ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အရည်အသွေးပြည့်မီပြီး လုံခြုံစိတ်ချရသည့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ပြည်သူလူထုထံသို့ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ရောက်ရှိသုံးစွဲနိုင်ရေးဆောင်ရွက်

နေပြည်တော်   မတ်   ၂၃


ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး     ဦးစီးဌာနခွဲ(ရန်ကုန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


 ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ(ရန်ကုန်) ဆောက်လုပ်ရခြင်း၏ ရည်ရွယ် ချက်၊ ဖွင့်လှစ်ပြီးစီးပါက ဆောင်ရွက်နိုင်မည့် အစား အသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း/အလှကုန်စစ်ဆေး ခြင်းလုပ်ငန်းများ၊ ယခုလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံအား သတ် မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လုပ်ငန်းအပြီး သတ်ဆောင်ရွက်နိုင်ရေး၊  အချိန်တိုအတွင်း ဖွင့်လှစ် နိုင်အောင် တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန်၊ တန်ဖိုးကြီးမားသည့် စက်ပစ္စည်း များကို မပျက်စီးအောင် ထိန်းသိမ်းရန်နှင့် ဆောက် လုပ်ရေးလုပ်ငန်းများကိုလည်း အရည်အသွေး၊ စံချိန် စံညွှန်းပြည့်မီစေရေး အဆင့်ဆင့်ကြီးကြပ်သွားရမည် ဖြစ်ကြောင်း၊  ဓာတ်ခွဲစစ်ဆေးမှုအပိုင်းတွင်လည်း နိုင်ငံတကာအဆင့်မီ စစ်ဆေးနိုင်အောင် စီမံဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အရည်အသွေးပြည့်မီပြီး လုံခြုံစိတ်ချ ရသည့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများ  ပြည်သူလူထုထံသို့ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ  ရောက်ရှိသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကို အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်အောင် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်သွားရန် လိုအပ် ကြောင်း၊   ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ   နေရေးထိုင်ရေးအဆင်ပြေမှုရှိစေရန် စီမံဆောင်ရွက်သွားရန် မှာကြားသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အစားအသောက်နှင့်ဆေးဝါးများ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာ များဆောက်လုပ်ပြီးစီးမှုတို့ကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။ 


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (ရန်ကုန်)တွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း ပါဝင်သောရုံးအဆောက်အအုံတစ်လုံး၊  Training Center တစ်လုံး၊ အရာထမ်းအိမ်ရာ နှစ်လုံး၊ အမှုထမ်း အိမ်ရာတစ်လုံး၊ လူပျိုဆောင်နှင့် အပျိုဆောင်တို့ပါဝင် ကာ  မကြာမီအချိန်အတွင်း  ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ဖွင့်လှစ်ပြီးစီးပါက သောက်ရေ သန့်များတွင် ဘေးအန္တရာယ်ဖြစ်စေသော ဓာတု ပစ္စည်းများ၊ အဏုဇီဝပိုးမွှားများပါဝင်မှုရှိ၊ မရှိကိုလည်း  ကောင်း၊ စားသုံးဆီများတွင် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေသော အသွင်ပြောင်းအဆီ(Trans fat) ပါဝင်မှုနှုန်း၊ ငရုတ်သီးမှုန့်၊ မြေပဲ၊ ပဲအမျိုးမျိုး၊နှမ်း၊ မြေပဲဆီနှင့် ပြောင်းနှင့်လုပ်သော မုန့်များတွင် မှို(Afla toxin) ပါဝင်မှုကိုလည်းကောင်း၊ အစားအသောက် များတွင်လူကို ဘေးဥပဒ်ဖြစ်စေတတ်သော ဓာတ် သတ္တုများ ပါဝင်မှုကိုလည်းကောင်း၊ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များအား နိုင်ငံ တကာအဆင့်မီ စစ်ဆေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်