ၎င်း၏ ဘဝအတွေ့အကြုံကို ပိုမိုပြည့်ဝစေခဲ့သည်။

 

၎င်းအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ယူဂန္ဓာနိုင်ငံ၌ ဆုံတွေ့ခဲ့သည့် ခြောက်နှစ်သားကလေးငယ်တစ်ဦးမှာ သေဆုံးနေပြီဖြစ်သည့် မိခင်၏ခန္ဓာကိုယ်အောက်မှ ရုန်းထွက်ပြီးနောက် ညီမငယ်ဖြစ်သူကို ကျောပိုးကာ ကယ်ဆယ်ရေးစခန်းတစ်ခုသို့ရောက်အောင် မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့သူဖြစ်သည်။ အောဘရိုက်သည် ဆီရီယာ လီယွန်နိုင်ငံ၌ သေနတ်ကျည်ဆန်ကြောင့် လက်မောင်း တစ်ဖက်ကို ဆုံးရှုံးခဲ့ရသည့် သုံးနှစ်သမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာ ယင်းမိန်းကလေးမှာ နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုရှိ မိသားစုတစ်ခုမှ မွေးစားခံရပြီး ဝါရှင်တန်ဒီစီ၌ အောဘရိုက်နှင့် တစ်လမ်းတည်းနေထိုင်သူ အဖြစ် ရောက်ရှိလာခဲ့သည်။ ဘော့စနီးယားနိုင်ငံ၌လည်း ဆွယ်ဘရန်နီဆာကျေးရွာအနီး အသတ်ခံရသည့် အမျိုးသား များ၏ ကျန်ရစ်သူဇနီးများ၊ မိခင်များနှင့်ဆုံတွေ့၍ ၎င်းတို့၏ လက်များကို ဆုပ်ကိုင်အားပေးခဲ့ဖူးပါသည်။ ထိုင်းနိုင်ငံ၌ လည်း လိင်ပိုင်းဆိုင်ရာ လူမှောင်ခိုသမားများ၏ လက်တွင်းမှ လွတ်မြောက်လာခဲ့သည့် ဆယ်ကျော်သက်မိန်းကလေးများ နှင့်ဆုံတွေ့ခဲ့ရာ ၎င်းတို့အနေဖြင့် စိတ်ပိုင်းဒဏ်ရာများ ရရှိထားလင့်ကစား ဘဝကိုအကြောက်အရွံ့မရှိဘဲ နေထိုင် သွားရန် ရည်မှန်းထားကြကြောင်း တစ်ဦး၏ဆံပင်ကို တစ်ဦးက ကျစ်ပေးရင်း ပြောကြားခဲ့သည်နှင့် ကြုံခဲ့ဖူး ပါသည်။

 

ဂျော့တောင်းတက္ကသိုလ်

 

အောဘရိုက်သည် ဝါရှင်တန်ဒီစီရှိ ဂျော့တောင်း တက္ကသိုလ်၌ သင်ကြားပြသစဉ်ကလည်း အတူစာသင်ကြား သည့်ပါမောက္ခတစ်ဦးဖြစ်သူ ဂျန်ကာစကီမှာ ဒုတိယကမ္ဘာ စစ်အတွင်း ဟစ်တလာ၏အမိန့်ဖြင့် ဂျူးလူမျိုးများအား ဓာတ်ငွေ့ခန်းများသို့ ပို့ဆောင်မှုကို မျက်မြင်ကြုံတွေ့ခဲ့ရ ပြီးနောက် စစ်မက်ကာလအတွင်း ပိုလန်နိုင်ငံမှ ဦးစွာဗြိတိန် သို့ ယင်းနောက် အမေရိကန်ပြည်ထောင်စုသို့ တိမ်းရှောင် လာခဲ့သူ ဖြစ်သည်။

 

အောဘရိုက်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ၎င်း၏ဇာတိ ဖြစ်သည့် ချက်သမ္မတနိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူ ဗက်ခ်လက်ဟာဗယ်နှင့်လည်းကောင်း၊ တောင်အာဖရိက နိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူ နယ်ဆင်မန်ဒဲလားနှင့် လည်းကောင်း နီးကပ်စွာ လက်တွဲလုပ်ကိုင်ခဲ့ပါသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဒေသအနှံ့အပြား၌ တာဝန်ထမ်းဆောင် နေကြသည့် အမေရိကန်တပ်ဖွဲ့ဝင်များ၊ လေကြောင်း ပိုင်းလော့များ၊ သံတမန်များ၊ ကူညီထောက်ပံ့မှုဝန်ထမ်းများ၊ သင်ကြားရေး၊ တည်ဆောက်ရေးကဏ္ဍတို့၌ အပျော်တမ်း ကျွမ်းကျင်သူများအဖြစ် တာဝန်ထမ်းရွက်နေသူများနှင့် လည်း တွေ့ဆုံခဲ့ဖူးရာ ၎င်းတို့တာဝန်ထမ်းဆောင်ရာ ဒေသ များမှာ ခက်ခဲကြမ်းတမ်းမှုများ၊ အသစ်တစ်ဖန် ဖြစ်ပေါ် လာတတ်သည့် ပဋိပက္ခများနှင့် နေ့စဉ်နီးပါးလိုလို ကြုံတွေ့ နေရသည့်နေရာများပင် ဖြစ်ကြပါသည်။

 

ဘီကလင်တန်သည် သမ္မတအဖြစ် တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း “သာမန်” ဘဝတစ်ခု၏ သိမ်မွေ့သည့် ထူးခြားဆန်းကြယ်မှုတို့နှင့် ပတ်သက်၍ မကြာခဏပြောကြားလေ့ရှိသည်။ သို့ရာတွင် လူတို့သည် ယင်း “သာမန်” ဆိုသည်ကို ‘ဖြစ်ရိုးဖြစ်စဉ်’ မျိုး မဟုတ်သကဲ့ သို့ ‘မလွဲမရှောင်နိုင်သည့်’ အရာမျိုး မဟုတ်ကြောင်း စဉ်းစား မိလေ့ ရှိတတ်သည်။ လူသားတို့အနေဖြင့် အကောင်းဆုံး ကြိုးပမ်း၍ တည်ဆောက်တတ်ကြပြီး ရေရှည်တည်တံ့စေရန် အားထုတ်တတ်ကြသည့်အလျောက် ယေဘုယျအားဖြင့် တင်းတိမ်ကျေနပ်ပြီး နေတတ်သည့် လူမှုအဖွဲ့အစည်းတစ်ခု ဆိုသည်မှာ ရှားပါးလှသည့်ကိစ္စရပ်ပင် ဖြစ်သည်။

 

လူ့ယဉ်ကျေးမှုစနစ်များ

 

လူသားတို့သည် ချို့ယွင်းချက်များ၊ အားနည်းချက်များ ရှိလင့်ကစား ကြီးကျယ်လှသည့် လူ့ယဉ်ကျေးမှုစနစ်များကို တည်ဆောက်ခဲ့ကြသည်။ ဝမ်းနည်းဖွယ် ကပ်ဆိုးကာလ မျိုးမှတစ်ပါး အတူယှဉ်တွဲ နေထိုင်ကြရန်၊ အေးချမ်းစွာ နေထိုင်တတ်ရန် လေ့လာသင်ယူခဲ့ကြသည်။ သို့ရာတွင် ယင်းကဲ့သို့ အားထုတ်ကြိုးပမ်းရရှိလာသည့် အောင်မြင်မှု များမှာ အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ရရှိလာခြင်း မဟုတ်ပေ။ လူသားဆန်ဆန် နေထိုင်တတ်ဖို့ရာ အကြိမ်ကြိမ် အဖန်ဖန်စစ်ဆေးမှုများကို ဖြတ်သန်းခဲ့ကြရသည်။ ရံဖန်ရံခါ တစ်ပါးသူများထံမှ အကူအညီများ ရယူခဲ့ကြရသည်။

 

မိမိတို့သည် ‘သာမန်’နှင့်ပတ်သက်၍ အမျိုးမျိုး ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူတတ်ကြသည်။ အိုးမဲ့အိမ်မဲ့ တစ်ဦးနှင့် ဘီလီယံချီ ချမ်းသာကြွယ်ဝသူတစ်ဦးတို့၏ လုပ်ရိုးလုပ်စဉ်မှာ ကွာခြားသည်။ ဒုက္ခသည်တစ်ဦး အနေဖြင့် အောင်မြင်သည့်ရှေ့နေတစ်ဦးကဲ့သို့ အရာရာ ကို ပုံမှန်အတိုင်း လုပ်ဆောင်သွားရန် များစွာစိတ်အား ထက်သန်မည် မဟုတ်ပေ။ အသက် ၈၃ နှစ် ပြည့်တော့မည့် ဘိုးဘွားတစ်ဦးက လောကကြီးအပေါ် ရှုမြင်သကဲ့သို့ ငါးနှစ်သားတစ်ဦးက ရှုမြင်လိမ့်မည် မဟုတ်ပေ။

 

မိမိတို့သည် အတိတ်ကို တသသလွမ်းသူများဖြစ်ဖြစ် သို့မဟုတ် အသစ်အဆန်းကို ရှာဖွေလိုသူဖြစ်ဖြစ်၊ အခြေအမြစ်မှ ပြုပြင်ပြောင်းလဲလိုသူများဖြစ်ဖြစ် (သို့တည်းမဟုတ်) ရှေးဟောင်းအမွေအနှစ်များနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လိုသူများ ဖြစ်ဖြစ် သာမန်မဟုတ်သည့်အခြေအနေအချိန်အခါမျိုးတွင် မိမိတို့ကိုယ်ကိုနှင့် အခြားသူများအကြောင်းကို ပိုမိုလေ့လာသိရှိတတ်ကြသည်။ မိမိတို့၏ခံစားချက်များ အပေါ် သာမန်အားဖြင့် ထိန်းပေးသည့် ရှော့ဘားကဲ့သို့ အရာများမှာ ယင်းအချိန်မျိုးတွင် ကောင်းစွာအလုပ် မလုပ်ကြတော့ပေ။ မိမိတို့၏အစီအစဉ်များ ပျက်ပြား သွားတတ်ပြီး မိမိတို့၏ဦးစားပေးကိစ္စရပ်များ ပြောင်းလဲ သွားတတ်သည်။ မိမိတို့ ကြုံလှီသေးငယ်သွားကြသည်။ မိမိတို့ ဖွံ့ဖြိုးကြီးထွားလာကြသည်။ သေဆုံးကောင်း သေဆုံးကုန်ကြမည်။ တစ်သမတ်တည်း ရှိနေကြမည် မဟုတ်ပေ။ ယင်းမှာ လူသားများနှင့်သာမက တိုင်းပြည် များနှင့်လည်း မှန်ကန်သည့်အချက်ပင် ဖြစ်သည်။

 

စိတ်ပညာကို ကောင်းစွာနားလည်

 

အောဘရိုက်က ၎င်းအနေဖြင့် စိတ်ပညာကို ကောင်းစွာနားလည်ကြောင်း မဆိုလိုသော်လည်း လူသားတို့သည် အပြစ်အနာရှာလိုသူများ ရည်ညွှန်း လိုသည်ထက် ပိုမိုသန်စွမ်းပြီး ကျင့်ဝတ်သိက္ခာပိုင်းနှင့် ပတ်သက်၍ ပိုမိုရဲစွမ်းသတ္တိရှိကြကြောင်း မှတ်ယူထား သည်။ ရှေးဟောင်းဒဏ္ဍာရီအရ ဆိုးကျိုးတရားများ ထည့်ထားသည့်သေတ္တာကို ပန်ဒိုရာက ဖွင့်လိုက်ပြီးနောက် လူသားများကို ကတိပြုခဲ့သည့် နတ်ဘုရားတို့၏ လက်ဆောင်မှာ “မျှော်လင့်ချက်” ပင် ဖြစ်သည်။

 

အောဘရိုက်ကို ဘဝနှင့် ကမ္ဘာ့ရေးရာများအပေါ် ထားရှိသည့် ၎င်း၏အမြင်နှင့်ပတ်သက်၍ မေးမြန်းလာ တိုင်း ၎င်းကအပြုသဘော ရှုမြင်တတ်သူတစ်ဦး ဖြစ်ကြောင်း ဖြေကြားလေ့ရှိတတ်သည်။ အမှန်စင်စစ် ၎င်းအနေဖြင့် များစွာစိုးရိမ်ပူပန်တတ်သည်။ လက်ရှိ အချိန်မှာ အကောင်းဆုံး မဟုတ်သည့်တိုင် ပိုမိုဆိုးရွား သည့်အရာများစွာကို မြင်တွေ့ခဲ့ကြသည်။ ယင်းကဲ့သို့ ပုံမှန်မဟုတ်သည့် ကာလမျိုးနှင့် ကြုံတွေ့လာရသည့် အခါ မိမိတို့ကိုယ်ကို ပိုမိုကြိုးပမ်းအားထုတ်မှုရှိစေရေး၊ မိမိတို့ တစ်ဦးနှင့်တစ်ဦးအကြား ဆက်ဆံရေးအပေါ် ပြန်လည်ဆန်းစစ်ရေး၊ မိမိတို့၏နေ့စဉ်ဘဝကို ပုံဖော်ပေး နေသည့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအဆောက်အအုံ တို့ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အလေး အနက် စဉ်းစားကြစေရန် အခွင့်အခါကောင်းတစ်ရပ် အဖြစ် ရှုမြင်သင့်သည်။

 

လူတို့သည် အတိတ်ကာလတွင် ကြီးမားလှသည့် အခက်အခဲများကို ကျော်လွှားအောင်မြင်ခဲ့သူများထံမှ စေ့ဆော်မှုများဖြင့် မိမိတို့ရည်မှန်းထားသည့် သာမန် အခြေအနေသစ်ကို အခြေအနေဟောင်းထက် ပိုမို ကောင်းမွန်ပြီး တရားမျှတ၍ ပိုမိုလုံခြုံစိတ်ချမှုရှိစေရေးအတွက် အလေးအနက်ဆောင်ရွက်ကြရန် လိုမည် ဖြစ်သည်။ ။

 

Ref:

Madeleine Albright. “Resilience in the face of Disaster” The New York Time: 14 April 2020